ကာကွယ်ရေးဝန်ကြီးဌာနက လာမည့်ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်းအသုံးစရိတ်အဖြစ် ငွေကျပ်ဘီလီယံ တထောင်ကျော် တောင်းခံထားသည့်အနက်မှ စစ်လက်နက်၊ လေယာဉ်၊ သင်္ဘောများနှင့် တပ်မတော် စစ်ဘက်ဆိုင်ရာ စက်ရုံများ၏ စက်ကိရိယာများအတွက် ကျပ်ဘီလီယံ ၆၀၀ နီးပါး အသုံးပြုမည်ဖြစ်ကြောင်း ဧရာဝတီက ရရှိထားသော ကာကွယ်ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်း အသုံးစရိတ် စာရင်းဇယားအရ သိရှိရသည်။
ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် ငွေကျပ် ၁၀၆၇ ဒသမ ၃၇ ဘီလီယံ အသုံးပြုမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း စီမံကိန်းများအတွက် ငွေကျပ် ၄၉၂ ဒသမ ၉၈ ဘီလီယံ အသုံးပြုမည်ဖြစ်ကာ လက်နက်၊ လေယာဉ်၊ သင်္ဘောများအပါအဝင် စက်ကိရိယာပစ္စည်းများဝယ်ယူရန်အတွက် ငွေကျပ် ၅၇၄ ဒသမ ၃၉ ဘီလီယံအသုံးပြုမည်ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ဆောက်လုပ်ရေး လုပ်ငန်းစီမံကိန်းများတွင် တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ရင်း တပ်ဖွဲ့များအတွက် အုပ်ချုပ်မှု၊ လူနေထိုင်မှု၊ နည်းပညာဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ရန်၊ တပ်တွင်းလမ်းများ ဖောက်လုပ်ရန်၊ ရေတပ်၏ မပြီးပြတ်သေးသော စီမံကိန်းများ ဆက်လက်ဆောင်ရွက်ရန်၊ တပ်မတော်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ စစ်တက္ကသိုလ်နှင့်ကျောင်းကြီးများ၏ လုပ်ငန်းများဆောင်ရွက်ရန်၊ စစ်ထောက်ချုပ်ရုံး၏ စစ်ဆင်ရေးလမ်း၊ တံတား ပြုပြင် ထိန်းသိမ်းခြင်းနှင့် ဖောက်လုပ်ခြင်းဆောင်ရွက်ရန်၊ စစ်ထောက်ချုပ်ရုံး၏ မြေသိမ်းဆည်းရေးအတွက် မြေလျော်ကြေးများပေးရန်၊ တပ်မတော်စက်ရုံများနှင့် ကာကွယ်ရေးပစ္စည်းစက်ရုံများအတွက် ဆောက်လုပ်ရေး ဆိုင်ရာ စီမံကိန်းများ ဆောင်ရွက်ရန် အပါအဝင် ဆောက်လုပ်ရေး စီမံကိန်းများ ဆောင်ရွက်ရန်ဖြစ်သည်။
စက်ကိရိယာပစ္စည်းများကဏ္ဍတွင် စစ်လက်နက်များအတွက် ငွေကျပ် ၉၆၂ ဒသမ ၉၃၅ သန်း၊ ယာဉ်နှင့်ပစ္စည်းများအတွက် ငွေကျပ် ၂၆ ဒသမ ၂၆ ဘီလီယံ၊ သင်္ဘောများအတွက် ငွေကျပ် ၈၀ ဒသမ ၃ ဘီလီယံ၊ လေယာဉ်များအတွက် ငွေကျပ် ၁၇၂ ဒသမ ၇၉ ဘီလီယံ ၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံအတွက် ငွေကျပ် ၉၆ ဒသမ ၈၈ ဘီလီယံနှင့် အခြားစစ်ဘက်ဆိုင်ရာ မတည်ပစ္စည်းများအတွက် ငွေကျပ် ၁၆၈ ဒသမ ၀၃ ဘီလီယံ အပါအဝင် စုစုပေါင်း ၅၇၄ ဒသမ ၃၉ ဘီလီယံ အသုံးပြုမည်ဖြစ်သည်။
အဆိုပါ ငွေလုံးငွေရင်း အသုံးစရိတ်များတွင် လက်နက်များ၊ လေယာဉ်နှင့်သင်္ဘောများ ဝယ်ယူရန်(သို့မဟုတ်) ဝယ်ယူပြီး စက်လက်နက်ပစ္စည်းများကို ထိန်းသိမ်းရန် ဆိုသည်ကို တိကျစွာ ဖော်ပြထားခြင်းမရှိဘဲ လွှတ်တော်ကိုယ်စားလှယ်အချို့က ဝယ်ယူရန် ဖြစ်သည်ဟု ထင်ကြေးပေး ပြောဆိုကြသည်။
သို့သော် အဆိုပါအသုံးစရိတ်များမှာ ကာကွယ်ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်း အသုံးစရိတ်များသာဖြစ်ပြီး တပ်မတော်အရာရှိများနှင့် စစ်သည်များအတွက် လစာ၊ ချီးမြှင့်ငွေနှင့် သာမန်အသုံးစရိတ်များမပါဝင်သေးဟု သိရှိရသည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ လာမည့်ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် တောင်းခံမှုကို ဖြတ်တောက်ခြင်းမပြုရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက အရပ်သား လွှတ်တော်ကိုယ်စားလှယ်များကို မေတ္တာရပ်ခံ ထားကြောင်းလည်း သိရှိရသည်။
“တပ်က လူတွေက ပြောတာက တပ်အသုံးစရိတ်ဆိုတာ အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် နည်းပါတယ်။ မဖြတ်ပါနဲ့။ ဒီလောက်မှ မသုံးရင် နိုင်ငံနဲ့လူမျိုးလုံခြုံရေးအတွက် စိုးရိမ်ရမယ်ဆိုတာမျိုးတွေ ပြောတယ်။ ကာကွယ်ရေးဌာနက အသုံးစရိတ်နဲ့ပတ်သက်လို့တော့ လွှတ်တော်ကိုယ်စားလှယ်တွေက သိပ်ပြီးတော့ မဆွေးနွေးကြဘူး။ ဒီအသုံးစရိတ်က အိမ်နီးချင်းနိုင်ငံတွေရဲ့ ကာကွယ်ရေးအသုံးစရိတ်နဲ့ ယှဉ်ရင် အတော်နည်းတယ်ပေါ့။ တပ်က ကိုယ်စားလှယ်တွေပြောနေတာတွေကလည်း မှန်နေတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးကလည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကာကွယ်ရေးဌာန၏ အသုံးစရိတ်များကို လျော့ချခြင်းမပြုရန် ပြောဆိုသော်လည်း တရားဝင် မေတ္တာရပ်ခံခြင်းမျိုး မဟုတ်ကြောင်း၊ သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ်အများစုက ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ်ကို လျော့ချရေးကို တင်ပြဆွေးနွေးမှုမျိုး မရှိကြောင်း ပြောသည်။
ကာကွယ်ရေးဝန်ကြီးဌာနသည် အသုံးစရိတ်အဖြစ် နိုင်ငံတော်ဘတ်ဂျက်၏ ၂၁ ရာခိုင်နှုန်းနီးပါးရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။