ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းနှင့် မြဝတီမြို့နယ် ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ်တို့က ထိုင်းနိုင်ငံတွင် ညှဉ်းပန်း နှိပ်စက်ခံခဲ့ရသည့် အသက် ၁၂ နှစ်အရွယ် ကရင် မိန်းကလေးငယ်အတွက် ဘတ်ငွေ ၂၀၀၀၀ (ကျပ် ၆ သိန်းခန့်) ထောက်ပံ့ပေးကြောင်း သတင်းရရှိသည်။
ယင်းငွေများကို ထိုင်းနိုင်ငံ ကန်ဖယ်ဖက်မြို့နယ်ရှိ ကုန်သွယ်ရေးဌာန တာဝန်ရှိသူများမှတဆင့် လာရောက် ပေးအပ်သွားခြင်း ဖြစ်ကြောင်း ကန်ဖယ်ဖက်မြို့ရှိ မိခင်နှင့် ကလေး ထိန်းသိမ်းရေး ဂေဟာတွင် တာဝန်ထမ်းဆောင်နေသူ နိုင်ခွမ်ချိုင်းက ဧရာဝတီသို့ ပြောသည်။
“သူတို့က လူကိုယ်တိုင်း မလာပါဘူး၊ ကန်ဖယ်ဖက်မှာရှိတဲ့ ကုန်သွယ်ရေးဌာနက လူတွေကနေတဆင့် ကလေးငယ်ကို သနားလို့ လာပေးတာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ထိုင်း သတင်းများအရ ငွေလာပေးသည့် ထိုင်းကုန်သွယ်ရေး ဌာနမှ တာဝန်ရှိသူများလည်း ကရင် မိန်းကလေးငယ်အတွက် ဘတ် ငွေ ၁၀၀၀၀ ပေးအပ် လှူဒါန်းသွားကြောင်း သိရသည်။
ယခုအခါ ကရင် မိန်းကလေးငယ် အတွက် စုစုပေါင်းငွေ ၅၈၆၆၃၂ ဘတ် ရရှိထားပြီး ဖြစ်သည်ဟု နိုင်ခွမ်ချိုင်းက ပြောသည်။
ကရင် မိန်းကလေးငယ်ကို လတ်တလောတွင် မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဂေဟာတွင် စောင့်ရှောက်ထားပြီး ၎င်း၏ အမှုတွဲနှင့် ပတ်သက်၍ လာမည့် တပတ်တွင် တရားရုံးက ခေါ်ယူစစ်ဆေးပြီးပါက ဘန်ကောက်မြို့ Rama Thibodi ဆေးရုံ၌ သွားရောက် ခွဲစိတ်ကုသရန် စီစဉ်ထားကြောင်း နိုင်ခွမ်ချိုင်းက ဆိုသည်။
ဆေးကုသရန်အတွက် ကုန်ကျငွေများကို ဆေးရုံမှ တာဝန်ရှိသူနှင့် ထိုင်းအစိုးရ ပူးပေါင်းပြီး ပုံမှန် အခြေအနေသို့ ပြန်ရောက်သည်အထိ တာဝန်ယူပေးမည်ဟု ထိုင်းအစိုးရ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ Thossaporn Serirak က ပြောဆို ထားသည်။
ကရင် မိန်းကလေးငယ်ကို အသက် ၃၅ နှစ်အရွယ် ထိုင်းအမျိုးသားနှင့် အသက် ၃၃ နှစ် အရွယ်ရှိ ထိုင်းအမျိုးသမီး လင်မယားက အိမ်တွင်း အခိုင်းအစေအဖြစ် ၅ နှစ်ကျော်ကြာ ပိတ်လှောင်ထားပြီး ခွေးလှောင်အိမ်အတွင်း ထည့်ထားခြင်း၊ ခန္ဓာကိုယ်အနှံ့ ရေနွေးပူဖြင့် ပက်ခြင်းတို့ကို ပြုလုပ်၍ ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း သိရသည်။
တရားရင်ဆိုင်ရမည် ဖြစ်သော ထိုင်းအလုပ်ရှင် လင်းမယားမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ထိုင်းအာဏာပိုင်များက ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေကြသည်။ ထိုင်းလင်မယားသည် အာဏာပိုင်များက စစ်ဆေးမေးမြန်းရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ချိန်းဆိုထားရာမှ ထွက်ပြေး တိမ်းရှောင်သွားခြင်း ဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးပေးသူအား ထိုင်းဘတ်ငွေ တသိန်းပေးမည် ဖြစ်ကြောင်း ဆုငွေ ထုတ်ပြန်ထားသည်။ ထိုအလုပ်ရှင် လင်မယားကို အသက်မပြည့်သူအား အဓမ္မ ခိုင်းစေမှု၊ လူကုန်ကူးမှု၊ ညှဉ်းပန်း နှိပ်စက်မှုတို့ အပါအဝင် စွဲချက် ၇ ချက်ဖြင့် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဝရမ်းထုတ်ကာ ဖမ်းဆီးခဲ့သော်လည်း စွဲချက်များကို ငြင်းပယ်ခဲ့သည်။ ထို့နောက် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များက ဘတ်ငွေ ၇ သိန်း အာမခံဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဆက်စပ် သတင်းများ
- ထိုင်းတွင် ကရင် မိန်းကလေးငယ်တဦး ၅ နှစ်ကြာ ပိတ်လှောင် နှိပ်စက် ခိုင်းစေခံရ
- ထိုင်းတွင် ညှဉ်းပန်းခံရသူ ကရင်မိန်းကလေးကို မြန်မာအစိုးရ သွားရောက်ကူညီ
- ကရင်မိန်းကလေးငယ် ဆေးကုစရိတ် ထိုင်းအစိုးရ တာဝန်ယူမည်
- ရေနွေးပူလောင်းခံရသူနဲ့ အင်တာဗျူး