အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က မတ် ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိကျင်းပခဲ့သော နိုင်ငံလုံးဆိုင်ရာ ညီလာခံအပြီးတွင် နိုင်ငံရေးဝါဒ သဘောထားနှင့်ရှေ့လုပ်ငန်းစဉ်များကို ထုတ်ပြန်လိုက်ရာ မူဝါဒ သဘောထားများတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုံးဝမပါရှိပေ။
၂၀၁၂ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား တန်းတူညီမျှရေး အပါအဝင် ရွေးကောက်ပွဲ ကြေညာစာတမ်းကို ထုတ်ပြန်ပြီး ရွေးကောက်ပွဲဝင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နှစ်ပေါင်း ၂၅ အတွင်း ပထမဆုံးအကြိမ် ကျင်းပသော ညီလာခံအပြီး ထုတ်ပြန်သော မူဝါဒနှင့်ရှေ့လုပ်ငန်းစဉ်များတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မပါဝင်တော့ဘဲ လူ့အခွင့်အရေး၊ ဒီမိုကရေစီအုတ်မြတ်ခိုင်မာရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပေါ်တွင် အခြေခံသော ဖွံ့ဖြိုးတိုးတက်ရေးတို့ တည်ဆောက်မည်ဟူသော မူဝါဒများသာ ပါဝင်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို စွန့်လွှတ်ခြင်း မဟုတ်၊ သို့ရာတွင် အဖွဲ့ချုပ်၏ နိုင်ငံရေးသဘောထားနှင့် ရှေ့လုပ်ငန်းစဉ်တွင် အဘယ်ကြောင့် မထည့်သွင်းထားသနည်း ဆိုသည်ကိုမူ မိမိနားမလည်ဖြစ်ရကြောင်း ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တော့ နားမလည်ဘူး။ ဘာကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး မပါလာတာလည်း မသိဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လမ်းစဉ်ကို မပစ်ပယ်ဘူး။ ရိုးရိုး ချွတ်ချော်သွားတာပါ။ ဒေါ်အောင်ဆန်းစုကြည်လည်း အကြိမ်ကြိမ် ပြောနေတာပဲ။ ဒီ သဘောထား ပြောင်းတာမျိုး မဟုတ်ဘူး။ ကျနော်လည်း ဆွေးနွေးတဲ့အထဲမှာ မပါဘူး။ ဗဟိုအလုပ်မှုဆောင်တွေပဲ ဆွေးနွေးကြတာ” ဟု ဦးဝင်းတင်က ဆိုသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်ရမည်ဖြစ်ပြီး လူထုလူတန်းစား အသီးသီးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြီး လူထုသဘောထား ထုတ်ဖော်ကာ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်သို့ အသိပေးရမည်ဖြစ်ကြောင်း ဦးဝင်းတင်က ဆိုသည်။
“အခြေခံဥပဒေပြင်ရေးကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီလုပ်ရမယ်။ ဒုတိယအချက်က လမ်းပေါ်ထွက်ရမယ်။ လမ်းပေါ်ထွက်ဆိုတာ ဆန္ဒပြဖို့မဟုတ်ဘူး။ လမ်းဘေးတွေမှာ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းမှာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးရှင်းလင်းပွဲတွေ လုပ်ရမယ်။ နိုင်ငံရေးပါတီတွေကလည်း လုပ်ရမယ်။ ဒါမှသာလျှင် လူထုအကြံပြုချက်တွေ ပေါ်လာမယ်။ ဆုံးဖြတ်ချက် ပေါ်လာမယ်။ လူထုထောက်ခံတာတွေ ပေါ်လာမယ်။ သူတို့သဘောထားတွေ ပေါ်လာမယ်။ ဒါတွေ အကုန်လုံးက ပြည်သူ့အသံတွေပဲ။ ဒီအသံတွေကို လွှတ်တော်ထဲ ပို့ရမယ်။ တိုင်းပြည်ရဲ့ဆန္ဒ၊ တိုင်းပြည်ရဲ့သဘောထားတွေ လွှတ်တော်ထဲ ရောက်သွားရင် လွှတ်တော်က သိပ်ငြင်းလို့မရတော့ဘူး” ဟု ဦးဝင်းတင်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အရန်ဗဟိုအလုပ်မှုဆောင်လည်းဖြစ်၊ မင်္ဂလာတောင်ညွှန့် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါ်ဖြူဖြူသင်းကလည်း အဖွဲ့ချုပ်နာယက ဦးတင်ဦး ကိုယ်တိုင် နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အလေးပေးပြောဆိုခဲ့ကြောင်း၊ သို့ရာတွင် မည်သည့်အတွက်ကြောင့် မူဝါဒတရပ်အဖြစ် မပါဝင်လာမှုကို မသိရှိကြောင်း ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြန်ကြားရေးတာဝန်ခံနှင့် ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်ကမူ ဖွဲ့စည်းပုံပြင်ဆင်ရေးသည် ရွေးကောက်ပွဲ ကြေညာစာတမ်းသာဖြစ်ပြီး အဖွဲ့ချုပ်၏ နိုင်ငံရေးဝါဒ သဘောထားနှင့်ရှေ့ဆက်လုပ်ငန်းစဉ်တွင် မပါဝင်သော်လည်း ထိုမူဝါဒကို စွန့်လွှတ်ခြင်း မဟုတ်ကြောင်း ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးဝါဒသဘောထားနှင့် ရှေ့လုပ်ငန်းစဉ်များတွင် နိုင်ငံရေးဝါဒ၊ နိုင်ငံခြားရေး၊ တိုင်းရင်းသားလူမျိုးများ၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လယ်ယာလုပ်ငန်း၊ အလုပ်သမား၊ ကျောင်းသားလူငယ်၊ လူထုဘဝသက်သာချောင်ချိရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော၊ ရိုးရာဓလေ့ထုံးတမ်း၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍတို့ပါဝင်သည်။
ကာကွယ်ရေးနှင့် လုံခြုံရေးအပိုင်းတွင် တပ်မတော်အပေါ် အဖွဲ့ချုပ်၏ သဘောထားများ ရှင်းလင်းဖော်ပြထားပြီး တပ်မတော်သည် နိုင်ငံအတွက် မရှိမဖြစ် လိုအပ်သောအဖွဲ့အစည်းဖြစ်သည်ဟု ယုံကြည်ကြောင်း၊ တပ်မတော်သည် ဒီမိုကရေစီကျင့်စဉ်ကို ကာကွယ်ဖြည့်ဆည်းသော အင်အားစုဖြစ်ရေး၊ ခေတ်မီတပ်မတော်ဖြစ်ရေး၊ ပြည်သူ့ချစ်ခင်သော တပ်မတော်ဖြစ်ရေး၊ တပ်မတော်နှင့်ကာကွယ်ရေး ယန္တရား တရပ်လုံးသည် အုပ်ချုပ်ရေးမဏ္ဍိုင်အောက်တွင် ရှိရေး တို့ကို အဖွဲ့ချုပ်၏ သဘောထားအဖြစ် ထုတ်ပြန်ဖော်ပြ ထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာညီလာခံက ဗဟိုကော်မတီဝင် ၁၂၀၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ဦးတို့ကို ရွေးချယ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များအဖြစ် ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ ဦးဝင်းထိန်၊ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာအောင်မိုးညို၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးကျော်ခင်၊ ဦးညီပု၊ ဒေါက်တာဦးမျိုးအောင်တို့ဖြစ်သည်။