မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာ ဒေသများ၌ ဒုတိယ ကမ္ဘာစစ်အတွင်းက ကျဆုံးခဲ့ကြသော ဂျပန်စစ်သည်များ၏ ရုပ်အလောင်းမြှုပ်နှံရာ နေရာများကို ဂျပန် ပုဂ္ဂလိက အဖွဲ့အစည်းတခုက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်း၍ မတ်လဆန်းမှ စတင် ရှာဖွေတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းသို့ ရှာဖွေမည့် ထိုင်း-ဂျပန် ပညာရေးတိုးတက်ရေး ဖောင်ဒေးရှင်း (Thai-Japan Education Development Foundation – TJEDF) နှင့် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ ယခုနှစ် ဇန်နဝါရီလက သဘောတူ စာချွန်လွှာ လက်မှတ်ရေးထိုးထားပြီ ဖြစ်ကြောင်းလည်း နှစ်ဖက် တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။
“သူတို့ (UNFC) အဖွဲ့ဝင် တိုင်းရင်းသားအဖွဲ့တွေ ထိန်းချုပ်တဲ့နေရာတွေမှာ အချက်အလက် ကောက်ယူတာတွေ လုပ်ဆောင်ဖို့၊ အချက်အလက် ကောက်တဲ့အဖွဲ့ဟာ ရွာတွေကို သွားပြီး အဲဒီဒေသတွေမှာ ဂျပန် စစ်သားတွေရဲ့ ရုပ်ကြွင်းတွေ ရှိဖူးလားဆိုတာ မေးမြန်းပြီး မှတ်တမ်းတင်မှာ ဖြစ်တယ်” ဟု TJEDF အဖွဲ့၏ ဦးဆောင်ညွှန်ကြားရေးမှူး မစ္စတာ တိုမိုဟရု အဲဘိဟရ (Mr.Tomoharu Ebihara) က ဧရာဝတီသို့ ပြောသည်။
ဂျပန်အစိုးရ အနေဖြင့် ရုပ်ကြွင်းရှာဖွေ တူးဖော်မှုများကို မြန်မာအစိုးရ ထိန်းချုပ် နယ်မြေများထဲတွင် ၃-၄ ကြိမ် ပြုလုပ်ခဲ့ဖူးကြောင်း၊ ထိုစဉ်က တိုင်းရင်းသား နယ်မြေများထဲတွင် ပြည်တွင်းစစ် ဖြစ်ပွားနေသဖြင့် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိကြောင်း၊ ယခုအခါတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား အပစ်ခတ်ရပ်စဲရေးများ ပြုလုပ်လာပြီးနောက် UNFC ကို အကူအညီ တောင်းခဲ့ခြင်းဖြစ်ကြောင်း သူက ဆက်ရှင်းပြသည်။
ဂျပန်အစိုးရ၏ ထုတ်ပြန်ချက်အရ ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာ့မြေပေါ်တွင် သေဆုံးခဲ့သည့် ဂျပန် စစ်သည် အရေအတွက် စုစုပေါင်း ၁၃၇၀၀၀ ခန့်ရှိကြောင်း၊ ထိုအရေအတွက်ထဲမှ လွန်ခဲ့သည့် နှစ် ၄၀ အတွင်း မြန်မာအစိုးရ ထိန်းချုပ်နယ်မြေများ၌ ရုပ်ကြွင်း ၉၁၃၉၀ ခန့်တူးဖော်ပြီးဖြစ်ကြောင်းနှင့် လက်ရှိ မြန်မာ့မြေပေါ်တွင် ၄၅၆၁၀ ခန့် ကျန်ရှိနေသေးကြောင်း မစ္စတာ တိုမိုဟရု အဲဘိဟရ က ပြောသည်။
နှစ်ဖက် သဘောတူညီချက်အရ တိုင်းရင်းသား နယ်မြေများအတွင်း ဒုတိယ ကမ္ဘာစစ် ကာလအတွင်း သေဆုံးသူ ဂျပန် စစ်သည်များ၏ ရုပ်ကြွင်းများကို ရှာဖွေ စစ်တမ်းကောက်ယူရန် UNFC အဖွဲ့ဝင်များက သက်ဆိုင်ရာ ဒေသများ၌ ကိုယ်တိုင် ကွင်းဆင်း ဆောင်ရွက်မည်ဖြစ်ပြီး လိုအပ်သည့် ပစ္စည်းများနှင့် ကုန်ကျငွေများကို TJEDF အဖွဲ့က ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
UNFC ၏ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တို့ တိုင်းရင်းသား နယ်မြေတွေထဲမှာ ဂျပန်တွေ ဘယ်နေရာမှာ သေခဲ့ဖူးလဲ၊ မြှုပ်ခဲ့ဖူးလဲ သိရင်တော်ပြီ၊ တူးလို့၊ ထိလို့မရဘူး။ ရရှိတဲ့ စာရင်းနဲ့ မြေပုံ အညွှန်းကို TJEDF ကိုပေးရမှာပေါ့၊ ဒီနှစ်ထဲမှာ Operation လုပ်ဖို့ ကျနော်တို့ကို ကွန်ပြူတာတွေ၊ ကင်မရာတွေ၊ GPS တွေ၊ ရှာဖွေပုံစံတွေနဲ့ ကုန်ကျစရိတ်တွေ အဆင်သင့် လုပ်ပေးထားပြီးပြီ” ဟု ဧရာဝတီသို့ ပြောသည်။
UNFC အနေဖြင့် ရရှိသော အချက်အလက် စာရင်းများကို ယခုနှစ် မတ်လဆန်းမှ စတင်ကောက်ယူပြီး ၂၀၁၃ နှစ်ကုန်ပိုင်းတွင် TJEDF သို့ အပ်နှံမည်ဖြစ်သည်။
ထိုမှတဆင့် ဂျပန်အစိုးရ ကျန်းမာရေး အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသို့ ပေးပို့မည်ဖြစ်ပြီး ယင်းဝန်ကြီးဌာနက စစ်ဆေးကာ စစ်တမ်းများ ရှိရာနေရာများသို့ အရိုးများ တူးဖော်ခွင့်ပြုရန် ဂျပန် အစိုးရအနေဖြင့် မြန်မာအစိုးရထံ တင်ပြ တောင်းဆိုသွားနိုင်ရန်အထိ ရည်ရွယ်ထားကြောင်း သိရသည်။
“ကျနော်တို့အဖွဲ့က သီးခြားလွတ်လပ်တဲ့ အဖွဲ့ဖြစ်တာကြောင့် မှတ်တမ်းတင်တာပဲ လုပ်နိုင်မယ်။ ဒါပေမယ့် ဂျပန်အစိုးရ အနေနဲ့ ကျနော်တို့ မှတ်တမ်းတင်ထားပြီးရင် အဲဒီ ရုပ်ကြွင်းရှိနိုင်မယ့် ဒေသတွေမှာ တူးဖော်မှုတွေ လုပ်လိမ့်မယ်လို့ မျှော်လင့်တာပါပဲ” ဟု မစ္စတာ တိုမိုဟရု အဲဘိဟရ က ပြောသည်။
ဂျပန်အစိုးရအနေဖြင့် မြန်မာအစိုးရ ထိန်းချုပ်နယ်မြေများတွင် ယခင်က ရှာဖွေ ရရှိသည့် အရိုးစုများကို ၎င်းတို့နိုင်ငံသို့ သယ်ဆောင်သွားကြောင်း၊ ကျန်ရှိနေသော ၄ သောင်းခွဲကျော်ကိုလည်း ယင်းသို့ သယ်ဆောင်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မစ္စတာ တိုမိုဟရု အဲဘိဟရ က “ဂျပန်ကို သယ်သွားတဲ့ ရုပ်ကြွင်းတွေကို DNA စစ်တယ်။ ပြီးတော့ သက်ဆိုင်ရာ မိသားစုကို လိုက်ရှာပြီး ပေးလိုက်တယ်။ မိသားစု ရှာမတွေ့တဲ့ ရုပ်ကြွင်းတွေကိုတော့ တိုကျိုမှာရှိတဲ့ အောက်မေ့ဖွယ် တာဝါမှာ ပို့ပြီး သိမ်းထားတယ်” ဟု ပြောသည်။
ရှာဖွေမှုများ ပြုလုပ်နိုင်ရန် UNFC အဖွဲ့ဝင် သာမက ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) နှင့်လည်း သဘောတူညီမှု ရရှိထားကြောင်း၊ ထို့အတူ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA တို့နှင့်လည်း ညှိနှိုင်းဆဲ ဖြစ်ကြောင်းနှင့် တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း ဆက်သွယ် ညှိနှိုင်းသွားရန် အစီအစဉ်ရှိကြောင်း သူက ဆက်ပြောသည်။
TJEDF နှင့် သဘောတူညီမှု ရရှိထားသည့် UNFC အဖွဲ့တွင် အဖွဲ့ဝင် ၁၁ ဖွဲ့ရှိပြီး ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ရခိုင်အမျိုးသား ကောင်စီ (ANC)၊ “ဝ” အမျိုးသား အဖွဲ့ချုပ် (WNO)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ပါဝင်သည်။