လက်ပံတောင်း ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ဒေသခံများကို လိုက်လံရှင်းပြရာတွင် ဒေသခံ ရွာအတော်များများက လက်မခံပဲ ဆန္ဒပြမှုများနှင့် ဆက်တိုက်တွေ့ကြုံခဲ့ရာ မအောင်မြင်ဘဲ မုံရွာမြို့သို့ ပြန်လည်ထွက်ခွာခဲ့ပြီ ဖြစ်သည်။
ယနေ့ မတ်လ ၁၄ ရက်နေ့ မနက် သပိတ်စခန်း ဖွင့်ထားသော တုံရွာတွင် ဆန္ဒပြသူများနှင့် တွေ့ဆုံရန် အသွား ရွာထဲသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ကို လုံး၀ အဝင်မခံသည့်အပြင် ရွာအပြင်ဘက်တွင်လည်း “ လက်ပံတောင်းတောင် စီမံကိန်းဖျက်သိမ်းပေး၊ မီးလောင်ဗုံး တရားခံ ဖော်ထုတ်ပေး၊ စုံစမ်းရေးကော်မရှင် အစီရင်ခံစာ အလိုမရှိ ” စသည်ဖြင့် အော်ဟစ်ကြွေးကြော်ခဲ့ကြကာ ပြန်လည်ဆန္ဒပြခဲ့ကြသည်။
“ ရွာအ၀ လမ်းမှာတင် ဒေါ်စုက စကားပြောသွားရတယ်။ သူကတော့ ဒီစီမံကိန်းကို ဆက်လုပ်ရမှာပဲလို့ပြောတယ်။ တကယ်လို့ ရွာသူရွာသားတွေက မကျေနပ်တာရှိရင် သူ့ကို ပြောပါလို့တော့ ပြောသွားတယ်။ ဒေသခံတွေဘက်က နစ်နာကြေးတွေပေးဖို့ မတောင်းဆိုဘူး။ စီမံကိန်း လုံးဝဖျက်သိမ်းရေးကိုပဲ လိုချင်နေကြတယ် ” ဟု ဒေသခံတဦးက ဧရာဝတီသို့ ပြောပြသည်။
တုံရွာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ကို ဆန္ဒပြကြသော ဒေသခံ အင်အား ၁၀၀၀ ဝန်းကျင်မျှ ရှိမည်ဟု ခန့်မှန်းကြောင်း၊ တုံရွာမ၊ တုံရွာသစ်၊ တုံအလယ်တောရွာ၊ တုံတောကျောင်းရွာ၊ တုံအလယ်ရွာ၊ တုံထန်းတောကြီးရွာ၊ တုံလယ်တီရွာ၊ ရွာသစ်ကလေး၊ ဝဲကြီးရွာ၊ ဝဲကွဲရွာ၊ သဲကောကြီးရွာ၊ မိုးကြိုးပြင် မြောက်ရွာ၊ မိုးကြိုးပြင် တောင်ရွာနှင့် မိုးကြိုးပြင် အလယ်ရွာတို့မှ ဒေသခံတချို့ ပါဝင်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ တုံရွာမှ ဒေသခံများနှင့်တွေ့ဆုံပြီး ထူးဒေါက်ရွာ၊ ဖောင်းကဒါရွာများသို့ ဆက်လက်ထွက်ခဲ့ရာတွင် အဆိုပါရွာများတွင် တွေ့ဆုံမှု အခြေအနေ အနည်းငယ် ကောင်းမွန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုရှင်းလင်းမှုများကို လက်မခံကြောင်း တုံ့ပြန်မှုမျိုး မတွေ့ရှိရကြောင်း သိရှိရသည်။ သို့ရာတွင် ဒေသခံများက ဖြစ်ပေါ်လာသော အခြေအနေကို ငြင်းဆန်မရဘဲ လက်သင့်ခံရမည့် အနေအထားကြောင့် လက်ခံတွေ့ဆုံကြပြီး ဝမ်းပမ်းတသာ ကြိုဆိုမှုမျိုးမဟုတ်ဟု မျက်မြင်သက်သေများက ဆိုသည်။
ဖောင်းကဒါရွာမှ ဆည်တဲရွာဟောင်းဘက်သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ ဆက်လက်ထွက်ခွာလာရာ ဆည်တဲရွာခံများက လုံထိန်းကား ၃ စီးနှင့်အတူ ပါလာသော ကားတန်းကြီးကို ရွာအထဲသို့ အဝင်မခံပဲ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူ ၅ ဦးကိုသာ ရွာထဲကို လမ်းလျှောက်ဝင်ခွင့်ပြုခဲ့ပြီး ရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဒေသခံများက ဒေါ်အောင်ဆန်းစုကြည်၏ ဖြေရှင်းချက်ကို လာရောက်နားထောင်ခဲ့ကြသည်။
ဆည်တဲ ဒေသခံများက လက်ပံတောင်းတောင်စီမံကိန်း ဖျက်သိမ်းပေးရေး၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်ကို ပယ်ဖျက်ပေးရေးနှင့် သပိတ်စခန်းများကို မီးလောင်ဗုံးဖြင့် ဖြိုခွင်း မှုတွင် တာဝန်ရှိသူများကို ဖော်ထုတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုကြသည့်အခါတွင် ဒေါ်အောင်ဆန်းစုကြည်က အစီရင်ခံစာတွင် အသေးစိတ် ရေးသား ရှင်းပြထားပြီးဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။
“ ရွာသူ ရွာသားတွေအနေနဲ့က ဒီအစီရင်ခံစာကို ဘယ်မှာဖတ်ရမှန်း ဘယ်သိမလဲ။ သူကတော့ သတင်းစာတွေမှာ ရေးထားကြောင်း ပြောခဲ့ပါတယ်။ နောက်ပြီး ဒီ ကြေးနီ စီမံကိန်းဖျက်သိမ်းဖို့တော့ သူ တာဝန်မယူနိုင်ကြောင်း ပြောခဲ့တယ်” ဟု ဆည်တဲရွာခံ မမာမာဝင်းက ဧရာဝတီသို့ ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရွာအထွက် “တရုတ် ဝမ်ပေါင် ကုမ္ပဏီအလိုမရှိ၊ ဦးပိုင် ကုမ္ပဏီ အလိုမရှိ၊ စုံစမ်းစစ်ဆေးရေး ကော်မရှင် အလိုမရှိ ” စသော ကြွေးကြော်သံများကို အော် ဟစ်ကြွေးကြော်ကာ ရွာအပြင်ဘက် ကားအထိ လိုက်ပါ အော်ဟစ်ခဲ့ကြသည်။
“ ဒေသခံတွေက ခံစားချက်နဲ့ဖြစ်နေကြတာ။ လက်ပံတောင်းတောင် စီမံကိန်း ဖျက်သိမ်းရေးကိုပဲ လိုချင်နေကြတော့ ဒေါ်စု ဘယ်လိုပဲ လာရှင်းပြ လာရှင်းပြ လုံး၀ လက်ခံမယ့် အခြေအနေမရှိဘူး ” ဟု မမာမာဝင်းက ပြောသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် မိုးကြိုးပြင် ရွာမသို့ ဆက်လက်ထွက်ခွာခဲ့ပြီး ဒေသခံများနှင့် တွေ့ဆုံသည့်အခါတွင် ဒေသခံများက ဆန္ဒပြမှု မပြုလုပ်ခဲ့ကြပေ။
မုံရွာ၊ ဆားလင်းကြီးမှ ဖိုဝင်တောင်သို့ သွားသောလမ်းရှိ ဝမ်ပေါင်ကုမ္ပဏီသို့ ဝင်ကာ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့သည်။ ညနေတွင် မုံရွာသို့ ပြန်ထွက်ခွာခဲ့သည်။
လုံခြံုံရေး ရဲတပ်ဖွဲ့များဘက်မှ ယခင်အခြေအနေအတိုင်း ဝမ်ပေါင်ကုမ္ပဏီရှေ့တွင်သာ လုံခြုံရေးယူထားပြီး တခြားနေရာတွင် ထပ်မံတိုးချဲ့သည့် အခြေအနေ မတွေ့ရကြောင်း မျက်မြင်သက်သေများက ပြောသော်လည်း ယမန်နေ့ညက တုံကျေးရွာသပိတ်စခန်းအခြေစိုက်ရာ လိပ်ခွံတောင်အနီးသို့ ရဲများချဉ်းကပ်ခဲ့ကြောင်း၊ စခန်းအတွင်းဒေသခံများက သစ်ကိုင်းခြောက်များ မီးရှို့ကာခြောက်လှန့်ခြင်း၊ အသံပေးခြင်းများပြုလုပ်ခဲ့ပြီးနောက် ရဲများက ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။