မသန်စွမ်းသူများအား လူမှုပတ်ဝန်းကျင်တွင် ခွဲခြားဆက်ဆံ ခံရမှုများ ရှိနေပြီး တန်းတူအခွင့်အရေး ရရှိမှု နည်းပါး နေသဖြင့် လူ့အခွင့်အရေးများစွာဆုံးရှုံးနေရကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ စီမံကိန်း ဒါရိုက်တာ ဦးအောင်ကိုမြင့် က ပြောသည်။
လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်နေထိုင်သွားလာမှု စသည့် အခြေအနေများတွင် ခွဲခြားဆက်ဆံမှုများစွွာ ရှိနေကြောင်း၊ အစိုးရဌာနများ၊ ကုမ္ပဏီများက အလုပ်ခေါ်ယူရာတွင်လည်း ကျန်းမာသန်စွမ်းရန် လိုအပ်ကြောင်း ထည့်သွင်း ဖော်ပြချက်များသည် မသန်စွမ်းသူများကို ပစ်ပယ်ထားရာရောက်နေကြောင်း၊ မတရားဖိနှိပ် အနိုင်ကျင့်ခံရမှု များစွာလည်း သာမန်လူများထက် ပိုမိုခံစားရကြောင်း သိရသည်။
“အစိုးရက အကောင်အထည် ဖော်ပေးတယ် ဆိုပေမယ့် ကာယကံရှင်လောက် ခံစားချက်ကို ဘယ်သူမှ မသိနိုင်ပါဘူး။ ကျနော်တို့ အနေနဲ့ သိအောင် ပြောပြခွင့် ရရင်တော့ ကောင်းတာပေါ့။ အကောင်အထည် ဖော်ပေးပေမယ့်လည်း ခုချိန် ထိတော့ ကျေနပ်လောက်တဲ့ အတိုင်းအတာ မဟုတ်ပါဘူး”ဟု စီမံကိန်း ဒါရိုက်တာ ဦးအောင်ကိုမြင့်က ပြောသည်။
အစိုးရအနေဖြင့် မသန်စွမ်းသူများသွားလာနိုင်ရန် လမ်းများကို ပြုပြင်ပြီး လျှောက်လမ်းများ ပြုလုပ်ပေးသင့်ကြောင်း၊ အချို့ နေရာများတွင် လျှောက်လမ်းများ ပြုလုပ်ပေးသော်လည်း သွားလာရေး အဆင်မပြေ ဖြစ်နေကြောင်း၊ မသန်စွမ်း သူများ မြို့တွင်း သွားလာနိုင်ရန် ခရီးသည်တင် ကားများ ရှိသင့်ကြောင်း၊ မသန်စွမ်း ဥပဒေ ရေးဆွဲနေသဖြင့် ဥပဒေ တွင် မသန်စွမ်းသူများ အပေါ် အမှန်တကယ် တန်းတူအခွင့်အရေး ရရှိနိုင်မည့် အချက် အလက်များ ပါဝင်သင့်ကြောင်း ၎င်းက သုံးသပ်သည်။
“လိုင်းကားတွေက ခရီးသည်ရအောင် အတင်း လုမောင်းနေကြတယ်၊ ကျနော်တို့ မျက်မမြင်တွေကလည်း လိုရာခရီး ရောက်အောင် သွားလိုပေမယ့် မသန်စွမ်း တယောက်ကို ဘယ်သူမှ ကားပေါ် မတင်ချင်ဘူး” ဟု ၎င်းက ဆိုသည်။
၂၀၁၂ ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းတွင် တောင်ဒဂုံမြို့နယ် အတွင်း၌ အသက် ၁၂ နှစ်အရွယ် မသန်စွမ်း မိန်းကလေးငယ် တဦးကို သဘာဝအတိုင်း မဟုတ်သည့် အဓမ္မပြုကျင့်မှု တခုဖြစ်ပွားခဲ့ကြောင်း၊ လွန်ခဲ့သော ၅ နှစ်လောက်က ခြေနှစ်ဖက်မရှိသော မသန်စွမ်းသူတဦးအား ခြေတု တပ်မထားသည့် အချိန်တွင် ဓားဖြင့် အချက်ပေါင်း မြောက်မြားစွာထိုးကာ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ တောင်ဥက္ကလာပ မြို့နယ်တွင် မီးလောင်မှုနှင့် မင်္ဂလာတောင် ညွန့် မီးလောင်မှု ဖြစ်ပွားစဉ် ကလည်း မသန်စွမ်းသူများ သေဆုံးခဲ့ရကြောင်း ရွှေမင်းသား ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောသည်။
“ဒီလိုဖြစ်စဉ်မျိုး မကြာခဏ တိုင်ကြားတာတွေ၊ အသိပေးတာတွေ၊ ရင်ဖွင့်တာတွေ အများကြီး ရှိခဲ့တယ်။ ပညာရေး မှာလည်း ငြင်းပယ်ခံရတယ်၊ သို့မဟုတ် လှိုက်လှိုက်လှဲလှဲ မကြိုဆိုဘူး။ ကျောင်း အခမ်းအနားတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု နေရာတွေမှာ ဒီလို အဖြစ်တွေ အများကြီး ကြုံနေရတယ်” ဟု ၎င်းက ဆိုသည်။
မသန်စွမ်းသူများ အနေဖြင့် မသန်စွမ်း ဖြစ်နေရခြင်း ကြောင့် စိတ်ဓာတ် မကျဘဲ စိတ်ဓာတ် မြင့်မား ခိုင်မာအောင် ကြိုးစားဖို့ လိုကြောင်း၊ ကာယကံရှင် မသန်စွမ်းများသာ ကြိုးစားရုံမျှ မကဘဲ လူမှုဝန်းကျင် တခုလုံးကပါ မသန်စွမ်းသူ များနှင့် ထိတွေ့ ဆက်ဆံပြီး အားပေးမြှင့်တင် ပေးရန် လိုကြောင်း၊ ၎င်းတို့အတွက် အစိုးရကလည်း ပိုမို အာမခံချက် ပေးနိုင်ရန်နှင့် ပြည်သူ့လွှတ်တော် အနေဖြင့်လည်း ၎င်းတို့အတွက် အာမခံချက် ပေးနိုင်မည့် ဥပဒေများကို ထုတ်ပြန် ပေးရန် တိုက်တွန်း ကြောင်း ရှေ့နေများကွန်ရက်မှ ဦးအောင်သိန်းက ဧရာဝတီသို့ ပြောသည်။
မသန်စွမ်းသူများကို အကာအကွယ်ပြုနိုင်မည့် ဥပဒေတရပ်ကို အစိုးရက ရေးဆွဲနေကြောင်း၊ အဆိုပါ ဥပဒေတွင် မသန်စွမ်းသူများ၏ လိုအပ်ချက်များ အမှန်တကယ် ရရှိရေး၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အပြည့်အဝ မဲပေးခွင့် ရရှိရေး နှင့် မသန်စွမ်းသူများ ဥပဒေကို လွှတ်တော်က မြန်ဆန်စွာ ပြဌာန်းနိုင်ရေး ကြိုးပမ်းသွားကြမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် The Leprosy Mission Myanmar တို့ပူးပေါင်း ကောက် ယူ သော စစ်တမ်းအရ လူဦးရေ သန်း ၅၀ တွင် မသန်စွမ်းသူ ဦးရေ ၁ ဒသမ ၃ သိန်းခန့် ရှိကြောင်း ၊ လူဦးရေ သန်း ၆၀ ဖြစ်မည် ဆိုပါက မသန်စွမ်းသူဦးရေ ၁ ဒသမ ၅ သိန်းခန့် ရှိနိုင်ကြောင်း သိရသည်။