ယခင်စစ်အစိုးရ လက်ထက်တွင် စတင်အကောင်အထည်ဖော်ပြီးနောက် ရပ်ဆိုင်းထားခဲ့သည့် ရှမ်းပြည်တောင်ပိုင်း သံလွင် မြစ် ပေါ်ရှိ တာဆန်း ရေအားလျှပ်စစ် စီမံကိန်း ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် ပတ်သက်၍ လွှတ်တော်တွင်း၌ ဆွေးနွေး ပြော ဆိုကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အား ပိုမိုထုတ်ယူသုံးစွဲနိုင်ရေးအတွက် သံလွင်မြစ်ပေါ်တွင် ရေကာတာ စီမံကိန်းသစ် ၆ ခုတည်ဆောက်သွား ရန် စီစဉ်နေကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးမြင့်ဇော် က ဗုဒ္ဓဟူးနေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ် တော် အစည်းအဝေးတွင် ပြောဆိုသော်လည်း တာဆန်း ရေအားလျှပ်စစ် စီမံကိန်း ကိစ္စ မေးမြန်းမှုကိုမူ ဖြေဆိုခြင်း မရှိဟု ကိုယ်စားလှယ် တချို့က ပြောသည်။
“စီမံကိန်း ၆ ခု လုပ်မယ်ဆိုတဲ့ အထဲမှာ တာဆန်းနဲ့ ၁၅ ကီလိုမီတာ လောက်ပဲ ဝေးတဲ့ နေရာမှာ တာဆန်းနဲ့ ပုံစံတူ အသစ် တခု တည်ဆောက်မယ့် စီမံကိန်းတခုပါနေတယ်၊ ဒီတော့ ရှိပြီးသား စီမံကိန်းကို ဆက်မလုပ်ဘဲ ဘာဖြစ်လို့ အသစ် လုပ်ရ တာလဲ ဆိုတာ သိချင်လို့ မေးတာ၊ ဒု ဝန်ကြီးက ရှောင်လွှဲဖြေတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီ က ဧရာဝတီ ကို ပြောသည်။
နိုင်ငံတော်၌ အရေးပါသည့် စီမံကိန်းများ တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် လိုအပ် သကဲ့ သို့ စီမံကိန်းများ မဖော်ဆောင်မီ ပြည်သူကို အသိပေး ချပြရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။
သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ တဖွဲ့ ဖြစ်သည့် ECODev အဖွဲ့ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမျိုးသူ ကလည်း တာဆန်းရေအား လျှပ်စစ်စီမံကိန်းသည် ပြဿနာ အမျ¬ားအပြားရှိခဲ့ကြောင်း၊ ထို့ကြောင့် အစိုးရ တာဝန်ရှိသူများအနေဖြင့် ဖွင့် ဟရှင်းလင်းရန် စိုးရိမ်ပူပန်မှု ရှိကြောင်း ဧရာဝတီ ကို ပြောသည်။
“ဒီကိစ္စ ဖွင့်ချလိုက်ရင် ဒုက္ခရောက်မှာပဲဆိုပြီး စိုးရိမ်မှုတွေများနေတယ်လို့ ထင်တယ်။ အဲဒီလို စိုးရိမ်မှုတွေများပြီး ကာဆီးနေ တာကိုက အခြေအနေတွေ ပိုဆိုးမယ်၊ အစိုးရထဲမှာပဲ ဒါတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောဖို့ သတ္တိရှိရှိ လုပ်မယ့်လူ လိုနေ တယ်၊ ဒါမျိုး မရှိဘူး ဖြစ်နေတာပေါ့”ဟု ၎င်းက ပြောဆိုသည်။
တာဆန်းရေကာတာ စီမံကိန်းသည် ရှမ်းပြည်နယ် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့နယ် ကြားတွင်တည်ရှိပြီး ထိုစီမံကိန်းကို ထိုင်း ကုမ္ပဏီ တခုနှင့်သဘောတူ စာချုပ်ချုပ်ဆိုကာ ၁၉၉၃ ခုနှစ်တွင် စတင် အကောင်အထည် ဖော်ခဲ့သော်လည်း စီးပွားရေး ပိတ်ဆို့မှုကြောင့်၂၀၀၇ ခုနှစ်တွင် ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။
တာဆန်းအနီး၌ အသစ်တည်ဆောက်မည့် ရေကာတာ စီမံကိန်းသည် တာဆန်းနှင့်တပုံစံတည်းဖြစ်ပြီး တရုတ် ကုမ္ပဏီတခုဖြစ်သည့် China Hydropower နှင့် ယခင် စစ်အစိုးရ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်း ၏ သားတဦး တို့က အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည်ဟု ကိုယ်စားလှယ်များထံမှ သိရသည်။
လျှပ်စစ် ဒု ဝန်ကြီးပြောဆိုသည့် စီမံကိန်း ၆ ခု အနက် သံလွင်မြစ် အပေါ်ပိုင်း ရှမ်း-တရုတ် နယ်စပ်တွင်၂ ခု ဖြစ်ပြီး မြစ် အောက်ပိုင်း ဖြစ်သည့် ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တွင် ၄ နေရာ တည်ဆောက်မည် ဖြစ်သည်။
ကယားပြည်နယ်တွင် မဂ္ဂါဝပ် ၄၀၀၀ ထွက်ရှိမည့် ရေကာတာစီမံကိန်း တခုအား နယ်မြေမအေးချမ်းသည့် အတွက် မဆောင်ရွက်သေးဟု အကြောင်းပြကြောင်း၊ သို့သော် ကရင်ဒေသနှင့်ရှမ်းဒေသမှ စီမံကိန်းများ ကိုလည်း ထိရောက်စွာ ဆောင်ရွက်နေသည်ကို မတွေ့ရသေးကြောင်း ဦးခိုင်မောင်ရီ က ဆိုသည်။
“ကျနော်တို့သိတာက ဒီစီမံကိန်းတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ခရိုနီတွေကိုပေးထားတယ်၊ ခရိုနီတွေနဲ့သဘောတူ စာချုပ် ထိုး ထားတယ်၊ ဒါပေမယ့် ဘာမှမလုပ်ဘဲ ထားတယ်၊ ဒီတော့ တကယ်လို့ ဒီစီမံကိန်းတွေကို လုပ်ချင်တဲ့သူရှိရင် ရောင်းစားမယ် လို့ ယူဆတယ်၊ အဲဒီတော့ တိုင်းပြည်အတွက်ရော ပြည်သူအတွက်ရော ဘယ်နေရာမှာ အကျိုးရှိလာမှာလည်း၊ ဒါကြောင့် ရှင်းပြပေးဖို့ မေးတာကို ဒုဝန်ကြီးက ဘာဆိုဘာမှ မဖြေဘူး”ဟု ၎င်းက ဆိုသည်။
တာဆန်း(သံလွင်) အမည်ရှိ အဆိုပါ မဟာ ရေအားလျှပ်စစ် စီမံကိန်းကြီးမှ ထုတ်ယူရရှိမည့် လျှပ်စစ်ဓာတ်အား ပမာဏ သည် ၇၁၁၀ မဂ္ဂါဝပ် ဖြစ်ကြောင်း ၂၀၀၅ ခုနှစ် စစ်အစိုးရ ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်ဖံွ့ဖြိုးတိုးတက်မှု မှတ်တမ်း စာအုပ်တွင် ဖော်ပြထားသည်။ သံလွင်မြစ်၏ စွမ်းအားကို အသုံးပြု၍ ပြည်ထောင်စုကြီး ထွန်းကားရန် နိုင်ငံတော်က စွမ်းဆောင် ပေး မည့် မဟာရေအား လျှပ်စစ် စီမံကိန်းကြီးဟုလည်း ရေးသားထားသည်။
ထိုစီမံကိန်းကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာသည် စီမံကိန်းတဝိုက် လုံခြုံရေး တာဝန်ယူထားသည့် အစိုးရ တပ် ဖွဲ့ဝင် များ၏ ခြိမ်းခြောက်မှုကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြရကြောင်း ရှမ်း သဘာ၀ ပတ်ဝန်းကျင် ထိန်း သိမ်းရေး အဖွဲ့ က ၂၀၀၉ ခုနှစ်အတွင်း ထုတ်ပြန်သည့် တာဆန်း ရေကာတာ ကန့်ကွက်ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးမြင့်ဇော်သည် နိုင်ငံတဝန်း ရပ်ကွက်ကျေးရွာ အဆင့်အထိ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ရန် လျာထားသည့် အစီအမံများနှင့်စပ်လျဉ်းသည့် မေးခွန်းကို ဖြေဆိုရာတွင်လည်း ကျေးလက်ဒေသအားလုံး မီး ရရှိရေးသည် NGO များ၏ အကူအညီ လိုအပ်သည်ဟု ယမန်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောဆို သွားကြောင်း သိရသည်။
မြန်မာနိုင်ငံတဝန်း ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိရေးကို လျှပ်စစ်ဝန်ကြီးဌာန အနေဖြင့် ရန်ပုံငွေရရှိမှု၊ ရင်းနှီး မြှုပ်နှံမှုများမှ ရရှိငွေများ၊ ချေးငွေများ အပေါ်မူတည်၍ နှစ်အလိုက် လုပ်ဆောင်နေကြောင်း၊ ကျေးလက်နေ ပြည်သူများ အနေဖြင့် လည်း မိမိတို့ဒေသ မီးလင်းရေးအတွက် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် လုပ်ဆောင်ရန် လိုအပ်မည်ဟု ဦးမြင့်ဇော်က ဆိုသည်။
ရွှေပြည်သာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး၏ “နိုင်ငံတဝန်း ရပ်ကွက်ကျေးရွာ အဆင့် အထိ လျှပ်စစ်မီး ရရှိရေးဆောင်ရွက်ရန် လျာထားသည့် အစီအမံများနှင့် စပ်လျဉ်းသည့်မေးခွန်း”နှင့် ပတ်သက်၍ ဒု ဝန်ကြီး က ပြန်လည် ဖြေဆိုခြင်းဖြစ်သည်။
တနိုင်ငံလုံး၌ ကျေးရွာပေါင်း ၆၂၂၁၈ ရွာ ရှိသည့်အနက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အထိ ဓာတ်အားစနစ်ဖြင့် မီးပေးထား သည့် ကျေးရွာမှာ ၃၈၀၆ ရှိကြောင်း၊ ထို့အတူ အခြားနည်းလမ်းဖြင့် မီးလင်းနေသည့် ကျေးရွာ ၁၆၀၁၈ ရွာရှိကြောင်းလည်း ပြည်သူ့လွှတ်တော်၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
လျှပ်စစ်မီး အပြည့်အ၀ အသုံးပြုနိုင်ရန်ဟုဆိုကာ ရခိုင်ပြည်နယ်တွင်လည်း စိုင်းဒင် ရေအား လျှပ်စစ်စီမံကိန်း၊ သူဌေးချောင်း ရေအား လျှပ်စစ် စီမံကိန်း၊ လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်းများကို တည်ဆောာက်မည်ဟု ယခင်စစ်အစိုးရ လက် ထက်ကပင် စီမံကိန်းများ ရေးဆွဲခဲ့သော်လည်း ယနေ့အထိ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိသေးပေ။
ရေအား လျှပ်စစ်စီမံကိန်းများနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှု မရှိခဲ့သည့်အတွက် ကချင် ပြည်နယ်၌ တရုတ်နိုင်ငံနှင့် တည်ဆောက်နေသည့် မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကိုလည်း လူထုက ကန့်ကွက်သဖြင့် ဦးသိန်းစိန် အစိုးရ လက်ထက် ရပ်ဆိုင်းထားရသည်။