အစိုးရ ဆေးရုံများတွင် တက်ရောက်ကုသနေသည့် လူနာအများစုသည် သွေးသွင်းရန် လိုအပ်ပါက သွေးအိတ်ဝယ်ယူနိုင်ရန် ငွေကြေးအခက်အခဲ များစွာ ရှိနေကြောင်း မြတ်မေတ္တာသွေးအဖွဲ့မှ ကိုရဲထွန်းစိုးက ဧရာဝတီသို့ ပြောသည်။
“သွေးလိုအပ်လို့ အကူအညီ တောင်းတဲ့သူ အများစုက သွေးဝယ်ဖို့မပြောနဲ့၊ သွေးအိတ်ဖိုးတောင် ပေးစရာ မရှိတာတွေ အများကြီးပဲ။ သွေးလွန်တုပ်ကွေး ဖြစ်တဲ့ ကလေးတွေက သွေးလိုအပ်တာ ပိုများတယ်” ဟု သူက ဆိုသည်။
သွေးအလှူရှင် ရှိလျှင်ပင် သွေးစစ်ခနှင့် သွေးအိတ်ခွံအတွက် ကျပ် ၇၅၀၀ ပေးရသည့်အတွက် ယင်းငွေကြေးကိုပင် ဆေးရုံသို့ ပေးသွင်းရန် ခက်ခဲနေကြောင်း၊ ကုမ္ပဏီများ၊ ပရဟိတ အဖွဲ့အစည်းများက အစုအဖွဲ့လိုက် အမျိုးသား သွေးလှူဘဏ်သို့ တိုက်ရိုက် သွေးလှူဒါန်းကြသော်လည်း လူနာများအတွက် လှူဒါန်းသည့် နေ့တွင်သာ အခမဲ့ သွေးအိတ်ရရှိကြောင်း၊ ၎င်း သွေးလှူ အဖွဲ့၏ အတွေ့အကြုံအရ လူနာအတွက် လိုအပ်သည့် သွေးကို ဆေးရုံမှ ခေတ္တယူသုံးသည်ဟု ဆိုကာ အစားပြန် ပေးရန် သွေးအလှူခံသူများလည်း ရှိနေကြောင်း သိရသည်။
“ဆေးရုံတွေမှာ သွေးလိုအပ်တဲ့သူတွေအတွက် သွေးကိစ္စကို ဆေးရုံကပဲ တိုက်ရိုက်ကိုင်တွယ်တယ်၊ သွေးလှူဘဏ်နဲ့ မဆိုင်ဘူး” ဟု အမျိုးသားသွေးလှူဘဏ်မှ တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။
သွေးအများဆုံးလိုအပ်သည့် ဆေးရုံများမှာ ကလေးဆေးရုံနှင့် အမျိုးသမီး ဆေးရုံတို့ ဖြစ်ပြီး ကလေးဆေးရုံရှေ့တွင် သွေးပွဲစား များလည်း ရှိနေကြောင်းသိရသည်။
ကလေးဆေးရုံကြီး ရှေ့တွင် အဆင်သင့် စောင့်ဆိုင်းနေသည့် သွေးပွဲစားတဦးက “အရင်တုန်းကတော့ အလုပ်အရမ်းဖြစ်တယ်၊ တနေ့ကို ဝင်ငွေ ကျပ် ၁ သောင်း၊ ၁ သောင်းခွဲ လောက်အထိ ရကြတယ်။ အခုနောက်ပိုင်းတော့ သွေးလှူ အသင်းတွေလည်း များလာတော့ တနေ့မှ ၅၀၀၀ နဲ့ ၇၀၀၀ ကျပ် ဝန်းကျင်လောက်ပဲ ရတော့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အခမဲ့သွေးလှူဒါန်းမှု ပြုလုပ်သည့် အဖွဲ့အစည်းများကိုပင် ဆေးရုံတချို့က မချေမငံ ဆက်ဆံမှု ရှိနေသည့်အတွက် သွေးလှူသူ အများစုမှာ ကလေးဆေးရုံနှင့်သာ ဆက်သွယ် လှူဒါန်းကြကြောင်း သိရသည်။
“အမျိုးသမီး ဆေးရုံဆိုရင် ဆက်ဆံရေး အရမ်းဆိုးတယ်ဗျ။ ကျနော်တို့ ကုသိုလ်ကနေ အကုသိုလ်မဖြစ်ချင် ဘူးလေ၊ ကလေးဆေးရုံကတော့ နွေးနွေးထွေးထွေးရှိတော့ အဲဒီမှာပဲ လှူဖြစ်တော့တယ်” ဟု ကိုရဲထွန်းက ဆိုသည်။
ရန်ကုန် ကလေးဆေးရုံကြီးမှ သွေးလွန်တုပ်ကွေး ဝေဒနာရှင်တဦး၏ မိခင်ဖြစ်သူ ဒေါ်စောကြည်က သူ၏ ကလေးမှာ အခြေအနေ စိုးရိမ်ရသည့် ရောဂါအဆင့် ၃ ဖြစ်သည့်အတွက် သွေးသွင်းရသည့် ပမာဏများပြားနေကြောင်း၊ ငွေကြေး မတတ်နိုင်သဖြင့် သွွေးအလှူရှင် နေ့စဉ် ရှာနေရကြောင်း၊ သွေးအလှူရှင် မရပါက ဆေးရုံမှ ဝယ်ယူ သုံးနေရသဖြင့် ငွေကြေး ကုန်ကျမှု အလွန်များနေကြောင်း ပြောပြသည်။
“ဆေးရုံကသာ သွေးအိတ် အလကား ပေးမယ်ဆိုရင် တော်တော် အဆင်ပြေကြမှာပါ။ ကိုယ့်ကလေးက ရောဂါ ခံစားနေရတာ မကြည့်ရက်တော့ ငွေကြေးမရှိပေမယ့်လည်း ရသလို ချေးငှားပြီး ကုနေရတာပေါ့။ သွေးအလှူရှင်တွေဆီက သွေးမရတဲ့ နေ့မျိုး တွေဆို တော်တော်ဒုက္ခရောက်တယ်” ဟု ဒေါ်စောကြည်က ဆိုသည်။
ဆေးရုံများ၏ ပြင်ပတွင် သွေးဝယ်ရောင်း ပြုလုပ်နေသည့် ပွဲစား တချို့ထံမှ အရေးပေါ် သွေးလိုသူများ၊ သွေးအလှှူရှင် ရှာမရ သူများက သွားရောက် ဝယ်ယူတတ်ကြောင်း၊ တခါတရံတွင် သွေးလှူ အသင်းနှင့့် မှားယွင်းကာ မေးမြန်းခြင်းလည်း ရှိကြောင်း သွေးပွဲစားများထံမှ သိရသည်။
“အရေးပေါ်သွေးလိုတော့ ဆေးရုံမှာက သွေးမရှိဘူး၊ အပြင်ကနေ သွေးဝယ်တော့ သွေးပေးမယ်၊ ငွေဘယ်လောက်ပေး မလဲ ဆိုတာမျိုးတွေ ကြုံရတယ်၊ ကျနော်က အပြင်ကသွေးတော့ မသွင်းဘူး၊ စိတ်မချရဘူးလို့ ထင်လို့ပါ” ဟု အစာအိမ် သွေးကြော ပေါက်သဖြင့် အရေးပေါ် ခွဲစိတ်ခဲ့ရသူ ကိုညီညီထွန်းက သူ၏ အတွေ့အကြုံကို ပြောပြသည်။
ယခုလက်ရှိကာလတွင် မိုးရာသီထက် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု များပြားနေသောကြောင့် သွေးလိုအပ်မှုလည်း မြင့်တက်နေကြောင်း ရန်ကင်းကလေးဆေးရုံကြီးမှ ဆရာဝန်တဦးက ပြောဆိုသည်။
သွေးလိုအပ်ပါက သွေးတအိတ်လျှင် ကျပ် ၁ သောင်းခွဲခန့် ပေးရကြောင်း၊ သွေးလှူရှင်များထံမှ သွေးရရှိပါက သွေးတအိတ် အတွက် ဆေးစစ်ခနှင့် သွေးထည့်မည့်အိတ်ဖိုး ၇၅၀၀ ကျပ်ကို လူနာရှင်က ဆေးရုံသို့ ပေးသွင်းရပြီး သွေးကိုမူ အခမဲ့ ရရှိနိုင် ကြောင်း၊ သွေးပွဲစားများထံမှ သွေးဝယ်ယူရပါက သွေးတအိတ်လျှင် ကျပ် ၁ သောင်းမှ ၁၂၀၀၀ ကျပ်အကြား ပေးရကြောင်း သိရသည်။