မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ်ရှိ နှစ်ကျပ်ခွဲကျေးရွာ မီးလင်းရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် တနင်္ဂနွေနေ့ည ၁၁ နာရီခန့်က ရွာလူထုနှင့် ဒေသခံရဲများအကြား ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် အပါအဝင် လျှပ်စစ်ဝန်ထမ်းက ဆရာတော် ဦးကောသလ္လ ဦးဆောင်သည့် ရွာသားများ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် သွယ်တန်းထားသည့် မီးကြိုးကို ဖြုတ်ပစ်ရာမှ အငြင်းပွားမှု စတင်ဖြစ်ပွားခြင်းဖြစ်ပြီး အသင့်ရောက်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် ရိုက်နှက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဒေသခံတဦးက “သွယ်ထားတဲ့ မီးကြိုးကို ဖြတ်ပစ်တယ်။ ဆရာတော်ကိုလည်း ကားနဲ့ဝင်တိုက်ဖို့ လုပ်တယ်။ ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူး သားနဲ့ အုပ်စုက ဆဲဆိုပြီး ခဲနဲ့ပေါက်တာက ပြဿနာစဖြစ်တာ” ဟု ပြောသည်။
ထိုနောက် အသင့်ရောက်ရှိနေသည့် ရဲတပ်ဖွဲ့ဝင် ၁၅၀ ခန့်က ဦးကောသလ္လကို ဖမ်းဆီးပြီး ရွာသားများကိုလည်း နံပါတ်တုတ်များဖြင့် ရိုက်နှက်သည့်အတွက် အမျိုးသမီးတဦးနှင့် အမျိုးသား ၃ ဦးကို ကျောက်ပန်းတောင်းနှင် မကွေးဆေးရုံသို့ ပို့ဆောင်ထားရသည့် အပြင် ကျေးရွာရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးလည်း ပျက်စီးသွားကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် NLD အဖွဲ့ဝင် ကိုအေးခိုင်က “ရုန်းရင်းဆန်ခတ် ဖြစ်တဲ့နေရာနဲ့ ရုံးကကပ်လျက်။ လူတွေက ရဲတွေ လိုက်ရိုက်တော့ ရုံးထဲ ဝင်ပြေးလာတာကို ရဲတွေ ဝင်းထရံတွေဖျက်၊ ဆိုင်းဘုတ်တွေ၊ အလံတိုင်တွေ ရိုက်ချိုးပြီး ဆဲဆိုပြီး ရိုက်တာ” ဟု ဆိုသည်။
ယခုအခါ NLD ရုံး တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး တရားဥပဒေအရ လုပ်ဆောင်နိုင်ရန် ရန်ကုန် NLD ရုံးချုပ်သို့ တိုင်ကြား ထားကြောင်း ကိုအေးခိုင်က ဆက်ပြောသည်။
အဆိုပါ ပဋိပက္ခနှင့် ပတ်သက်ပြီး မည်သည့် အာဏာပိုင်များမှ ကျေးရွာသို့ လာရောက် ရှင်းလင်းပေးခြင်း မရှိကြောင်း၊ ဒေသခံများလည်း ကြောက်ရွံနေကြောင်း သိရသည်။
ဤဖြစ်ရပ်နှင့် ပတ်သက်ပြီး ကျောက်ပန်းတောင်း ရဲစခန်းနှင့် မြို့နယ်မှူး အပါအဝင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိပေ။
ဆရာတော် ဦးကောသလ္လသည် အိမ်ခြေ ၁ ထောင်ခန့်ရှိ နှစ်ကျပ်ခွဲကျေးရွာ မီးလင်းရေးကို လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက ငွေကြေး ကောက်ခံကာ ထရန်ဖော်မာ တလုံးဝယ်ယူပြီး အိမ်ခြေ ၁၄၅ အိမ် မီးပေးရေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယခုအခါ ဆရာတော် ဦးကောသလ္လကို လူဝတ်လဲကာ မြင်းခြံထောင်တွင် ချုပ်နှောင်ထားကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။