အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ခွဲထွက်ခဲ့သူများ၊ ပါတီဝင်အဖြစ်မှ ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် အရေးယူခံထား ရသူများ၊ နုတ်ထွက်ထားသူများအနက်မှ ပါတီဝင်အဖြစ် လျှောက်ထားလာသူများကို ပြန်လည်လက်ခံရေး မကြာခင် ကျင်းပတော့မည့် ဗဟိုညီလာခံက အတည်ပြု ဆုံးဖြတ်သွားရန်ရှိသည်။
နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် NLD ဗဟိုညီလာခံတွင် ပါတီမူဝါဒရေးရာကိစ္စများ၊ စည်းမျဉ်းစည်းကမ်းများကို ပြန်လည်ပြင်ဆင်မှုများ ရှိမည်ဖြစ်သည့်အပြင် NLD ပါတီဝင်ဟောင်းများကို လက်ခံရေး၊ လက်မခံရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမည်ဖြစ်ကြောင်း၊ NLD ပါတီဝင်ဟောင်းများနှင့် ပတ်သက်သော မူဝါဒအချို့ကို ဗဟိုညီလာခံက ချမှတ်သွားမည်ဟု NLDပါတီ၏ နာယက ဟံသာဝတီဦးဝင်းတင်က ဧရာဝတီသို့ပြောသည်။
“ပြန်စိစစ်မှာပဲ။ လက်မခံဘူးဆိုတဲ့ မူမရှိဘူး။ အဲဒီလူဟောင်းတွေရဲ့ သဘောထား၊ နိုင်ငံရေးအမြင် အဲဒါတွေလည်း မူတည်မှာပေါ့။ နောက်တခုက ညီလာခံက မူဝါဒချမှတ်မှာပေါ့။ အရေးယူထားတဲ့သူတွေ၊ ပါတီဝင်အဖြစ်က ရပ်ဆိုင်းထားတဲ့သူတွေလည်း ပါမှာပေါ့။ ပါတီက ထွက်ထားတဲ့သူတွေလည်း ပါမယ်” ဟု ဦးဝင်းတင်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်ကလည်း ပါတီဝင်ဟောင်းများကို ပြန်လည် လက်ခံရေးသည် ဒီမိုကရေစီစနစ်နှင့်အညီ ဗဟိုညီလာခံကသာ အဆုံးအဖြတ် ပေးနိုင်မည် ဖြစ်ကြောင်း ရှင်းပြသည်။
“ပါတီဝင်ဖို့ အယူခံတင်ထားတဲ့သူတွေအတွက် ဗဟိုညီလာခံက စဉ်းစားမယ်။ ဗဟိုညီလာခံက ဆုံးဖြတ်ပေးမယ်။ အကုန်လုံးပါတယ်။ NLD က အရေးယူထားတဲ့သူ၊ အကြောင်း အမျိုးမျိုးကြောင့် နုတ်ထွက်သွားတဲ့သူတွေ ပြန်ပြီး ပါတီဝင်ဖို့ လျှောက်ထားရင် ကျနော်တို့က အဲဒီလျှောက်လွှာကို ညီလာခံကို တင်ပေးမယ်၊ ညီလာခံက ဆုံးဖြတ်မယ်။ ညီလာခံဆိုတာ အားလုံး စဉ်းစားကြမှာပဲ။ မူဝါဒတွေလည်း ချမှတ်မယ်” ဟု ဦးအုန်းကြိုင်က ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစု ပါတီထူထောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့သူ ဦးခင်မောင်ဆွေကမူ NLD ပါတီသို့ ပြန်လည်ဝင်ရောက်ရန် မရှိသကဲ့သို့ NLD ပါတီနှင့်လည်း ပူးပေါင်းရန်မရှိဟု ပြောသည်။
NLD ပါတီဝင်ဟောင်း လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်ကမူ NLD ပါတီမှ ခွဲထွက်ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့သော်လည်း ပါတီမှတ်ပုံတင်ချိန်တွင် ပါတီဝင်အဖြစ် ပြန်လည်လျှောက်ထားခဲ့ကြောင်း၊ ယခုအချိန်အထိ ပါတီဝင်အဖြစ် လက်ခံ၊ လက်မခံကို မသိရှိရသေးကြောင်း ပြောသည်။
“ကျနော်တို့က အစောပိုင်းကတည်းက လျှောက်လွှာတင်ထားတယ်။ ပထမဆုံး လျှောက်ထားတဲ့သူပဲ။ ကျနော်က အကြွင်းမဲ့ ခြွင်းချက်မရှိ NLD ကို ပြန်လည်လျှောက်ထားတယ်လို့ ပြောထားတယ်လေ။ အရင်တုန်းက ရွေးကောက်ပွဲဝင်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ပြန်မှတ်ပုံတင် ထူထောင်ရင် ပါတီ ပြန်ဝင်မယ်ဆိုတာ ကျနော်ပြောခဲ့တာ ရှိတယ်။ အဲဒီ စကားနဲ့အညီ ကျနော်လုပ်တာပါ” ဟု ဦးကြည်မြင့်ကဆိုသည်။
NLD ပါတီဝင်ဟောင်းတဦးဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကမူ လူဟောင်းများအပေါ် ချမှတ်ထားသည့် မူဝါဒကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အရင်တုန်းကတော့ ၂၀၁၀ ရွေးကောက်ပွဲဝင်တဲ့သူတွေကို NLD က သစ္စာဖောက်လို့ သတ်မှတ်ထားတာလေ။ အခုတော့ ဘယ်လိုသဘောထားမလဲဆိုတာ ကြည့်ရမှာပေါ့။ ပြန်ဝင်မလား၊ မဝင်ဘူးလား ဆိုတာကတော့ စောင့်ကြည့်ပြီးမှပဲ ဆုံးဖြတ်လို့ရမယ်။ ဘာမှ အသေအချာ ပြောလို့မရသေးပါဘူး”ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။
NLD ပါတီ ဗဟိုညီလာခံတွင် ဥက္ကဋ္ဌသစ်၊ ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့များကိုလည်း ပြန်လည် ရွေးကောက်မည်ဖြစ်ပြီး ဥက္ကဋ္ဌသစ်ဟုဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုသာလျှင် ပြန်လည် ရွေးကောက်မည်ဖြစ်ကြောင်း သိရှိရသည်။
“ဥက္ကဋ္ဌသစ် ပြန်ရွေးမယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ပဲ ပြန်ဖြစ်မှာပဲ။ ဗဟိုကော်မတီ ရွေးမယ်၊ ဗဟိုကော်မတီက ဗဟိုအလုပ်အမှုဆောင် ရွေးရတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဥက္ကဋ္ဌကို ရွေးရတယ်။ ဒါက ညီလာခံရဲ့ ဒီမိုကရေစီ အလေ့အထပဲ။ ဥက္ကဋ္ဌသစ်ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်မှာပဲ။ တတိုင်းပြည်လုံးက လက်ခံတာ ဒေါ်အောင်ဆန်းစုကြည်ပဲ ရှိတာ” ဟု ဦးအုန်းကြိုင်က ရှင်းပြသည်။
ဗဟိုညီလာခံတွင် ပါတီ၏ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများ ပြန်လည်ပြင်ဆင်မှုများရှိနိုင်ပြီး လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သော သဘောထားကြေညာချက်လည်း ထွက်ရှိနိုင်ကြောင်း၊ ပါတီ၏ တပ်မတော်အပေါ် သဘောထား၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်သော မူဝါဒများလည်း ပါဝင်မည်ဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။
“စာတမ်းတွေတင်ကြမယ်။ ဥပမာ တပ်မတော်အပေါ် ပါတီသဘောထားတို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ပြဿနာ၊ အခြေခံဥပဒေ ပြင်ဆင်ရေး ပြဿနာတွေလို စာတမ်းမျိုးတင်မယ်။ ဒီစာတမ်းတွေကို ပါတီညီလာခံက ဆုံးဖြတ်လိုက်ရင် ဒါတွေက ပါတီရဲ့ပေါ်လစီဖြစ်လာမှာပေါ့။ ၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်လို့လည်း ပါတီရဲ့ ကြေညာချက်မှာ ပါမှာပေါ့”ဟု ဦးဝင်းတင်က ဆိုသည်။
NLD ပါတီဗဟိုညီလာခံကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် မတ်လ ၈၊ ၉၊ ၁၀ ရက်နေ့များတွင် ကျင်းပမည်ဖြစ်သည်။