ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနက ဆိပ်ကမ်းများတွင် သွင်းကုန်နှင့် ပို့ကုန်ပစ္စည်းများပါဝင်သော ကွန်တိန်နာများအားလုံးကို မစစ်ဆေးတော့ဘဲ မဲနှိုက်ပြီး မဲပေါက်သော ကွန်တိန်နာအချို့ကိုသာလျှင် စစ်ဆေးသော စနစ်ကို ယခုမတ်လ ၄ ရက်နေ့မှ စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း သိရှိသည်။
လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှုများ အလွန်ဖြစ်ထွန်းနေသည်ဟုဆိုကာ အကောက်ခွန်ဦးစီးဌာနနှင့် ပတ်သက်ပြီး တိုင်ကြားမှုများ နိုင်ငံတော်သမ္မတရုံးထံ ရောက်ရှိလာသည့်အတွက် သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း၊ သမ္မတရုံး ဒုဝန်ကြီး ဦးသန့်ရှင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အရာရှိများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများအပါအဝင် စစ်ဆေးရေးအဖွဲ့ မတ်လ ၁ရက်နေ့က ရန်ကုန်တိုင်း အကောက်ခွန်ဦးစီးဌာနရုံးချုပ် သို့ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းနောက် မတ်လ ၄ ရက်နေ့မှ စတင်ပြီး ဆိပ်ကမ်းများတွင် ကွန်တိန်နာများ အားလုံးကို အကောက်ခွန်ဦးစီးဌာနက စစ်ဆေးခြင်းမပြုတော့ဘဲ ဆိပ်ကမ်းများတွင် နေ့စဉ် ပို့ကုန်၊ သွင်းကုန် ကွန်တိနာအားလုံး၏ ၁၀ ရာခိုင်နှုန်းကိုသာ မဲဖောက် စစ်ဆေးခြင်းပြုသည့်စနစ်ကို စတင်ကျင့်သုံးခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကွန်တိန်နာအလုံး ၃၀ ရှိရင် ကွန်တိန်နာနံပါတ်တွေကို မဲနံပါတ်လိပ်ပြီး ၃ လုံးကို မဲနှိုက်တယ်။ မဲပေါက်တဲ့ ကွန်တိန်နာ ၃ လုံးကို အကောက်ခွန်ဦးစီးဌာနက ဖွင့်ဖောက်ပြီး စစ်ဆေးတယ်။ ကျန်တဲ့ ကွန်တိန်နာ ၂၇ လုံးမှာလည်း ၃ လုံးကို ထပ်ပြီးမဲနှိုက်တယ်။ ပေါက်တဲ့ ကွန်တိန်နာ ၃ လုံးကို ဖွင့်တော့မဖောက်ဘူး၊ ဒါပေမယ့် X-Ray စက်မှာ ဖြတ်ပြီးတော့ စစ်တယ်။ ကျန်တဲ့ ကွန်တိန်နာ ၂၄ လုံးကို လုံး၀ မစစ်တော့ဘူး။ ဒီအတိုင်းလွှတ် ပေးလိုက်တယ်” ဟု ရန်ကုန်မြို့အခြေစိုက် အကောက်ခွန် ရှင်းလင်းရေး ဝန်ဆောင်မှု အေးဂျင့်တဦးက ပြောသည်။
ယခင်က ဆိပ်ကမ်းရှိ ပို့ကုန်သွင်းကုန်ကွန်တိန်နာများအားလုံးသည် အကောက်ခွန်ဦးစီးဌာန၏ ဖွင့်ဖောက်စစ်ဆေးမှု ခံယူပြီးမှသာလျှင် ဆိပ်ကမ်းမှ ထုတ်ယူခြင်း၊ ပြည်ပသို့ တင်ပို့ခွင့်ပြုများ လုပ်ဆောင်ရလေ့ရှိသည်။
အကောက်ခွန်ဦးစီးဌာနမှ အရာရှိအချို့၏အဆိုအရ ကွန်တိန်နာများကို မဲနှိုက်ဖွင့်ဖောက်စစ်ဆေးသည့်စနစ်ကို Risk Management ဟု အမည်ပေးထားပြီး ပြည်သူလူထု အဆင်ပြေစေရေးအတွက် လုပ်ထုံးလုပ်နည်းများ လျော့ချခြင်းဖြစ်သည်ဟု သိရှိရသည်။
လတ်တလော ကွန်တိန်နာများကို မဲနှိုက်စစ်ဆေးသည့်စနစ်ကြောင့် ကွန်တိန်နာထုတ်ယူမှု၊ တင်ပို့မှုပိုင်းတွင် မြန်ဆန်လာသော်လည်း နောက်ပိုင်းတွင် မဲနှိုက်စစ်ဆေးသည့်အပေါ် မူတည်ပြီး အကောက်ခွန်ဦးစီးဌာနတွင် လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှုများ ဖြစ်ပေါ်နိုင်ခြေရှိသည်ဟု အကောက်ခွန်အရာရှိအချို့နှင့် အကောက်ခွန်အေးဂျင့်များက သုံးသပ်ကြသည်။
“မဲကျတဲ့ ကွန်တိန်နာကိုပဲ စစ်တယ်။ မဲမကျတဲ့ ကွန်တိန်နာမစစ်ဘူးဆိုတော့ မဲမကျဖို့ လုပ်တာတွေလည်း ရှိနိုင်တယ်။ မဲနှိုက်တယ်ဆိုတာကလည်း အကောက်ခွန်ဦးစီးဌာနက အရာရှိတွေရဲ့လုပ်ပိုင်ခွင့်ဆိုတော့လည်း မဲနှိုက်တာပေါ်မှာမူတည်ပြီး အကျင့်ပျက်ခြစားတွေရှိနိုင်ပါတယ်” ဟု အကောက်ခွန်အရာရှိတဦးက သုံးသပ်သည်။
နိုင်ငံတကာတွင် သွင်းကုန်၊ ပို့ကုန် ဆိုင်ရာ ကုမ္ပဏီများကို နိုင်ငံတော်သို့ အခွန်ပေးဆောင်မှု၊ လုပ်ငန်းလုပ်ဆောင်ရာတွင် မသမာမှု လုပ်ဆောင်ခြင်း နည်းပါးမှုတို့အပေါ် အဆင့်အတန်း သတ်မှတ်ပေးပြီး ကုမ္ပဏီက ရရှိထားသော အဆင့်အတန်း သတ်မှတ်ချက်အပေါ် လိုက်ပြီး တင်သွင်းသော ကွန်တိန်နာကို စစ်ဆေးခြင်း၊ ကင်းလွတ်ခွင့်ပြုခြင်းများ ခွင့်ပြုကြောင်း၊ မဲနှိုက်စစ်ဆေးသည့်စနစ်သည် လုပ်ထုံးလုပ်နည်းဖြေ လျော့မှုဖြစ်သော်လည်း အကျင့်ပျက်ခြစားလိုသော အကောက်ခွန်ဌာန ဝန်ထမ်းများကို လုပ်ပိုင်ခွင့် ပိုမိုပေးအပ်သကဲ့သို့ ဖြစ်လာနိုင်ခြေရှိသည်ဟု အကောက်ခွန်ဝန်ထမ်းဟောင်းတဦးက ဆိုသည်။
“ဂျပန်လိုနိုင်ငံမျိုးမှာ အခွန်လည်း တအားဆောင်တယ်၊ မသမာမှု တခါမှ မလုပ်တဲ့ ပို့ကုန်၊ သွင်းကုန်ကုမ္ပဏီတွေကို A+ အဆင့် သတ်မှတ်ပေးလိုက်တယ်။ အဲဒီကုမ္ပဏီကသွင်းတဲ့ ကွန်တိန်နာဆိုရင် မစစ်ဘူး။ စစ်ဆေးမယ် ရင်လည်း အဲဒီကုမ္ပဏီက အချိန်မရွေး အစစ်ခံတယ်။ အဲလိုမျိုး တာဝန်ခံတဲ့စနစ်မျိုးက ပိုကောင်းတယ်။ မဲနှိုက်တယ်ဆိုတာက ကျစေချင်တဲ့ စစ်ဆေးစေချင်တဲ့ ကွန်တိန်နာကိုပဲ စစ်ဆေးပြီး၊ မစစ်ဆေးချင်တဲ့ ဟာကို မဲမကျအောင်လုပ်ထားရင် ဘယ်လိုလုပ်မလဲ။ တကယ်တော့ အကောက်ခွန်ဦးစီးဌာနဆိုတာက သေသေချာချာ တင်းတင်းကျပ်ကျပ်နဲ့ ဝန်ထမ်းတွေကို ထိန်းကျောင်းရမယ့်ဌာန၊ ဥပဒေတွေမှာဆိုရင် အကောက်ခွန်ဝန်ထမ်းတွေက ရုံးမတက်ခင် အိတ်ထဲမှာ ပိုက်ဆံဘယ်လောက်ပါတယ်ဆိုတာကအစ ကြေညာပြီးမှ ရုံးတက်ရတဲ့၊ စစ်ဆေးရေးအဖွဲ့နဲ့သွားရမယ်ဆိုတာမျိုး ကိုလိုနီခေတ် အင်္ဂလိပ်ဥပဒေတွေထဲမှာ ပြဋ္ဌာန်းထားတယ်။ အခု အဲဒီဥပဒေမျိုးတွေက ရှိသာရှိတယ်၊ မလုပ်ကြတော့ အသက်မဝင်ဘူး” ဟု အကောက်ခွန်အရာရှိတဦးက ရှင်းပြသည်။
အကောက်ခွန်ဦးစီးဌာနတွင် လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှုများ ကို ကင်းရှင်းစေလိုပါက အကောက်ခွန်ဦးစီးဌာနအတွင်း ညွှန်ကြားရေးမှူးနှင့်အထက် အရာရှိများထံ အောက်ခြေဝန်ထမ်းများက နေ့စဉ် တင်ပြရသော နေ့စဉ်ခွဲတမ်းစနစ် သတင်းပေးပို့မှုမှတ်တမ်း(Pool) များကို ဖတ်ရှုစစ်ဆေးခြင်းလုပ်ဆောင်သင့် ကြောင်း အဆိုပါ အရာရှိက အကြံပြုသည်။
အကောက်ခွန်ဦးစီးဌာနတွင် လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှု ပပျောက်ရေးအတွက်ဟုဆိုကာ သွင်းကုန်ကွန်တိန်နာထုတ်ယူမည့် အကောက်ခွန်အေးဂျင့်များကို အကောက်ခွန်ဦးစီးဌာနရုံးချုပ်အတွင်း ဝင်ခွင့်မပြုတော့ဘဲ သက်ဆိုင်ရာစာရွက်စာတမ်းများကို ရုံးရှေ့တွင် တင်ပြစေသော စနစ်ကို အကောင်အထည်ဖော်လိုက်ကြောင်း၊ သို့ရာတွင် နေ့စဉ် စာရွက်စာတမ်းပေါင်းများစွာ စုပုံနေပြီး အခက်အခဲများ ကြုံတွေ့နေရကြောင်း အကောက်ခွန်အေးဂျင့်များက ဆိုသည်။
“အကျင့်ပျက်ခြစားမှု မဖြစ်အောင် အေးဂျင့်တွေကို ရုံးထဲဝင်ခွင့်မပေးတော့ အပြင်မှာ အေးဂျင့်တွေ နေ့စဉ် ရာချီ တိုးဝှေ့နေရတယ်။ အလုပ်လည်း မပြီးဘူး။ သူတို့ဘက်ကလည်း ဝန်ထမ်း တအားနည်းတယ်။ ရုံးထဲ ဝင်ခွင့်မပြုရုံနဲ့ အကျင့်ပျက်ခြစားမှု ပျောက်သွားမလား။ အစိုးရရဲ့ ကိုင်တွယ်ပုံက မှားနေတယ်” ဟု အကောက်ခွန်ဝန်ဆောင်မှုအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် အကောက်ခွန်ဦးစီးဌာန လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှုများကြောင့် အရာရှိနှင့် ဝန်ထမ်း ၄၉ ဦးကို ရာထူးမှ အနားပေးခြင်း၊ ရာထူးလျော့ချခြင်း၊ ဌာနပြောင်းခြင်း အရေးယူမှုများ လုပ်ဆောင်ခဲ့သည်။
၂၀၀၆ ခုနှစ်ကလည်း အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးချုပ်အပါအဝင် အကောက်ခွန်ဝန်ထမ်း ၆၀၀ ကျော်ကို လာဘ်ပေးလာဘ်ယူမှုဖြင့် ဖမ်းဆီးထောင်ချမှုများ ပြုလုပ်ခဲ့သည်။