နယ်မြေမလုံခြုံမှုကြောင့် ၂ နှစ်နီးပါးမျှ သွားလာခွင့် ပိတ်ထားသည့် ဗန်းမော်-မြစ်ကြီးနား ကားလမ်းကို မတ်လ ၁၈ ရက် တနင်္လာနေ့ မနက်က ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ဗန်းမော်မြို့တွင် ပြုလုပ်သည့် ဗန်းမော်-မြစ်ကြီးနားကားလမ်း ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ ဗန်းမော် စကခမှူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆွေနှင့် ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ကြပြီး မြစ်ကြီးနားသို့ ခရီးသည်တင် ကားငယ် ၅ စီးနှင့် နမ့်ဆန်သို့ ၂ စီး စတင် ထွက်ခွာခဲ့ကြောင်း သိရသည်။
“မနေ့က မနက် ၈ နာရီခွဲလောက် ထွက်သွားကြတာ ညနေ ၆ နာရီခွဲလောက်မှာ မြစ်ကြီးနားကို ရောက်တယ်။ ဒီနေ့ မနက် ဗန်းမော်ကို ပြန်ဆင်းလာနေပါပြီ။ ဒီမနက်လည်း ဗန်းမော်-မြစ်ကြီးနား ကား ၅ စီး တက်သွားပါတယ်။ လမ်းမှာ တံတားတွေ ပျက်စီးနေတာ ရှိပေမယ့် အခု ပြင်ဖို့ စလုပ်နေကြပြီ” ဟု ဗန်းမော်ခရိုင် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး နှင့် ကြီးကြပ်မှု ကော်မတီ (မ.ထ.သ) မှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
၂၀၁၁ ခုနှစ် ဇွန်လအတွင်းက စတင်ဖြစ်ပွားခဲ့သည့် ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် မြန်မာအစိုးရ တပ်မတော်တို့၏ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်ခဲ့ပြီး နယ်စပ် ကုန်သွယ်မှုမှာလည်း ရပ်ဆိုင်းသွားခဲ့ရသည်။
“ကချင်ပြည်နယ်ထဲက နယ်စပ်ပေါက်တွေက လုံးဝသုံးမရတော့လောက်အောင် ဖြစ်သွားတာ။ တရုတ်နဲ့ ကုန်သွယ်ဖို့က မူဆယ်တလမ်းထဲ ရှိတော့တဲ့ သဘောမျိုး ဖြစ်နေတယ်။ မြန်မာနိုင်ငံ အတွင်းဘက်က လာတဲ့ ကုန်လည်း ဈေးကြီး၊ တရုတ်ဘက်က ကုန်လည်း ဈေးကြီးနဲ့ ကျမတို့ အတော် ဒုက္ခရောက်တာပါ။ လမ်းတွေ မြန်မြန် ပြန်ဖွင့်စေချင်တယ်” ဟု ဗန်းမော်ဒေသခံ ကုန်သည် တဦးက ဧရာဝတီကို ပြောသည်။
ကချင်ပြည်နယ် အတွင်းတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်နိုင်သည့် နယ်စပ် ထွက်ပေါက်များအဖြစ် ကန်ပိုက်တီး၊ လိုင်ဇာ၊ မိုင်ဂျာယန်နှင့် ပန်ဝါ ဟူ၍ နယ်စပ်စခန်း ၄ ခု ရှိရာ၊ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ၂ နှစ်နီးပါး ကာလအတွင်း ကန်ပိုက်တီး စခန်းတခုကိုသာ အသုံးပြုနိုင်ခဲ့ကြောင်း ဒေသခံ ကုန်သည်များက ပြောသည်။
“ဗန်းမော်- လိုင်ဇာ လမ်းပြန်ဖွင့်ဖို့ကိုလည်း ကျနော်တို့ ဝန်ကြီးချုပ်ဆီ စာတင်မယ်။ မကြာခင်၊ ကျနော့်အထင် ဒီလကုန်ပိုင်း လောက်မှာတော့ ဗန်းမော်-လိုင်ဇာလမ်း ပြန်ဖွင့်နိုင်မယ်လို့ မျှော်လင့်ထားတယ်။ အခု လမ်းကြောင်း အခြေအနေက အားလုံး အေးအေးဆေးဆေးပဲ။ ဘာမှ အနှောင့်အယှက် မရှိဘူး။ လိုင်ဇာလမ်း ပြန်ပွင့်ရင်တော့ နယ်စပ် ကုန်သွယ်ရေး ပြန်ကောင်း လာမှာပါ” ဟု ဗန်းမော်ခရိုင် မ.ထ.သ မှ တာဝန်ရှိသူက ဧရာဝတီကို ရှင်းပြသည်။
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်နိုင်ငံနှင့် ၇၅ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံနှင့် ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယ၊ဘင်္ဂလား ဒေ့ရှ်နှင့် ကုန်သွယ်မှုက ၁၀ ရာခိုင်နှုန်းရှိသည့်အတွက် တရုတ်-မြန်မာ ကုန်သွယ်ရေးသည် ပမာဏအကြီးဆုံး ဖြစ်ကြောင်း သိရသည်။ ကချင်လွတ်မြောက်ရေး တပ်မတော် ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့သည် တရုတ်နိုင်ငံအတွက် အရေးကြီးသော နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက် တစ်ခုဖြစ်ကာ စစ်ဖြစ်ပွားစဉ်ကာလတစ်လျှောက်လုံး မြစ်ကြီးနား-လိုင်ဇာ၊ ဗန်းမော်-လိုင်ဇာ ကားလမ်းများ ပိတ်ထားရသည့်အတွက် ကုန်သွယ်မှု မလုပ်နိုင်ခဲ့ပေ။