ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းမှုကို ပြန်လည်ရုပ်သိမ်းရန် နိုင်ငံရေးအဖွဲ့အစည်းများ၊ သတင်း မီဒီယာ အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများက ယနေ့တောင်းဆိုလိုက်ကြသည်။
ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ယုဇနဂါးဒင်းဟိုတယ်တွင် ယနေ့ကျင်းပပြုလုပ်သော ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအပေါ် ဆန့်ကျင် ကန့်ကွက် ရှုတ်ချခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ဆွေးနွေးပွဲအပြီး ထုတ်ပြန်သော အဖွဲ့အစည်းပေါင်းစုံ စုစည်းထားသည့် သဘောထား ကြေညာချက်တွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို ပြန်ရုပ်သိမ်းရန် ထုတ်ပြန် ကြေညာလိုက်ခြင်းဖြစ်သည်။
သတင်း အဖွဲ့အစည်းများဖြစ်ကြသည့် မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း(MJA) ၊ မြန်မာနိုင်ငံ သတင်းစာဆရာများ သမဂ္ဂ (MJU)၊ မြန်မာ ဂျာနယ်လစ် ကွန်ယက်(MJN)၊ သတင်း လွတ်လပ်ခွင့် ကော်မတီ ၊ သတင်းဌာနများ၊ လူမှုရေးနှင့် နိုင်ငံရေး အဖွဲ့အစည်းများဖြစ်ကြသည့် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ စုစည်းရေးကော်မတီ(ပြည်တွင်း) ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်တို့အပြင် လွတ်လပ်သော ထုတ်ဝေရေး လုပ်ငန်းရှင်များက ပြန်ကြားရေးဝန်ကြီးဌာန၏ ဥပဒေကြမ်းသည် နိုင်ငံသားတို့၏ အခွင့်အရေးနှင့် သတင်းမီဒီယာများ၏ လွတ်လပ်ခွင့်ကို ပြောင်တင်းစွာ ထိန်းချုပ်ထားသဖြင့် ဥပဒေကြမ်း ပြန်လည်ရုပ်သိမ်းရေး ပူးပေါင်း တောင်းဆိုသွားကြမည်ဖြစ်ကြောင်း ပြောဆိုလိုက်ကြသည်။
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဋ္ဌ မောင်ဝံသက မကျန်းမာနေသည့်ကြားက အစည်းအဝေးသို့ တက်ရောက်လာပြီး အစိုးရ ပုံနှိပ်ဥပဒေကြမ်းမှာ ဒီမိုကရေစီစနစ်မှ နောက်ကြောင်းပြန်သွားနေသည့် လုပ်ရပ်ဖြစ်သဖြင့် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဥပဒေကြမ်းကို ဆင်ခြင်သုံးသပ်သင့်သည်ဟု ဆိုသည်။
“ကျနော်ဒီနေရာကနေ ပြောချင်တယ်။ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီဥပဒေကြမ်းကို ပြန်ပြီး သုံးသပ်ပါလို့ ပြောချင်တယ်” ဟု မောင်ဝံသက ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားများဖြစ်ကြသည့် ကိုပြုံးချိုနှင့် ကိုဂျင်မီတို့ကလည်း အစိုးရ ပုံနှိပ်ဥပဒေကြမ်းသည် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ထားသဖြင့် ၈၈ မျိုးဆက်တဖွဲ့လုံးအနေဖြင့် သဘောထားကြေညာချက် ထုတ်ပြန် ကန့်ကွက်သွားမည်ဟု ပြောဆိုလိုက်သည်။
“နှစ်ချက်ရှိတယ်။ အစိုးရအနေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်ကို မချုပ်ကိုင်သင့်ဘူး။ နောက်တချက်က အစိုးရ ပုံနှိပ်ဥပဒေကြမ်းက ပွင့်လင်းမြင်သာမှုမရှိဘူး။ အပြောင်းအလဲသွားနေတဲ့အချိန်မှာ မီဒီယာက အရမ်း အရေးကြီးတယ်။ ဒီမိုကရေစီအရေးအတွက် မီဒီယာတွေက အားဖြည့်နေတယ်လို့ ရှုမြင်သင့်တယ်”ဟု ၈၈ မျိုးဆက် ကျောင်းသား ကိုပြုံးချိုက ပြောသည်။
ပြည်သူ့ခေတ်ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာ ဦးဖေမြင့်ကလည်း အစိုးရပုံနှိပ်ဥပဒေကြမ်းတွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ မှတ်ပုံတင်အရာရှိသည် သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်ခွင့်၊ သက်တမ်းတိုးခွင့်၊ ရုပ်သိမ်းခွင့်များ လုပ်ပိုင်ခွင့်ရှိသဖြင့် အထူးအာဏာ ပေးအပ်ထားသကဲ့သို့ ဖြစ်နေကြောင်းပြောသည်။
“ပြန်ကြားရေးက အထူးအာဏာ သုံးရပ် ရထားတယ်။ လုပ်ငန်းလုပ်ကိုင်ခွင့်၊ သက်တမ်းတိုးခွင့်၊ လုပ်ငန်းရုပ်သိမ်း ပိတ်ပင်ခွင့်။ တကယ်တော့ တရားစီရေးမဏ္ဍိုင်က လုပ်ရမယ့် အလုပ်တွေကိုပါ သူက ယူထားတာ။ အဲဒီတော့ ဒီဥပဒေက စာနယ်ဇင်းတွေကို ထိန်းချုပ်ထားဖို့ ရည်ရွယ်ထားတာပဲ” ဟု ဦးဖေမြင့်က ပြောသည်။
မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိရေးအသင်းကမူ ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး ထောက်ခံကြောင်း ယနေ့ သဘောထားကြေညာချက်ထုတ်ပြန်သည်။
သို့ရာတွင် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းအချို့ကမူ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိရေးအသင်း၏ ထုတ်ပြန်ချက်သည် ပုံနှိပ်ထုတ်ဝေသူ လုပ်ငန်းရှင်အားလုံးကို ကိုယ်စားမပြုကြောင်း ပြောဆိုလိုက်ကြသည်။
“ငါတို့စာပေ”ထုတ်ဝေရေးပိုင်ရှင် စာရေးဆရာ မြေမှုန်လွင်က “ဒီပွဲနဲ့ တပြိုင်နက်တည်း စာပေထုတ်ဝေသူနဲ့ ဖြန့်ချိရေးအသင်းကလည်း ဥပဒေကြမ်းကို ထောက်ခံတဲ့ပွဲ လုပ်တယ်။ ဒါက စာပေထုတ်ဝေရေးလုပ်ငန်းရှင် အားလုံးကို ကိုယ်စားမပြုဘူး။ ကျနော်အနေနဲ့ စာပေထုတ်ဝေရေး လုပ်ကိုင်သူတယောက်အနေနဲ့ ဒီဥပဒေကြမ်းကို ကန့်ကွက်တယ်။ ဒီဥပဒေအရဆိုရင် ထုတ်ဝေခွင့် မှတ်ပုံတင် ပြန်ကြားရေး ထုတ်ပေးမယ်၊ ရုပ်သိမ်းနိုင်တယ်။ ထုတ်ထားတဲ့ စာအုပ်စာပေတွေကို အရင်စိစစ်ရေးတုန်းကလိုပဲ သူတို့ဆီ သွားပေးရမယ်ဆိုတာတွေပါတယ်။ အဲဒီတော့ ကျနော် ကန့်ကွက်တယ်” ဟု ဆိုသည်။
“သမဂ္ဂ”ဂျာနယ် ထုတ်ဝေသူ ဦးသန်းဦးကလည်း အစိုးရပုံနှိပ်ဥပဒေကြမ်းကို ထုတ်ဝေသူများက ထောက်ခံသည်ဆိုသော ပြောဆိုချက်များမှာ ပုံနှိပ်ထုတ်ဝေသူလုပ်ငန်းရှင် အားလုံးကို ကိုယ်စားမပြုကြောင်း အစည်းအဝေးတက်ရောက်လာ သူများကို ရှင်းလင်းပြောဆိုသည်။
သတင်း လွတ်လပ်ခွင့်ကော်မတီမှ ပြန်ကြားရေး တာဝန်ခံ ကိုဇော်သက်ထွေးက “သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ထားသော ပုံနှိပ်ဥပဒေကြမ်းကို ပြည်သူတွေပါ နားလည်သိရှိနိုင်အောင် လှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ပါ့မယ်” ဟု ပြောသည်။
သတင်း လွတ်လပ်ခွင့် ကော်မတီက အစိုးရ ပုံနှိပ်ဥပဒေကြမ်းကို ကန့်ကွက်သော လက်မှတ်များ စုဆောင်းထားရှိမှုအရ ယနေ့အထိ လက်မှတ် ၂၅၀ နီးပါးရရှိနေပြီး များမကြာမီ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများထံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန ဒု ဝန်ကြီး ဦးရဲထွဋ်ကမူ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းသည် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဥပဒေကို ပယ်ဖျက်ရေးအတွက် တင်သွင်းခြင်းဖြစ်ကြောင်း၊ ဗဟိုကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းမှုမှာလည်း နောက်ကြောင်းပြန်လှည့်ပြီး စာနယ်ဇင်းနှင့်သတင်းလွတ်လပ်ခွင့် ကိုထိန်းချုပ်ရန် မဟုတ်ကြောင်း ကိုယ်ပိုင်ဖေ့ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။
ပြည်သူ့လွှတ်တော်အားကစား၊ ယဉ်ကျေးမှုနှင့်ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်က မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲနေသော မီဒီယာဥပဒေကြမ်း ထွက်ရှိသည်အထိ ပြန်ကြားရေးဝန်ကြီး ဌာနက ရေးဆွဲတင်သွင်းလာသော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ဆိုင်းငံ့ထားသင့်ကြောင်း တရားဝင် ထုတ်ပြန် ပြောဆိုထားပြီးဖြစ်သည်။