မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေထားသော နိုင်ငံခြားငွေလက်မှတ် FEC (Foreign Exchange Certificate) သန်း ၃၀ ကျော်ကို ယခု မတ်လအတွင်းတွင် ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဦးဝင်းရှိန်က ပြောဆိုလိုက်သည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ၏ နိုင်ငံတော်၏ စီးပွားရေး စနစ်အတွင်း ကြားခံအဖြစ် သတ်မှတ် သုံးစွဲလျက်ရှိသော FEC အား ပြန်လည်ရွေးနုတ် မည့် ကြေညာချက် ထုတ်ပြနိုင်ရေး လွှတ်တော်ထံသို့ အတည်ပြုချက် ရယူသည့် အစီရင်ခံစာ တင်သွင်းစဉ် ဦးဝင်းရှိန်က ပြောဆို လိုက်ခြင်းဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်ကလည်း သမ္မတ၏ တင်ပြချက်ကို သဘောတူညီခဲ့သည်။
ယခင် စစ်အစိုးရက အမေရိကန်ဒေါ်လာ အစားထိုးအသုံးပြုနိုင်ရန် FEC ကို ၁၉၉၃ ခုနှစ် စတင်ထုတ်ဝေပြီး အမေရိကန်ဒေါ်လာအစား FEC ကို လုပ်ခနှင့် လစာများပေးခြင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်း၊ စီးပွားရေးလုပ်ငန်းများအကြား အချင်းချင်းပေးချေမှုများအတွက် သုံးစွဲခွင့်ပြုခဲ့ပြီး FEC တယူနစ်လျှင် အမေရိကန် တဒေါ်လာနှင့် ညီမျှသည်ဟု သတ်မှတ်ခဲ့သည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဝင်းရှိန်က အများပြည်သူ လက်ထဲတွင် လည်ပတ်နေသော FEC ယူနစ်တန်ဖိုးမှာ အမေရိကန် ဒေါ်လာတန်ဖိုး ၃၀ ဒသမ ၉၂ သန်းကျော်ရှိပြီး အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ၏ အကြံပြု အကူအညီများဖြင့် FEC ကို ယခုမတ်လ အတွင်း ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း၊ ရုပ်သိမ်း ရာတွင်လည်း FEC ကို အမေရိကန် ဒေါ်လာ၊ မြန်မာ ကျပ်ငွေများဖြင့် အစားထိုး စနစ်ကျနစွာ လဲလှယ် ပေးသွားမည် ဖြစ်ပြီး ပုဂ္ဂလိက ဘဏ်အဖွဲ့ အစည်းများနှင့် နိုင်ငံတော်ဘဏ်များ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောသည်။
“အများပြည်သူ လက်ဝယ်မှာ လှည့်လည်သုံးစွဲလျက်ရှိတဲ့ နိုင်ငံခြား ငွေလက်မှတ် FEC များမှာ ယူနစ် ၃၀ ဒသမ ၉၂ သန်းရှိပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၃၀ ဒသမ ၉၂ သန်းညီမျှပါတယ်။ နို င်ငံတော်ရဲ့ စီးပွားရေး စနစ်အတွင်းမှာ နိုင်ငံခြား ငွေလက်မှတ် FEC များကို ကြားခံ အဖြစ်သုံးစွဲရန် မလို အပ်တော့ဘူး။ နိုင်ငံခြားငွေလက်မှတ်FEC နိုင်ငံခြားငွေလဲနှုန်းအမျိုးမျိုးကို ဖြစ်ပေါ်စေတဲ့အတွက် ကြောင့် တန်ဖိုးညီမျှတဲ့ အမေရိကန်ဒေါ်လာ(သို့မဟုတ်) မြန်မာကျပ်ငွေဖြင့် ပြန်လည် လဲလှယ်ပေးပြီး ပြည်သူများ လက်ဝယ်မှာရှိတဲ့ FEC လက်မှတ်များကို ပြန်လည်ရွေးနုတ်သင့်တယ်လို့ ၂၀၁၃ မတ်လမှာ နိုင်ငံခြားငွေ လက်မှတ် FEC များ ပြန်လည် ရွေးနုတ်ယူမယ့် အစီအစဉ်ကို အများပြည်သူသို့ အသိပေးကြေညာချက် ထုတ်ပြန်ရန်အတွက် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ မက်ခရိုစီးပွားရေးအခြေအနေ စောင့်ကြပ်အကဲဖြတ်မယ့် အစီအစဉ်ကလည်း အကြံပြုခဲ့ပါတယ်” ဟု ဦးဝင်းရှိန်က ဆိုသည်။
လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က FEC ရုပ်သိမ်းမည့် အစီအစဉ်အပေါ် ကြိုဆိုကြောင်း ပြောဆိုလိုက်ပြီး FEC ရုပ်သိမ်းမှုကြောင့် စီးပွားရေးတွင် ငွေလဲနှုန်း အမျိုးမျိုးဖြစ်ခြင်းကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အကူပြုမည်ဖြစ် ကြောင်း ပြောဆိုလိုက်သည်။
“FEC က အစကတည်းက မထုတ်သင့်တာ။ ဒါက ကြိုဆိုရမယ်။ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုမယ်” ဟု ဦးကြည်မြင့်က ဆိုသည်။
FEC ရုပ်သိမ်းရာတွင် စနစ်တကျနှင့် ပွင့်လင်းမြင်သာမှုရှိရှိ ရုပ်သိမ်းရန်လိုအပ်ပြီး ရုပ်သိမ်းမှုအပေါ် အခွင့်ကောင်း ယူပြီး အမြတ်ထုတ်သည့်ဈေးကွက်နှင့်ပွဲစား ဆန်ဆန် ဈေးကွက်များဖြစ်ထွန်းမည်ကို စိုးရိမ်ကြောင်း၊ အစိုးရအနေဖြင့် စနစ်တကျလုပ်ဆောင်ရန် တိုက်တွန်းလိုကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ် ဘောဂဗေဒဌာန အငြိမ်းစားပါမောက္ခ ဒေါက်တာမောင်မောင်စိုးက ပြောသည်။
“FEC ရုပ်သိမ်းတာ ကောင်းတာပေါ့။ ဒါပေမယ့် ရုပ်သိမ်းတဲ့နေရာမှာ စနစ်တကျနဲ့ ပြည်သူတွေ အဆင်ပြေ ပြေ ဖြစ်အောင် ပွင့်ပွင့်လင်းလင်း လုပ်ပေးဖို့ လိုတယ်။ မဆလ ခေတ်တုန်းက ငွေဖျက်သိမ်းတုန်းက ပွဲစားတွေ ဘာတွေ တောင်ပေါ်ပြီး အမြတ်ထုတ်တဲ့ ဈေးကွက်လိုမျိုးဖြစ်တယ်။ ဒါမျိုးတော့မဖြစ်ပါဘူး။ စိုးရိမ်လို့ပြောတာပါ။ စနစ်တကျလေးလုပ်ပါလို့ ပြောချင်တယ်” ဟု ဒေါက်တာမောင်မောင်စိုးက ဆိုသည်။
သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရတက်လာပြီးနောက် နိုင်ငံခြားငွေလဲလှယ်နှုန်းကိစ္စကို အထူးကိုင်တွယ် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရာ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့စပြီး အမေရိကန်တဒေါ်လာ ခြောက်ကျပ်ဟူသော ပုံသေချိတ်ဆက်စနစ် (Special Drawing Right-SDR) အစား ဈေးကွက်ကို အခြေပြုသော နှုန်းရှင် ငွေလဲနှုန်း စနစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့ပြီး အမေရိကန်ဒေါ်လာတန်ဖိုးမှာ တဒေါ်လာလျှင် ငွေကျပ် ၈၅၀ နှင့် ၉၀၀ အကြား အတက်အကျ အပြောင်းအလဲဖြစ်ပေါ်လျက်ရှိသည်။