သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်သော ပြဋ္ဌာန်းချက်များစွာပါဝင်သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို စာနယ်ဇင်းအသင်းအဖွဲ့များနှင့်မီဒီယာသမားများက ကန့်ကွက်နေသည့် ကြားမှ ယနေ့ပြည်သူ့လွှတ်တော်သို့ တရားဝင်တင်ပြလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)၊ မြန်မာသတင်းစာဆရာအသင်း၊ မြန်မာဂျာနယ်လစ်ကွန်ရက်၊ မြန်မာသတင်းသမဂ္ဂအပါအဝင် သတင်းမီဒီယာများအားလုံးက တညီတညွတ်တည်း ကန့်ကွက်နေကြသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့ တရားဝင်တင်သွင်းလိုက်ပြီး လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေလိုက်ကြောင်း၊ ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီများကလည်း ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းလာသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို စိစစ်မှုများပြု လုပ်တော့မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။
“ဒီနေ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း လွှတ်တော်ကိုယ်စားလှယ်တွေ ဆီရောက်လာပါတယ်။ အဲဒါကို ရေးရာကော်မတီတွေက အသေးစိတ်လေ့လာမယ်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီကလည်း အသေးစိတ် ခွဲခြမ်းစိတ်ဖြာမှာပေါ့။ အခု မီဒီယာသမားတွေ အားလုံးက သဘောမတူကြဘူး၊ ကန့်ကွက်နေကြတယ်ဆိုတာလည်း သတင်းကြားပါတယ်။ ဒါတွေကိုလည်း ထည့်သွင်းစဉ်းစားပြီး သက်ဆိုင်ရာ ရေးရာကော်မတီတွေက ဥပဒေကြမ်းရဲ့ စာလုံးတလုံးချင်း၊ အပိုဒ်တပိုဒ်ချင်း စီအပေါ်မှာ စိစစ်ကြမှာပါ” ဟု လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ဧရာဝတီသို့ ပြောသည်။
နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီလ ၂၃ ရက်နေ့ရက်စွဲဖြင့် စာနယ်ဇင်းထုတ်ဝေဖြန့်ချိမှုအပေါ် စောင့်ကြည့်ကြပ်မတ်ရန် တပ်မတော် ထောက်လှမ်းရေး၊ တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးဌာန၊ ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ရေး ဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအပါအဝင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ ပြန်ကြားရေးဝန်ကြီးဌာနတို့ ပါဝင်သော ပုံနှိပ်သူများ၊ ထုတ်ဝေသူများ၊ မှတ်ပုံတင်နှင့် ဖြန်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ကို ဖွဲ့စည်းမှုမှာလည်း သတင်း လွတ်လပ်ခွင့်အပေါ် အဟန့်အတား ဖြစ်စေမှုရှိ၊ မရှိ စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း ဦးကြည်မြင့်ကဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကလည်း ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ရေးရာကော်မတီများက စိစစ်နေသကဲ့သို့ သတင်း မီဒီယာများကလည်း ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များသည် အဘယ်ကြောင့် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်နေသည်ကို တိကျသေချာစွာ ရေးသားပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ရေးရာကော်မတီများသို့ တိုက်ရိုက်တင်ပြကာ ပူပေါင်းဆောင်ရွက်သင့်ကြောင်း ပြောသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို အစိုးရသတင်းစာများတွင် ဖော်ပြခဲ့ပြီး ငါးရက်အကြာ မတ် ၄ ရက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ တရားဝင်တင်သွင်းလိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ဦးဆောင်ရေးဆွဲခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်ကမူ ယင်းဥပဒေကြမ်းသည် နိုင်ငံတကာပုံစံ ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ သတင်းလွတ်လပ်ခွင့်ကို မထိပါးကြောင်း ဧရာဝတီသို့ ပြောသည်။
“သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်တာမျိုး ဒီဥပဒေမှာ မပါပါဘူး။ နိုင်ငံတကာမှာလည်း လုံခြုံရေးထိပါးတာတို့၊ နိုင်ငံတော် ပြိုကွဲပျက်စီးမှာတို့၊ ညစ်ညမ်းစာတွေနဲ့ ပတ်သက်လို့ ဒီလိုပဲ ပြဋ္ဌာန်းကြပါတယ်။ ဒီဥပဒေက သတင်းမီဒီယာတွေကို သတင်းလွတ်လပ်ခွင့်ကို ထိခိုက်မယ့် အခြေအနေမျိုး မရှိပါဘူး။ နိုင်ငံတော် လုံခြုံရေးကို ထိပါးတာရယ်၊ မပါသင့်တာမပါရင် ဘာမှ မဖြစ်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံကို ဝေဖန်တာ၊ ပြောဆိုတာတွေက Freedom of expression ကို မထိခိုက်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဝေဖန်တာမျိုး၊ အပြုသဘော ဝေဖန်တာမျိုးတွေနဲ့ မဆိုင်ပါဘူး။ လုံခြုံရေးနဲ့ ညစ်ညမ်းတို့ လောက်ပါပဲ။ နိုင်ငံတော် ပြိုကွဲမယ့်အရေးတို့ပေါ့။ တိုင်းရင်းသားတွေ ပြသနာဖြစ်မှာ၊ တရားဥပဒေ စိုးမိုးရေး ပျက်ပြားစေမှာတို့ ပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အကြောင်းအရာကို ဆန့်ကျင်ရေးသားတာမျိုးကို ဆိုလိုတာပါ” ဟု ဦးရဲတင့်က ရှင်းပြသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ရေးဆွဲထားသော ပုံနှိပ်နှင့်မီဒီယာဥပဒေသည် ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားသော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းဥပဒေကြမ်းနှင့် သဘောတရားခြင်း ကွဲပြားခြားနားကြောင်း ဦးရဲတင့် ကဆက်လက်ပြောဆိုသည်။
“စာနယ်ဇင်းကောင်စီက ရေးဆွဲနေတဲ့ မီဒီယာဥပဒေက ကျနော်တို့သဘောပေါက်တာက မီဒီယာသမား လုပ်ကိုင်ဆောင်ရွက်ခွင့်၊ လွတ်လပ်ခွင့် ဒါတွေကို အကာအကွယ်ပေးမယ့် ဥပဒေမျိုးဖြစ်ပါလိမ့်မယ်။ ကျနော်တို့က မှတ်ပုံတင်ယူတာမျိုးတွေ၊ အုပ်ချုပ်မှု လမ်းကြောင်းအရ ဆောင်ရွက်မယ့် လုပ်ငန်းတွေကို ဥပဒေနဲ့ထိန်းတာပါ။ ကျနော်တို့ ဥပဒေထဲမှာ သတင်းသမားတွေ ဘာတွေလိုက်နာရမယ်ဆိုတာမျိုး မပါပါဘူး” ဟု ဦးရဲတင့်ကပြောသည်။
သို့ရာတွင် စည်းကမ်းချက်များ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များ မတိကျခြင်းကြောင့် လိုရာဆွဲပြီး အစိုးရနှင့် အခြား အာဏာပိုင် ပုဂ္ဂိုလ်များက အလွဲသုံးစားလုပ် ချိုးဖောက်နိုင်စေရန် လမ်းဖွင့်ပေးရာရောက်မည်ကိုသော်၎င်း၊ ထို့ပြင် ပုံနှိပ်ထုတ်ဝေသူတို့ကို ထိန်းချုပ်ထားခြင်းဖြင့် သတင်းစာ၏ ပေါ်လစီကို ဩဇာလွှမ်းနိုင်မည်ကိုသော်၎င်း သတင်းနှင့် စာနယ်ဇင်း အသိုင်းအဝိုင်းက စိုးရိမ်နေကြသည်။
ပုံနှိပ်ဥပဒေကြမ်းတွင် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်သော ပြဋ္ဌာန်းချက်များပါဝင်နေပြီး ပုံနှိပ်ဥပဒေကြမ်းတွင် အခန်း ၈ ခန်းနှင့် ပုဒ်မ ၂၈ ပါဝင်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ ညွှန်ကြားရေးမှူးသည် သတင်းအေဂျင်စီ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဝက်ဘ်ဆိုက်၊ ထုတ်ဝေသူ၊ ပုံနှိပ်သူများကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခွင့် အာဏာရှိပြီး ဥပဒေပါပြဋ္ဌာန်းချက်၊ စည်းကမ်းချက်များကို ဆန့်ကျင်လျှင် ပြန်ကြားရေးဝန်ကြီးသည် အသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းခြင်း၊ ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းနိုင်ခြင်း၊ စည်းကမ်းချက်များတွင်လည်း “တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားစေခြင်း” “ဆူပူအကြမ်းဖက်မှု ဖြစ်ပွားစေရန် လှုံ့ဆော်ခြင်း” စသည့် လိုရာဆွဲအသုံးပြုဖွင့်ဆိုအရေးယူနိုသော စည်းကမ်းချက်များအပါအဝင် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်သော ပြဋ္ဌာန်းချက်များစွာပါဝင်သည်ဟု စာနယ်ဇင်းအသင်းများက ထုတ်ပြန် ပြောဆိုကြသည်။
အမေရိကန်ပြည်ထောင်စုအခြေစိုက် သတင်းသမားများကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က ပြန်ကြားရေး ဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းသည် မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်နေပြီး ပြုပြင်ပြောင်းလဲမှုမှ သွေဖယ်ကာ နောက်ကြောင်းပြန်လှည့်စေနိုင်သော ဥပဒေဖြစ်သဖြင့် ခြိမ်းခြောက်မှုတရပ်ဖြစ်ကြောင်း မတ်လ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံသမ္မတရုံး၏ တိုက်ရိုက်စီစဉ်ညွှန်ကြားမှုဖြင့် ဖွဲ့စည်းထားသော စာနယ်ဇင်းကောင်စီက ရေးဆွဲနေသော ပုံနှိပ်နှင့် မီဒီယာဥပဒေကို လျစ်လျူရှုပြီး ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို ထုတ်ပြန်ခဲ့ကြောင်း၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းများကို ခွဲခြားမရနိုင်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားသော ပုံနှိပ်ဥပဒေကြမ်းကို သဘောမတူကြောင်း မတ်လ ၂ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ကန့်ကွက်ခဲ့သည်။
မြန်မာဂျာနယ်လစ်ကွန်ရက်က ဒီမိုကရေစီဖော်ဆောင်ရေးတွင် အရေးကြီးသော မီဒီယာလွတ်လပ်ခွင့်ကို အဟန့်အတားဖြစ်စေရုံမက ပြည်သူများ၏ သိရှိပိုင်ခွင့်ကိုပါ ထိပါးစေသော ဥပဒေကြမ်းဖြစ်၍ ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း မတ်လ ၁ ရက်နေ့တွင် သတင်းထုတ်ပြန် သည်။
မြန်မာသတင်းသမဂ္ဂကလည်း ယခင် စာပေစိစစ်ရေးဌာနက ကျင့်သုံးခဲ့သော စည်းကမ်းများ ပါဝင်နေပြီး ပြုပြင်ပြောင်းလဲရေး မူဝါဒများနှင့် ဆန့်ကျင်စွာ မီဒီယာလွတ်လပ်ခွင့်ကို ထိန်းချုပ်လိုရန် ကြိုးစားခြင်းဖြစ်သဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်း မတ်လ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ပြည်သူ့လွှတ်တော်သို့တင်သွင်းလိုက်ပြီဖြစ်သော အစိုးရပုံနှိပ်ဥပဒေကြမ်းကို ပယ်ဖျက်ရေး သတင်းသမား အများစုပါဝင်သော ကန့်ကွက် လက်မှတ်ရေးထိုးပြီး လွှတ်တော်နှင့် အစိုးရထံပေးပို့ရန် ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း စာနယ်ဇင်းအသိုင်းအဝိုင်းထံမှ သိရှိရသည်။