ယနေ့ မတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပြီးသတ် အစီရင်ခံစာနှင့် ပတ်သက်ပြီး ဒေသခံများအပါအဝင် လက်ပံတောင်းအရေး တက်ကြွ လှုပ်ရှားသူများက ကျေနပ်မှု မရှိကြောင်း ပြောဆိုကြသည်။
လက်ပံတောင်းတောင် အပြီးသတ် အစီရင်ခံစာတွင် စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ရန် ဦးတည်ထားပြီး ဒေသခံများ၏ သဘောထားဆန္ဒကို လျစ်လျူရှုထားသည့် အစီရင်ခံစာသာဖြစ်ကြောင်း လက်ပံတောင်းအရေး ကူညီဆောင်ရွက်နေသည့် ကိုဟန်ဝင်းအောင်က ပြောသည်။
“ ဒီအစီရင်ခံစာကို လုံး၀ ကန့်ကွက်တယ်။ ဒီအစီရင်ခံစာက စီမံကိန်းကို ဆက်လုပ်ဖို့ လုပ်တဲ့ အစီရင်ခံစာတစ်ခုပဲ ဖြစ်တယ်” ဟု ပြောဆိုသည်။
အစိုးရပိုင် သတင်းစာများတွင် မြန်မာဘာသာဖြင့် ရေးသားပုံနှိပ်ထားသော အပြီးသတ် အစီရင်ခံစာတွင် လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်အနေဖြင့် ယခု ကြေးနီစီမံကိန်းကို စီးပွားရေးရှုထောင့်မှ အကျိုးရှိစွာ လုပ်ကိုင်နိုင်သည်ကို ပြတ်သားစွာ သုံးသပ်ထားသည်။ အနာဂတ် မျိုးဆက်များအတွက် အကျိုးရှိစေရန်လည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုများကို ကျင့်သုံးရန်လိုအပ် ကြောင်း၊ ကြေးနီစီမံကိန်းနှင့်ပက်သက်ပြီး ရွေးချယ်ဆုံးဖြတ်ရာတွင် စီးပွားရေးအတွက် အကျိုးရှိမှု၊ နိုင်ငံတကာဆက်ဆံရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ခြုံငုံ စဉ်းစားရန်လိုအပ်ကြောင်း ရေးသားထားသည်။
သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ဆန်းစစ်ချက်များ စနစ်တကျ ပြုလုပ်ထားခြင်း မရှိကြောင်း၊ ဒေသခံများအတွက် လူမှုစီးပွားရေးဘ၀ တိုးမြှင့်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်း ထိရောက်စွာ ဖော်ဆောင်ထားနိုင် ခြင်းမရှိသောကြောင့် လက်ရှိအတိုင်း ကြေးနီစီမံကိန်းကို ဆက်လက် လုပ်ကိုင်ရန် မသင့်ကြောင်း အကြံပြုချက်တွင် ပါဝင်သည်။
သို့သော် စီးပွားရေးလုပ်ငန်းကို ဖျက်သိမ်းပါက မြန်မာနိုင်ငံအနေဖြင့် သဘောတူစာချုပ်ကို လေးစားလိုက်နာခြင်းမရှိသည့် ထင်မြင်မှုများ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအကြား ပေါ်လာနိုင်ပြီး လာရောက်ရင်းနှီးမြုပ်နှံလိုသော နိုင်ငံ ခြား ကုမ္ပဏီများ၏ ရင်းနှီးလိုစိတ်ကို လျော့နည်းသွားနိုင်ကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတွင် ပြေလည်မှု မရှိသည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ စီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းကြောင့် ဒေသခံများ၏ အကျိုးစီးပွားဖြစ်ထွန်းမှု အလားအလာကို ရပ်တန့်ရုံမက ပတ်ဝန်းကျင်ပြန်လည်ပြုပြင်ရေးတွင်လည်း အခက်အခဲများရှိလာနိုင်မည်ဖြစ်ကြောင်း ဆိုပြီး ယင်းနည်းလမ်းကိုလည်း ရွေးချယ်ရန် မသင့်ဟု အကြံပြုသည်။
ထို့ကြောင့် ကြေးနီစီမံကိန်းအပေါ် လေ့လာတွေ့ရှိချက်များအရ အားနည်းချက်များကို ပြုပြင်ကာ နိုင်ငံတော်၊ ဒေသခံပြည်သူများ၏ အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်အတွက် အကျိုးရှိစေမည့် အစီအမံများချမှတ်ပြီး စီမံကိန်းကို ဆက်လုပ်လုပ်ဆောင်ရန် နည်းလမ်းများကိုလည်း အကြံပြုထားသည်။ နိုင်ငံတော်အနေဖြင့် ယခုထက် ပိုမိုအကျိုးအမြတ်ရစေရန် မြန်မာ့စီပွားရေးဦးပိုင်လီမိတက်နှင့် ဝမ်ပေါင် ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်များကို ပြန်လည်ပြင်ဆင်ချုပ်ဆိုပြီး စီမံကိန်းကို ဆက်လက်အကောင်ထည်ဖော်ရန် အကြံပြုထားသည်။
ထို့အပြင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ဆန်းစစ်ခြင်း အစီရင်ခံစာ၊ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု စီမံချက်၊ လုပ်ငန်းခွင် ကျန်းမာရေး နှင့်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှု စနစ်တို့ကို စနစ်တကျရေးဆွဲပြီး ဆောင်ရွက်ရန်၊ မြေလျော်ကြေးများကို ကာလတန်ဖို့အတိုင်း ပြင်ဆင်တိုးမြှင့်လျော်ပေးရန်၊ လိုအပ်သည့် ပမာဏကိုသာ သိမ်းဆည်းပြီး ကျန်မြေများကို ကျေးရွာလူထုသို့ ပြန်လည်ခွဲဝေပေးရန်၊ ဒေသခံများအတွက် ကုမ္ပဏီတွင် အလုပ်ခန့်ထားသည့်အပြင် အသေးစား နှင့် အလတ်စား လုပ်ငန်းများထူထောင်ပေးရန်တို့ကိုလည်း အကြံပြုထားသည်။ လယ်တီဆရာတော်ဘုရားကြီး၏ ကျမ်းပြုရာနေရာကိုလည်း ယခုနေရာတွင် ဆက်လက်တည်ရှိနေလျှင် မဖြစ်နိုင်သောကြောင့် မူလပုံစံအတိုင်း လုံးဝထိခိုက်ပျက်စီးမှုမရှိစေဘဲ တခြား သင့်လျော်သောနေရာသို့ ပြောင်းရွှေပေးသင့်ကြောင်း အကြံပြုထားသည်။
ဆန္ဒပြ သပိတ်စခန်းဖြိုခွဲခံရမှုနှင့် ပတ်သက်ပြီးလည်း အစီရင်ခံစာတွင် မီးခိုးဗုံးကိုသာ အသုံးပြုပြီး ပိုလီယက်စတာ အဝတ်စများ၊ တာပေါ်လင်ခေါ် ပလက်စတစ်မိုး ကာစများ နှင့် ထိတွေ့လျှင် မီးလောင်နိုင်ကြောင်း၊ မီးခိုးဗုံး အများအပြားကို အသုံးပြုပါက ပတ်ဝန်းကျင်ရှိ လောင်စာအမျိုးအစားပေါ်မူတည်၍ ပြင်းထန်ကြာမြင့်စွာ လောင်ကျွမ်းနိုင်ကြောင်း ရေးသားထားသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ယခုလို မီးခိုးဗုံးမျိုးကို ယာယီ အဆောက်အအုံရှိသည့် နေရာမျိုးတွင် စမ်းသပ်ခဲ့ခြင်း မရှိခဲ့သဖြင့် မီးခိုးဗုံး၏ အာနိသင်ကို သိရှိခြင်း မရှိကြောင်း၊ မသိပဲ သုံးစွဲမှုကြောင့် မမျှော်မှန်း မလိုလားအပ်သော မီးလောင်ဒဏ်ရာများ ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ်အချို့ ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
ရဲတပ်ဖွဲ့များ နိုင်ငံတကာအဆင့်မီစေရန် ပြုလုပ်သင့်သောအချက်များ ပါဝင်ခဲ့သော်လည်း လက်ရှိ တွေ့ကြုံနေရသော အနေအထားများအရ နည်းပညာပိုင်းများ အဆင့်မီစေရန်သာမက စည်းကမ်းနှင့် စိတ်ဓါတ်ရေးရာများပါ ပြုပြင်ရန်လိုအပ်ကြောင်း လက်ပံတောင်းတောင် ဆန္ဒပြမှုတွင် ဦးဆောင်သံဃာတစ်ပါးဖြစ်သည့် ဥူးဇဝနက မိန့်ကြားသည်။
“ ရဲတွေမှာ ညစ်ပတ်တဲ့ စိတ်တွေ ရှိနေတာကို ကြုံတွေ့ခဲ့ရတယ်။ ဒီ့အပြင် ဥပဒေဆိုတာကိုလည်း သူတို့က လုပ်ချင်သလို လုပ်လို့ရအောင်လုပ်ထားတာ။ ဒါတွေ အများကြီး ပြုပြင်ရဦးမယ်။ နောက်ပြီး သပိတ်စခန်းဖြိုခွဲတာ ဘယ်သူအမိန့်ဆိုတာ အခုချိန်ထိ မဖော်သေးဘူး။ အောက်ခြေရဲတပ်ဖွဲ့ဝင်တွေက အမိန့်ပေးတဲ့သူရှိမှ လုပ်လို့ရမှာ ” ဟု ဥူးဇဝနက မိန့်သည်။
ဆန္ဒပြ သပိတ်မှောက်မှုတွင် ဦးဆောင်သံဃာတစ်ပါးဖြစ်သည့် ဥူး ဝိသိဓ ္ထဓမ္မက “ သပိတ်စခန်းဖြိုခွဲတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လုံး၀ မကျေနပ်ဘူး။ ဒီအစီရင်ခံစာကို လုံး၀ မကျေနပ်ဘူး။ နောက်ပြီး ဒီအစီရင်ခံစာအရ ဒေသခံတွေ ကျေနပ်မှုမရှိဘူးဆိုရင် နောက်ထပ် ပြသနာတွေ ဖြစ်လာနိုင်တယ်။ နောက်ဆုံး သွေးချောင်းစီးတာတွေပါ ဖြစ်လာနိုင်တယ် ” ဟု မိန့်ကြားသည်။
ရှေ့နေများကွန်ယက်မှ ဦးသိန်းသန်းဦးကလည်း ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဆန္ဒပြခဲ့ကြသော သပိတ်စခန်းများကို ဖြိုခွဲသည့်ကိစ္စနှင့် ပတ်သက်ပြီး ကျူးလွန်သည့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကိုလည်း အရေးယူမှ တရားမျှတမည်ဖြစ်ကြောင်း ပြောဆိုသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး၊ ဆက်လက် လုပ်ဆောင်ရေးနှင့် ပတ်သက်ပြီး ယခု စုံစမ်းရေးကောင်မရှင်နှင့်ပင် ဆုံးဖြတ်ရန် မသင့် ကြောင်း၊ ယခုကော်မရှင်ကို လွတ်လပ်သည့်ကော်မရှင်ဟု မယူဆကြောင်း၊ ယခုကော်မရှင်တွင် အစိုးရဘက်နှင့် ကင်းလွတ်သူများ နည်းပါးပြီး အစိုးရ၊ ဦးပိုင်ကုမ္ပဏီ၊ ဝမ်ပေါင်ကုမ္ပဏီ၊ လွတ်လပ်သော ထင်ရှားသည့် ဥပဒေပညာရှင်များ၊ သဘာဝပတ်ဝန်း ကျင် ကျွမ်းကျင်သူများ၊ နိုင်ငံရေးသမားများနှင့် ဒေသခံများအားလုံး စုပေါင်းပြီးမှ ဆုံးဖြတ်သင့်ကြောင်း၊ သွေးချောင်းစီးမည့်အရေးကိုတော့ သက်ဆိုင်ရာ အစိုးရအဖွဲ့များရော ဒေသခံများပါ ရှောင်ရှားသင့်ကြောင်း ဦးသိန်းသန်းဦးက ဆိုသည်။
စုံစမ်းရေးကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အစီရင်ခံစာနှင့် ပတ်သတ်၍ ဒေသခံများ မကျေနပ်ပါက ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်ကြရန် ယနေ့ ပြည်ထောင်စုလွှတ်တော် ခေတ္တရပ်နားချိန်တွင် ပြောကြားကြောင်း သိရသည်။ အစီရင်ခံစာ နောက်ဆက်တွဲအနေဖြင့် လက်ပံတောင်းတောင် ဒေသခံများနှင့်တွေ့ဆုံရန် မတ်လ ၁၃ ရက်တွင် နေပြည်တော်မှ မုံရွာမြို့သို့ သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
တက်ကြွလှုပ်ရှားသူ ဒေသခံများကမူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းသည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။
လက်ပံတောင်းကိစ္စနှင့် ပက်သက်ပြီး တောင်းဆိုမှုများအားလုံးသည် လုံးဝဖျက်သိမ်းရေးကို တညီတညွတ်တောင်းဆိုခဲ့ပြီးဖြစ်ကြောင်း၊ တောင်းဆိုမှုများကို မရမချင်းဆက်လက် လုပ်ဆောင်သွားရန် တိုင်ပင်နေပြီဖြစ်ကြောင်း လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီမှ ဥက္ကဌဖြစ်သူ ဦးချစ်ခင်က ဆိုသည်။
“ ဆက်လုပ်မယ်ဆိုရင် ကန့်ကွက်မှာပဲ။ အခြေအနေပေါ်မူတည်ပြီး တရားဥပဒေမဲ့တော့ မလုပ်ဘူး။ ဒေသကြီးတစ်ခုလုံး ပျက်ဆီးစေမယ့် ဒီစီမံကိန်းကို လုံး၀ လက်မခံဘူး။ အားလုံးနဲ့ တိုင်ပင်ပြီးတော့မှ ဘာတွေဆက်လုပ်မယ်ဆိုတာ ပြောနိုင်မယ် ” ဟု ဦးချစ်ခင်က ဆိုသည်။
အစီရင်ခံစာနှင့် ပက်သက်ပြီး လူအားလုံး ကျေနပ်သည့်အဖြေကို မည်သည့်ကိစ္စတွင်မှ ရှိနိုင်မည်မဟုတ်ကြောင်း၊ ကော်မရှင်မှ စုံစမ်းမှုများအတွက် ချဉ်းကပ်ပုံများ၊ အသုံးပြုသွားသော ပညာရှင်များကို ကြည့်မည်ဆိုလျှင် နိုင်ငံတကာအဆင့်မီသော ဆုံးဖြတ်ချက်တစ်ခုကို ရှာပေးခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။
“အမေရိကန်နိုင်ငံမှာတောင် ဒီလို ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေလုပ်ရင် ဒီလိုပြသနာမျိုးတွေ ရှိနိုင်ပါတယ်။ ကျနော်တို့လုပ်ရမှာက အကျိုးကိုများများ ရအောင်နဲ့ အပြစ်ကို နည်းနည်းဖြစ်အောင် လုပ်ရမယ်။ ဘာမှမလုပ်တော့ဘူးဆိုတာမျိုးတော့ ဘယ်နိုင်ငံမှာမှ ဒီလိုဖွံ့ဖြိုးတိုးတက်မှုလုပ်တဲ့ စီမံကိန်းတွေကို လုပ်မှာမဟုတ်ဘူးလေ ” ဟု ဦးရဲထွဋ်က ပြောဆိုသည်။
ထို့အပြင် ၎င်းအစီရင်ခံစာကို ဒေသခံများအနေဖြင့် ကျေနပ်မှု မရှိသောကြောင့် ဆန္ဒထုတ်ဖော်ကြမည်ဆိုလျှင်လည်း ဆန္ဒထုတ်ဖော်ခြင်းနှင့်ဆိုင်သော လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ရန် လိုအပ်ကြောင်း၊ အစီရင်ခံစာတွင်လည်း ထောက်ပြထားပြီးဖြစ်ကြောင်း၊ ဥပဒေအတိုင်း လိုက်နာခြင်းမရှိပဲ အတင်းပြုလုပ်မည်ဆိုပါက လိုအပ်သော ကာကွယ်တားဆီးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။