မန္တလေးတိုင်းဒေသကြီး၊ မိတီ္ထလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခဖြစ်စဉ်များကို သတင်းရယူနေသည့် ပြည်တွင်း ပြည်ပသတင်းသမား ၈ ဦး ယနေ့မနက်ပိုင်းက ဘုန်းကြီးအချို့ပါဝင်သော လူအုပ်စုတခုက သတင်းမယူရန် ခြိမ်းခြောက်မှုများပြုလုပ်ကြောင်း သတင်းရရှိသည်။
ယနေ့ ၈ နာရီဝန်းကျင်တွင် မိတီ္ထလာမြို့ပေါ်ရှိ မီးလောင်ပျက်စီးနေသော အဆောက်အအုံများနှင့် အပျက်အစီး ဓာတ်ပုံရိုက်ကူးနေသော ပြည်တွင်းပြည်ပ သတင်းသမား ၈ ဦး လိုက်ပါသော မော်တော်ယာဉ်ကို ဘုန်းကြီးအချို့ ဦးဆောင်သော လူအုပ်တခုက လမ်းမပေါ်တွင် တားမြစ်ပြီး ဓာတ်ပုံများ ဖျက်ခိုင်းခြင်း၊ ကင်မရာများ သိမ်းဆည်း ရန်ကြိုးပမ်းခြင်းများ ကြုံတွေ့ရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် သတင်းသမားတဦးက ပြောသည်။
“ကျနော်တို့က အပျက်အစီးတွေ၊ မီးလောင်နေတဲ့ အိမ်တွေကို ဓာတ်ပုံတွေရိုက်နေတယ်။ အဲဒီအချိန်မှာ လူအုပ်စုတခုက တုတ်တွေ၊ ဓားတွေကိုင်ထားတယ်။ ကျနော်တို့ကားကို တားတယ်။ ပြီးတော့ ဘာလို့ ဓာတ်ပုံရိုက်တာလဲ၊ ဘာတွေရိုက်လဲ မေးတယ်။ ကျနော်တို့ကလည်း သတင်းထောက်ကတ်တွေ ဘာတွေ ထုတ်ပြတယ်။ ကင်မရာကိုသိမ်းတယ်။ အဲဒီတော့ ကင်မရာကိုတော့ မသိမ်းပါနဲ့ ပုံတွေဖျက်ပေးရတယ်။ အခြေအနေက လုံး၀ လုံခြုံမှုမရှိဘူး” ဟု အဆိုပါ သတင်းသမားက ဆိုသည်။
လူအုပ်တွင်ပါဝင်နေသော သံဃာအချို့မှာ ဒေသခံ သံဃာများ မဟုတ်ဘဲ အခြားဒေသများမှ လာရောက် သည့် သံဃာများဖြစ်ပုံရကြောင်း အဆိုပါသတင်းသမားက ဆိုသည်။
ခြိမ်းခြောက်ခံရသည့် သတင်းသမားများကို ဒေသခံ သံဃာတော်အချို့က မြို့ပေါ် ဘုန်းကြီးကျောင်းတခုတွင် ယာယီ စောင့်ရှောက်ပေးထားခဲ့ပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက လာရောက်ခေါ်ဆောင်ပေးခဲ့ကြောင်း၊ အချို့ သတင်းသမားများမှာ လုံခြုံရေးအခြေအနေ စိတ်မချရသည့်အတွက် မိတီ္ထလာမြို့မှ ပြန်လည်ထွက်ခွာလာပြီး အချို့မှာမူ မိတီ္ထလာတွင် ဆက်လက်သတင်းယူနေဆဲဖြစ်ကြောင်း သိရှိရသည်။
သတင်းသမားများ ခြိမ်းခြောက်မှုအတွက် ရန်ကုန်မြို့အခြေစိုက်သတင်းလွတ်လပ်ခွင့်ကော်မတီက ကြေညာ ချက် တရပ်ထုတ်ပြန်ခဲ့ပြီး သတင်းသမားများကို ခြိမ်းခြောက်ခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ အစိုးရတာဝန်ရှိသူများနှင့် မိဘပြည်သူများက သတင်းသမားများ လုံခြုံရေးကို အထူးဂရုစိုက်စေလိုကြောင်း တိုက်တွန်းပြောဆိုသည်။
သတင်းလွတ်လပ်ခွင့်ကော်မတီ၏ ပြန်ကြားရေးတာဝန်ခံသတင်းစာဆရာ ဦးဇော်သက်ထွေးက သတင်းသမားများ ခြိမ်းခြောက်ခံရမှုနှင့်ပတ်သက်ပြီး-“ကျနော်တို့ မေးခွန်းပြန်မေးရတော့မယ်။ အခု မီးရှို့နေတဲ့သူ၊ အကြမ်းဖက် နေတဲ့သူတွေက ဘာအတွက်လဲ၊ ဘာရည်ရွယ်ချက်လဲ၊ ဘာလုပ်ချင်တာလဲ။ သတင်းသမားတွေကိုတောင် ခြိမ်းခြောက် လာတယ် ဆိုတာက ဘာကို ရည်ရွယ်ချင်တာလဲ။ ဒီဖြစ်စဉ်ကြီး နောက်မှာ တဦးတယောက်၊ အဖွဲ့အစည်းတခုခု က လုပ်ဆောင် နေတယ် ဆိုတာ အတော်ကို သံသယဖြစ် စရာကောင်းနေပြီ” ဟု ဦးဇော်သက်ထွေးက ဆိုသည်။
မိတီ္ထလာတွင် မတ် ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် ဖြစ်ပွားသော ရန်ပွဲတခုကို အကြောင်းပြုကာ ဘာသာရေးနှင့် လူမျိုးရေးပုံစံအဓိကရုဏ်းများဖြစ်ပွားလျက်ရှိနေပြီး လူ ၅ ဦးသေဆုံးကြောင်း အစိုးရက တရားဝင်သတင်းထုတ်ပြန် ထားသည်။