ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တရားရုံးတွင် ခိုးမှုဖြင့် အမှုရင်ဆိုင်နေရပြီး အဓမ္မပြုကျင့်ခံရသည်ဆိုသော အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို မတ် ၁၄ ရက်တွင် ပထမဆုံးအကြိမ် စတင် ရုံးထုတ် စစ်ဆေးခဲ့သော်လည်း ကလေးငယ်၏ လုံခြုံရေးမှာ စိုးရိမ်နေရဆဲ ဖြစ်သည်။
တရားရင်ဆိုင်နေရသော မိန်းကလေးငယ်ကို မြို့နယ်ရဲစခန်းများမှ ရဲများက ခေါ်ယူစစ်ဆေးမည်ဆိုပြီး မကြာခဏ လာရောက် ခေါ်ယူနေသဖြင့် ကလေးအတွက် လုံခြုံရေး စိတ်မချရဘဲ စိုးရိမ်နေရသည်ဟု မိန်းကလေးအား ခေါ်ယူစောင့်ရှောက်ထားသည့် ရှေ့နေများ ကွန်ရက်မှ ရှေ့နေတစ်ဦး က ဧရာဝတီသို့ ပြောသည်။
“ဘယ်ရဲတွေ လာခေါ်စစ်စစ် မထည့်ပေးရဲဘူး။ ဟိုတစ်ခါကလည်း ကလေးကိုခိုးမှုနဲ့ ပတ်သက်ပြီး စစ်ဆေးဖို့ လာခေါ်သွားတယ်။ ဒါပေမယ့် အိမ်ကို ပြန်မပို့ဘူး” ဟု အဆိုပါ ရှေ့နေက ပြောသည်။
ယခင်က ရဲများက လာရောက်စစ်ဆေးရာတွင် မိန်းကလေးငယ်ကို ပြန်မပို့ဘဲ ရန်ကုန်မြို့ နတ်မောက်လမ်းရှိ အစိုးရ အမျိုးသမီး ကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းသို့ ပို့ဆောင်လိုက်သည့် အတွက် အာမခံဖြင့် ယင်းသင်တန်းကျောင်းမှ ပြန်လည် ထုတ်ယူလာခဲ့ရကြောင်း၊ ထို့ကြောင့် ရဲများ လာရောက်စစ်ဆေးမည်ဆိုတိုင်း ရဲ လက်ထဲသို့ မိန်းကလေးငယ်ကို မအပ်နိုင်တော့ကြောင်း၊ မကြာသေးမီကလည်း စစ်ဆေး မေးမြန်းရန် ရှိသည်ဟုဆိုကာ သာကေတ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ရောက်ရှိလာပြီး ခေါ်ဆောင်မှုများ ပြုလုပ်ကြောင်း သိရသည်။
ကလေးကို ခေါ်ယူစစ်ဆေးမှုနှင့် ပတ်သက်ပြီး သာကေတမြို့နယ် ရဲစခန်းမှ ရဲမှူး ဦးကျော်ဝင်းက “ကျနော်တို့က အထက် အမိန့်ကြောင့် ခေါ်ယူစစ်ဆေးတာ။ နေပြည်တော် ညွှန်ကြားစာအရ လာတာပါ။ နှစ်ဘက်ကို မေးဖို့ ဖြစ်စဉ်ကို မေးဖို့ ကလေးကို ခေါ်ယူစစ်ဆေးတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ဆေးပြီးပါကလည်း အိမ်တိုင်ရာရောက် ပြန်ပို့ပေးမည်ဖြစ်ကြောင်း၊ အစစ်ဆေးမခံပါကလည်း တာဝန်ရှိသူများထံသို့ အစစ်ဆေးမခံကြောင်း ပြန်လည် အစီရင်ခံရကြောင်း ရဲမှူးဦးကျော်ဝင်းက ဆိုသည်။
ရဲတပ်ဖွဲ့ဝင်များက မကြာခဏဆိုသလို လာရောက် ခေါ်ယူ စစ်ဆေးမှုကြောင့် ကလေးငယ်သည် မိဘများနှင့်အတူ မနေထိုင်တော့ကြောင်း၊ ကလေးမိဘများမှာလည်း လာရောက် စစ်ဆေးမှုများ ရှိနေသဖြင့် ကြောက်ရွံ့ပြီး တိမ်းရှောင်နေရကြောင်း တရားရင်ဆိုင်နေရသော မိန်းကလေးငယ်ကို စောင့်ရှောက်ပေးနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလေးသူငယ် ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ဒေါ်လေးလေးက ဧရာဝတီသို့ ပြောသည်။
“ကျမတို့ကိုလည်း အဖွဲ့အစည်းတွေက လာရောက်စစ်ဆေးပါတယ်။ ရဲစခန်းတွေကလည်း စစ်ဆေးမှုတွေ ခဏခဏပါပဲ။ လာစစ်တဲ့ အဖွဲ့တွေလည်း ဘယ်ကမှန်းကို မသိဘူး” ဟု ကလေးကို မုဒိမ်းပြုကျင့်သည်ဟု စွပ်စွဲခံနေရသော ချယ်ရီစားသောက်ဆိုင်ပိုင်ရှင် ဦးမြင့်အောင်၏ ဇနီးကလည်း ဧရာဝတီသို့ပြောသည်။
အရွယ်မရောက်သေးသည့် မိန်းကလေးကို အဓမ္မပြုကျင့်သည်ဟုဆိုကာ ချယ်ရီစားသောက်ဆိုင်ပိုင်ရှင် ဦးမြင့်အောင်မှုကို မုဒိမ်းမှုဖြင့် အမှုဖွင့်ထားစဉ် ကလေးငယ်ကို ဦးမြင့်အောင်၏ ဇနီးက ကျပ် ၃ သိန်းတန် လက်ပတ်နာရီနှင့် ပိုက်ဆံ ကျပ် ၂ သောင်း ခိုးယူခဲ့သည်ဟု ရန်ကုန် မြောက်ဥက္ကလာပ ရဲစခန်းသို့ တိုင်ကြားခဲ့ပြီး ခိုးမှုဖြင့် ပြန်လည်အမှုဖွင့်ခဲ့သည်။
ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်တရားရုံးတွင် ယမန်နေ့က ပြုလုပ်သည့် တရားရုံးတင် စစ်ဆေးမှုတွင် တရားလိုဖြစ်သော အရွယ်မရောက်သေးသည့် ကလေးငယ်ကို တံခါးပိတ် ရုံးတင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံက ၁၉၉၉ ခုနှစ် လက်မှတ် ရေးထိုးခဲ့ပြီး စာချုပ်တွင် အချက်ပေါင်း ၅၄ ချက် ပါဝင်ကာ အချက် ၄၀ အထိ ကလေးအခွင့်အရေးကို ဖော်ပြထားကြောင်း၊ ကလေးသူငယ်၏ အသက် အပိုင်းအခြားကို နိုင်ငံတကာတွင် ၁၈ နှစ်အရွယ်အထိသတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင်မူ အသက် ၁၆ နှစ်အထိသာ ကလေးအဖြစ် သတ်မှတ်၍ အသက် ၁၆ နှစ်မှ ၁၈ နှစ်ကို လူငယ်ဟု သတ်မှတ်ထားသည်။