ပြန်ကြားရေးဝန်ကြီးဌာနက အတည်ပြုရေးထားသော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို အစိုးရပိုင် သတင်းစာများတွင် ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်ရာ ယင်းဥပဒေကြမ်းသည် သတင်းလွတ်လပ်ခွင့်ကို ပြန်လည် ထိန်းချုပ်ရာ ကျသောကြောင့် စာနယ်ဇင်းအသင်း ၃ခုက တရားဝင်ကန့်ကွက်မည် ဟု သတင်းရရှိသည်။
မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းမှ ဦးမျိုးမင်းထိုက်၊ မြန်မာသတင်းသမဂ္ဂမှ ဦးဇော်သက်ထွေးနှင့် မြန်မာဂျာနယ်လစ်ကွန်ရက်မှ တာဝန်ရှိသူများက လာမည့် ရက်အနည်းငယ်အတွင်း အစိုးရ ပုံနှိပ်ဥပဒေကြမ်းကို တရားဝင် ကန့်ကွက်သော ကြေညာချက်များ ထုတ်ပြန်သွားရန်ရှိကြောင်း၊ ယင်းဥပဒေကြမ်းသည် စာနယ်ဇင်းလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်နေသဖြင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။
ပုံနှိပ်ဥပဒေကြမ်းတွင် အခန်း ၈ ခန်းနှင့် ပုဒ်မ ၂၈ ပါဝင်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ ညွှန်ကြားရေးမှူးသည် သတင်းအေဂျင်စီ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဝက်ဘ်ဆိုက်၊ ထုတ်ဝေသူ၊ ပုံနှိပ်သူများကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခွင့် အာဏာရှိပြီး ဥပဒေပါပြဋ္ဌာန်းချက်၊ စည်းကမ်းချက်များကို ဆန့်ကျင်လျှင် ပြန်ကြားရေးဝန်ကြီးသည် အသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းခြင်း၊ ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ထို့ပြင် “တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားစေခြင်း” “ဆူပူအကြမ်းဖက်မှု ဖြစ်ပွားစေရန် လှုံ့ဆော်ခြင်း” စသည့် ဖွင့်ဆိုချက်များ တိကျရှင်းလင်းမှု မရှိခြင်း၊ အသိပညာကို ဖြန့်ဖြူးပေးနိုင်သော ပြည်တွင်းသတင်းနှင့် စာနယ်ဇင်းများသာမက နိုင်ငံတကာရှိ သတင်းနှင့် စာနယ်ဇင်းများ ကျယ်ပြန့်စွာ ရောက်ရှိစေရေးအပေါ် တင်းကြပ်စွာ ထိန်းချုပ်ထားခြင်းတို့ကြောင့် သတင်းမီဒီယာများအနေဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့်တရားစီရင်ရေးကို စောင့်ကြည့်ထိန်းကျောင်းနိုင်သော စတုတ္ထမဏ္ဍိုင်အဖြစ် ရပ်တည် အလုပ်လုပ်နိုင်ရန် ခက်ခဲသည်ဟု သတင်းစာဆရာများက ယူဆနေသည်။
“သတင်းလွတ်လပ်ခွင့်အတွက် သတင်းသမားတွေကြိုးပမ်းနေတဲ့ကာလမှာ အခုလိုမျိုး ပုံနှိပ်နဲ့ထုတ်ဝေခြင်း ဥပဒေကြမ်းကတော့ မနှစ်မြို့ဖွယ်ရာ တွေ့နေရတယ်။ ဒီလိုမျိုး ထိခိုက်စေမယ့် ဟာတွေ၊ ပြန်ကြားရေးဝန်ကြီးဌာနက လွတ်လပ်ခွင့်ရေးသားခွင့်ကို ထိန်းချုပ် စေနိုင်တဲ့ လုပ်ပိုင်ခွင့်ရှိတွေရှိလာတာက သတင်း လွတ်လပ်ခွင့် ထိခိုက်နိုင်တဲ့အတွက်ကြောင့် မီဒီယာသမားတေ ွဝိုင်းဝန်းပြီးတော့ လက်တွဲပြီးတော့ လုပ်ဆောင်ဖို့လိုပါတယ်။ အခုပြုပြင်ပြောင်းလဲရေးနဲ့ မကိုက်ညီတဲ့၊ နောက်ကြောင်းပြန်တဲ့ ဒီဥပဒေ အသက်မဝင်လာဖို့ ပြည်သူတွေရော၊ သတင်းသမားတွေရော ဝိုင်းကြိုးစားကြရမယ်” ဟု မြန်မာသတင်းသမဂ္ဂမှ တာဝန်ရှိသူတဦးဖြစ်သူ ဦးဇော်သက်ထွေးက ပြောသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲနေသော ပုံနှိပ်နှင့်မီဒီယာဥပဒေကြမ်းထွက်ရှိမလာခင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းက ဦးဆောင်ရေးဆွဲထားသော ပုံနှိပ်ဥပဒေကြမ်းကို လွှတ်တော်သို့ တင်ပြခြင်းမပြုမီ ပြည်သူအများ သိရှိလေ့လာစေနိုင်ရန်ဟု ဆိုကာ ထုတ်ပြန်ခဲ့ပြီး ယင်းဥပဒေကြမ်းပါ အချက်အလက်အချို့သည် သတင်းသမား အများစု လိုလားနေသော ဒီမိုကရေစီနှင့်ထိုက်တန်သော သတင်းလွတ်လပ်ခွင့်ကို ချုပ်ကိုင်ထိန်းချုပ်နေသော အခြေအနေမျိုးဖြစ်စေရန် ထည့်သွင်းရေးဆွဲထားသည်ဟု စာနယ်ဇင်းသမားများက ဆိုကြသည်။
မြန်မာနိုင်ငံ သတင်းစာဆရာအသင်းမှ တာဝန်ရှိသူလည်းဖြစ်၊ Venus News Weekly၏ ထုတ်ဝေသူလည်းဖြစ်သူ ဦးမျိုးမင်းထိုက်က ” အစိုးရ ပုံနှိပ်ဥပဒေကြမ်းကို ကျနော်တို့ ကန့်ကွက်ဖို့ လုပ်နေတယ်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ပုံနှိပ်မီဒီယာဥပဒေကြမ်း ဆွဲနေတယ်။ အဲဒီ မီဒီယာဥပဒေမှာ ကျနော်တို့က လွတ်လပ်ခွင့်တွေ တောင်းထားတယ်။ မီဒီယာဥပဒေမှာ ရမယ့် လွတ်လပ်ခွင့် ဥပဒေတွေက အစိုးရ ပုံနှိပ်ဥပဒေကြမ်း အတည်ပြုလိုက်ရင် အကုန်လုံးက ဆန့်ကျင်ဘက်တွေ ဖြစ်ကုန်ပြီ။ သတင်းထောက်က ကြိုက်သလိုရေး၊ အယ်ဒီတာက ကြိုက်သလိုတည်းဖြတ်၊ ထုတ်ဝေသူက ငြိစွန်းမှာ စိုးရိမ်တော့ မထုတ်ရင်ဘယ်လိုလုပ်မလဲ။ ဥပဒေနဲ့ မလိုက်နာရင် ထောင်ချမယ်၊ ဒဏ်ငွေပေးရမယ် ဆိုတာက တဖက်က ဖွင့်တယ်ပြောပြီး တဖက်က ပိတ်တဲ့ပုံစံဖြစ်နေတယ်။ အခု ပုံနှိပ်ဥပဒေကြမ်းက ၁၉၆၂ ခုနှစ် ပုံနှိပ်မီဒီယာဥပဒေကို ပြန်ပြီးအစားထိုးအသက်သွင်း သလိုဖြစ်နေတယ်။ ၁၉၆၂ ခုနှစ်ဥပဒေကို ၂၀၁၃ ခုနှစ်ဥပဒေလို့ အမည်ပြောင်းလိုက်တာပဲ” ဟု ပြောသည်။
သတင်းမီဒီယာတခုဖြစ်သည့် Weekly Eleven ကလည်း အစိုးရ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းကို ကန့်ကွက်သည်ဟု ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)၏ အဖွဲ့ဝင်လည်းဖြစ်၊ ပေါ်ပြူလာသတင်းဂျာနယ်၏ တာဝန်ခံ အယ်ဒီတာလည်းဖြစ်သူ ဒေါ်တင်ဇာဇော်က ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဥပဒေကြမ်းတွင် လုပ်ငန်း အသိအမှတ်ပြု လက်မှတ်ဟု ခေါ်ဆိုထားသော ထုတ်ဝေခွင့်၊ ပုံနှိပ်ခွင့်လိုင်စင်ကို ပြန်ကြားရေးဝန်ကြီးဌာနက ဥပဒေဖြင့် တရားဝင်ထိန်းချုပ်ထားသဖြင့် ယခင်စစ်အစိုးရလက်ထက်က ပုံစံမျိုးပင်ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲနေသော မီဒီယာဥပဒေကြမ်းတွင်မူ သတင်းမီဒီယာလုပ်ငန်းကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုသည့် ပုံစံကို ထည့်သွင်းရေးထားသည့်အတွက် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ပြောသည်။
“အားလုံးပါပြီးတော့ ရေးဆွဲနေတဲ့ မီဒီယာဥပဒေမှာဆိုရင် လိုင်စင်၊ အသိအမှတ်ပြု လက်မှတ်ယူရတာမျိုး မဟုတ်ဘဲ စာပေ၊ သတင်း မီဒီယာလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံခွင့်ရှိတဲ့သူတွေ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတဲ့ ပုံစံမျိုးလုပ်ထားတာ။ ဒါပေမဲ့ ဒီဥပဒေကြမ်းမှာက လိုင်စင်ခွင့်ပြုချက်ရှိမှ လုပ်ရတာမျိုးလုပ်ထားတော့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ဒီဥပဒေနဲ့ ဆိုရင်တော့ သတင်း လွတ်လပ်ခွင့်ကို ပိတ်ပင်ထားတယ် ပြောရမယ်။ တခုခုဆိုတာနဲ့ ဥပဒေနဲ့ ကိုင်ပြီး ထုတ်ဝေခွင့်ကို ပိတ်တာ၊ သိမ်းတာမျိုး လုပ်နိုင်တဲ့ အခွင့်အရေး ပြန်ကြားရေးဝန်ကြီးဌာနမှာ ရှိနေတယ်။ အရင်ပုံစံအတိုင်းပါပဲ” ဟု ဒေါ်တင်ဇာဇော်က ဆိုသည်။
မြန်မာ ဂျာနယ်လစ် ကွန်ရက် အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီအဖွဲ့ဝင်လည်းဖြစ်သူ ဦးမြင့်ကျော်ကလည်း လက်ရှိအစိုးရထုတ်ပြန်သော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း မီဒီယာဥပဒေကြမ်းတွင် လုပ်ငန်း မှတ်ပုံတင်ခြင်းကို သေချာစွာရှင်းလင်းထားခြင်းမရှိဘဲ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေကဲ့သို့ပင် မရှင်းမလင်း ရေးဆွဲထားခြင်းဖြစ်သည်ဟု သုံးသပ်သည်။
“ထုတ်ဝေခွင့် မှတ်ပုံတင် သက်တမ်း သတ်မှတ်ထားတာက ကျနော်တို့က သက်တမ်း မသတ်မှတ်ဖို့ပြောနေတာလေ။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ရဲ့မီဒီယာ ဥပဒေမှာလည်း မသတ်မှတ်ဖို့ ပြောထားတာလေ။ အချက်အလက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် ပေးလိုက်၊ ဘယ်အချက်အလက်တွေ ဖောက်ဖျက်တယ်ဆိုရင် ရုပ်သိမ်းလိုက်ပေါ့။ တနှစ်တခါ၊ ၂ နှစ်တခါ သက်တမ်းတိုး ဆိုတာမျိုးတွေက သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်တယ်လို့ ယူဆစရာရှိတယ်။ ထောက်ပြစရာရှိတယ်။ ဂျာနယ်တွေအနေနဲ့ လုပ်ငန်းအနေနဲ့ မှတ်ပုံတင်တာလား၊ ရှင်းရှင်းလင်းလင်း မရှိသေးဘူး။ ၁၉၆၂ ခုနှစ်မှာလည်း အဲလိုမျိုးပဲပါတယ်”ဟု ဦးမြင့်ကျော်က ဆိုသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က မူကြမ်းရေးဆွဲနေသော ပုံနှိပ်နှင့်သတင်းမီဒီယာဥပဒေ ပထမမူကြမ်း၊ အခန်း ၆၊ ပုံနှိပ်နှင့် သတင်းမီဒီယာ လုပ်ငန်းများ တည်ထောင်ခြင်း၊ ပုဒ်မ ၃၀ (ဃ) တွင် ပုံနှိပ်နှင့် သတင်းမီဒီယာ လုပ်ငန်းများ၏ မှတ်ပုံတင် အသိအမှတ်ပြု လက်မှတ်ကို တရားရုံးမှအပ မည်သူမျှပယ်ဖျက်ခွင့်၊ ငြင်းပယ်ခွင့်မရှိစေရ ဟု ပြဋ္ဌာန်းထားရာ ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်နှင့် လုံး၀ ဆန့်ကျင်ခြားနားလျက် ရှိသည်ကို တွေ့ရသည်။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း၊ အခန်း ၃ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းအတွက် လိုက်နာရန် စည်းကမ်းများတွင် စည်းကမ်းချက်ငါးချက်ပါဝင်ပြီး ယင်းစည်းကမ်းချက်များအနက် ပုဒ်မ ၇ (ခ) နှင့် (ဂ)တွင် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန်သော်လည်းကောင်း၊ ဆူပူအကြမ်းဖက်မှု ဖြစ်ပွား စေရန်သော်လည်းကောင်း လှုံ့ဆော်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားတည်ဆဲဥပဒေများအရ ပြဋ္ဌာန်းများကို ဆန့်ကျင် ဖောက်ဖျက်ရာရောက်သည့် အရေးအသား၊ စာများထုတ်ဝေခြင်း ဆိုသော တားမြစ်ချက် စည်းကမ်းများသည် စာနယ်ဇင်းသမားများအပေါ် လိုရာဆွဲ ထိန်းချုပ်ကန့်သတ်နိုင်ရန် ရေးဆွဲထားသော စည်းကမ်းချက်များဖြစ်သည်ဟု စာနယ်ဇင်းသမားများက ဆိုကြသည်။
ရိုက်တာ သတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်လည်းဖြစ်၊ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)၏ အဖွဲ့ဝင်လည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ သတင်းစာဆရာအသင်း ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ဦးအောင်လှထွန်းက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းပါ စည်းကမ်းချက်များသည် ဆွဲနိုင်၊ ဆန့်နိုင် သော စည်းကမ်းချက်များဖြစ်ပြီး စာနယ်ဇင်းများ၏ သတင်းယူခွင့်၊ သတင်းဖော်ပြခွင့်များကို ဟန့်တားနိုင်သည့် ဂုဏ်သတ္တိများ ရှိနေသည်ဟု ပြောသည်။
“ဒီဥပဒေက နည်းနည်း စိတ်ထဲမှာတော့ မရှင်းမလင်းတာတွေ ရှိတယ်။ အခန်း ၃ ပုဒ်မ ၇ (ခ) ကို နည်းနည်း လိုရာကို ဆွဲဆန့်သုံးနိုင်အားကြီးမယ်ထင်တယ်။ လိုရင် လိုသလို၊ မလိုရင် မလိုသလိုပေါ့” ဟု ဦးအောင်လှထွန်းက ရှင်းပြသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ကြမ်းပါ စည်းကမ်းချက်များသည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်ရန် ရေးဆွဲထားသော အချက်အလက်များပါဝင်နေကြောင်း မက်ဆင်ဂျာ ဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ဦးအောင်ပေါ်ထွန်းက ရှင်းပြသည်။
“အခန်း ၃ စည်းကမ်းချက်တွေမှာ အကြမ်းဖျင်းကြည့်ရင် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိန်းချုပ်တာတွေ ပါနေတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေကို ဆန့်ကျင်ရေးသားမှုဆိုတာ ဘာကို ပြောချင်တာလဲ။ တရားဥပဒေစိုးမိုးရေး ပျက်ပြားစေတာ၊ ဆူပူလှုံ့ဆော်စေတာဆိုတာကရော ဘယ်လိုမျိုးလဲပေါ့။ အဲဒီအချက်တွေက မရှင်းလင်းဘူး။ တလျှောက်လုံးလည်း ဒီအချက်တွေနဲ့ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ခဲ့တာ” ဟု ဦးအောင်ပေါ်ထွန်းက ဆိုသည်။
ဒီမိုကရေစီစနစ်သို့ သွားနေပြီဟု အစိုးရက ပြောဆိုနေသည့်အတွက် ဒီမိုကရေစီနှင့် ကိုက်ညီသော သတင်း လွတ်လပ်ခွင့်ရရှိမည်ဟု မျှော်လင့်ခဲ့သော်လည်း လက်တွေ့တွင် သတင်းမီဒီယာအပေါ် ထိန်းချုပ်လိုသော သဘောထားများကိုသာ ရင်ဆိုင်လာရကြောင်း ဦးအောင်လှထွန်းက ပြောသည်။
“အရင်ထက်တောင်မှ သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်လာတာပဲ။ မျှော်လင့်ထားတာက အရင်ဥပဒေတွေထက် ပိုပြီးတော့ မတင်းကျပ်တာတွေမျိုးပေါ့။ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပိုပြီးတော့ လွတ်လပ်ခွင့်ရှိတာမျိုး။ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကိုယ့်ဟာကိုယ်ထိန်းကျောင်းမယ်။ ကျနော်တို့ မမေ့သင့်တာက အီလက်ထရောနစ်မီဒီယာဆိုတာကြီးလည်းရှိသေးတယ်။ အခ ုဒီဥပဒေနဲ့ အီလက်ထရောနစ်ဥပဒေပေါင်းလိုက်ရင် ကျနော်တို့တွေ သုံးလို့ကိုရမှာမဟုတ်ဘူး။