ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် လျှပ်စစ်မီးကို အလုပ်ချိန်တွင် ခွဲတမ်းစနစ်နှင့် ပေးနေသောကြောင့် စီးပွားရေး သမားများ အခက်ကြုံနေရသည်ဟု မူဆယ်ဒေသခံများက ဆိုသည်။
အလုပ်ချိန်အတွင်း လျှပ်စစ်မီးကို ခွဲတမ်းစနစ်ဖြင့် ဆက်ပေးသွားမည် ဆိုပါက ကုန်ဈေးနှုန်းများ တက်သွားနိုင်သည်ဟု မူဆယ်စက်မှုဇုန်တွင် လုပ်ငန်း လုပ်ကိုင်နေသည့် ဦးစိုင်းထွန်းလူက ဧရာဝတီသို့ပြောသည်။
မူဆယ်မြို့တွင် လျှပ်စစ်ဓာတ်အားကို ယခင်က တရုတ်နိုင်ငံမှ ဝယ်ယူ သုံးစွဲခဲ့ကြရသည်။
“အရင် တရုတ်မီး သုံးတုန်းက မီး ပျက်တာ မရှိဘူး။ မီးအားမနိုင်လို့ ခွဲတမ်းနဲ့ ပေးတယ်ဆိုတာလည်း မရှိဘူး။ အခုဆိုရင် မီးပျက်လွန်းလို့ အလုပ်လုပ်ရတာ တော်တော် စိတ်ပျက်တယ်။ ပျက်တဲ့ အချိန်ကလည်း နေ့လယ်အလုပ်ချိန်လေ” ဟု ဦးစိုင်းထွန်းလူက ဆိုသည်။
မူဆယ်မြို့ တမြို့လုံး မကြာခဏ မီးပျက်နေမှုကြောင့် စက်မှုဇုန်တွင် လုပ်ကိုင်နေသူများအတွက် အလုပ်မဖြစ်ကြောင်း၊ စက်မှုလုပ်ငန်း ဆိုသည်မှာ လျှပ်စစ်မီးကို အားကိုး လုပ်ရသည့် လုပ်ငန်းဖြစ်ရာ မီးမရရှိသဖြင့် ဒုက္ခရောက် နေကြောင်း၊ ယခင်က တဘက်နိုင်ငံမှ ဝယ်ယူသုံးစွဲခဲ့ရာတွင် အဆင်မပြေမှုများ ရှိခဲ့သော်လည်း ယခု ပြည်တွင်း ကုမ္ပဏီထံမှ ဝယ်ယူ သုံးစွဲရာတွင် ပို၍ အဆင်မပြေ ဖြစ်ရကြောင်း ၎င်းက ပြောသည်။
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချခွင့်ကို အစိုးရက ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည့် Junction River ကုမ္ပဏီအား ၂၀၁၂ ခုနစ် နိုဝင်ဘာ မှစတင် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
လက်ရှိ အချိန် မူဆယ်မြို့ကို ဓာတ်အားဖြန့်ချိနေသည့် Junction River ကုမ္ပဏီသို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာ “မီးကို ခွဲတမ်းစနစ်နဲ့ ပေးတာမဟုတ်ပါဘူး။ မီးကြိုးတွေကို စိတ်မချလို့ စစ်ဆေးနေတာပါ။ မကြာခင် အချိန်ပြည့် ပြန်ပေးသွားမှာပါ” ဟု ပြန်လည် ဖြေကြားသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ လျှပ်စစ်ဓာတ်အား ခွဲတမ်းစနစ်ဖြင့် ပေးမည့် အချိန်ဇယားနှင့် အတူ တရပ်ကွက်လျှင်
၃ နာရီခန့် အလုပ်ချိန်အတွင်း မီးပျက်မည်ဟု အကြောင်းကြားစာ ပေးပို့ထားကြောင်းနှင့် လျှပ်စစ်မီးအား မနိုင်သည့်အတွက် ခွဲတမ်းစနစ်ဖြင့် ပေးသည်ကိုလည်း အကြောင်းကြားထားကြောင်း မူဆယ်မြို့ တောင်ရပ်ကွက်နေ စိုင်းအောင်မြတ်က ဧရာဝတီသို့ ပြောသည်။
“ဒီလို မီးပျက်တာ နှစ်လလောက်တော့ရှိပြီ။ ခွဲတမ်းစနစ်ကလည်း ရပ်ကွက်တိုင်းလိုလို နေ့လယ်ပဲ ပျက်တယ်။ အလုပ်ချိန်မှာ မီးအားမနိုင်လို့ လျှော့တယ်တဲ့။ အရင် တရုတ်မီးသုံးတုန်းက မီးအားမနိုင်လို့ဆိုတာ မရှိဘူး။ အမြဲတမ်း လာတယ်” ဟု စိုင်းအောင်မြတ်က ဆိုသည်။
နေ့လယ်ဘက် ခွဲတမ်းစနစ်ဖြင့် မီးပေးမှုကြောင့် မူဆယ်ဈေးရုံ အတွင်း ဈေးရောင်းသူများက မီးပျက်သည့်အခါ မီးစက်မောင်းပြီး ရောင်းချနေသည့် အတွက် မီးစက်ဆူညံသံနှင့် အခိုးအငွေ့ အနံ့အသက်များ ထွက်ပေါ်နေရာ ဈေးသည် ဈေးဝယ်များ စိတ် အနှောင့်အယှက် ဖြစ်ရကြောင်း မူဆယ်ဒေသခံများက ပြောသည်။
တရုတ်နိုင်ငံမှ ဝယ်ယူသုံးစွဲခဲ့သည့် ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နစ်အတွင်းတွင် လျှပ်စစ်မီးကို စိတ်ချစွာ သုံးစွဲခဲ့ရကြောင်း၊ မီးပျက်ခြင်း၊ မီးအားကျခြင်း များလည်း မရှိသလောက် နည်းပါးကြောင်း၊ သုံးစွဲခ တယူနစ်လျှင် ၁. ၅ယွမ် (၂၀၀ ကျပ်) ပေးရကြောင်း၊ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း မြန်မာအစိုးရမှ ပြန်လည်ဖြန့်ဝေသည့် အခါတွင် လုပ်ငန်းခွင်သုံး လျှပ်စစ်မီးကို တယူနစ် ၇၅ ကျပ်နှင့် သာမန်အိမ်သုံး လျှပ်စစ်မီးကို တယူနစ် ၃၅ ကျပ် နှုန်း ကောက်ခံသည့်အတွက် ဈေးလျော့ကျသွားသည်ဟု ဆိုနိုင်သော်လည်း ထိုအချိန်မှစ၍ မီးများ မကြာခဏပျက်လာပြီး ဗို့အား လျော့နည်း ကျဆင်းမှုများလည်း ဖြစ်ပေါ် လာသည်ဟု သိရသည်။
ထိုင်းနိုင်ငံ နယ်စပ်ဒေသ ဖြစ်သည့် မြဝတီမြို့သည်လည်း ယခုအချိန်အထိ ထိုင်းနိုင်ငံမှ လျှပ်စစ်မီး ဝယ်ယူ သုံးစွဲကာ အဆင်ပြေ နေကြောင်း၊ လျှပ်စစ်မီး ၂၄ နာရီရရှိပြီး မီးအား ကောင်းကာ တည်ငြိမ်မှု ရှိကြောင်း မြဝတီဒေသခံများက ဆိုသည်။
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ တိုးတက်ရေးဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်လုပ်ငန်းစု၏ အထူးကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံသို့ ၃ ရက်ကြာ ခရီးစဉ် ရောက်ရှိချိန်အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ အစိုးရဝန်ကြီးများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လူမှုအဖွဲ့အစည်းများကို တွေ့ဆုံခဲ့ပြီး လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေးစနစ်နှင့် ဘဏ်လုပ်ငန်း ပိုင်းဆိုင်ရာ ကိစ္စရပ်များကို တိုးမြှင့်ကူညီရန် သဘောတူညီချက်များ ရရှိခဲ့ကြောင်း သိရသည်။