မန္တလေးတိုင်းဒေသကြီး၊ မိတီ္ထလာမြို့တွင်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် သေဆုံးသူ ၅ ဦးရှိပြီဟု အစိုးရက သတင်းထုတ်ပြန်ထားသော်လည်း အမှန်တကယ်သေဆုံးသည့်အရေအတွက်မှာ ၁၀ ဦးအထက်တွင်ရှိနေကြောင်း သတင်းရရှိသည်။
မတ်လ ၂၀ ရက်နေ့က မိတီ္ထလာမြို့ပေါ်ရှိ ရွှေဆိုင်တခုတွင်ဖြစ်ပွားခဲ့သော ရန်ပွဲမှ အစပြုကာ ဘာသာရေးနှင့်လူမျိုးရေး အဓိကရုဏ်းပုံစံအသွင်ပြောင်းသွားပြီး အုပ်စုဖွဲ့တိုက်ခိုက်ခြင်း၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးဆိုင်များ၊ အစိုးရုံးအချို့၊ လူနေအိမ်များကို ကို မီးရှို့ခြင်း၊ ပစ္စည်းများလုယက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အုပ်စုဖွဲ့တိုက်ခိုက်မှုများကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရရှိမှုအရေအတွက် များပြားကြောင်း၊ အစိုးရသတင်း ထုတ်ပြန်ချက်တွင်မူ သံဃာတော်တပါးနှင့် လူ ၄ ဦးသေဆုံး ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း လက်ရှိအချိန်တွင်မူ သေဆုံးမှုအရေ အတွက်သည် ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည့်အတွက် အရေအတွက် တိတိကျကျ မသိရှိရသေးကြောင်း သိရှိရသည်။
မိတီ္ထလာမြို့နယ်ဆေးရုံကြီးမှ တာဝန်ရှိသူတဦးက-“အခုအချိန်အထိ ဆေးရုံကို ရောက်လာတဲ့ သေဆုံးသူအရေအတွက် မနေ့ကရော၊ ဒီနေ့ပါ စုစုပေါင်း ၁၀ ဦးရှိပါတယ်။ အတွင်းလူနာ ၂၅ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မိတီ္ထလာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းထိန်က ပဋိပက္ခများကြောင့် သေဆုံးရသူ အရေအတွက်မှာ အနည်းဆုံး ၂၀ ဦးကျော်သေဆုံးကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော်ကိုယ်တိုင် သေဆုံးနေတဲ့သူတွေ မျက်စိနဲ့ လိုက်ရေတွက်ထားတာချည်းပဲ ၂၀ ကျော်တယ်။ ဒါ ဆေးရုံပေါ်က စာရင်းမဟုတ်ဘူး။ ကျနော်ကိုယ်တွေ့စာရင်းချည်းပဲပြောတာ။ စုစုပေါင်း ၂၀ ကျော်နေပြီ” ဟု ဦးဝင်းထိန်က ပြောသည်။
မိတီ္ထလာမြို့ပေါ်တွင် ရောက်ရှိသော ဧရာဝတီသတင်းထောက်ကမူ လမ်းမများပေါ်တွင် မီးရှို့ခံထားရသော လူသေအလောင်း များကိုတွေ့မြင်ရပြီး အာဏာပိုင်များအချင်းချင်းစကားပြောစက်များနှင့် ဆက်သွယ်ပြောဆိုချက်များအရ သေဆုံးသူ ဒါဇင်ချီရှိနေ သည်ဟု ကြားသိနေရကြောင်း ပြောသည်။
မိတီ္ထလာခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိ ရဲအရာရှိတဦးကမူ လတ်တလော သေဆုံးသူစာရင်းနှင့် အပျက်အစီးစာရင်း ကောက်ယူနေဆဲဖြစ်သည့်အတွက် စာရင်းအတိအကျ မထုတ်ပြန်နိုင်သေးကြောင်း ဧရာဝတီသို့ ပြောသည်။
ယနေ့တွင် မိတ္ထီလာမြို့ရှိ ဘာသာရေးအဆောက်အအုံများ၊ ဈေးဆိုင်များ၊ လူနေအိမ်များ၊ အစိုးရရုံးအချို့ မီးရှို့ခံရပြီး ပျက်စီးမှုအများဆုံး ရပ်ကွက်များမှာ ချမ်းအေးရပ်ကွက်နှင့် သာယာကုန်းရပ်ကွက်များဖြစ်ကြောင်း၊ မီးရှို့မှုများ ပြလုပ်သည့် လူအုပ်အချို့တွင် ဘုန်းကြီးအချို့ဦးဆောင်ပါဝင်နေကြောင်း၊ မိတီ္ထလာတမြို့လုံး လူသူကင်းမဲ့ပြီး တိတ်ဆိတ်ခြောက်ကပ် နေကာ လုံခြုံရေး တာဝန်ရှိသူများက မြို့ခံလူထုထံမှ တုတ်၊ ဓားလက်နက်များကို လိုက်လံ သိမ်းဆည်းခဲ့ကြောင်း၊ ဒေသခံ အများစုမှာ အစားအစာ ပြတ်လပ်မှု ခံစားနေရကြောင်း၊ ဈေးဆိုင်နှင့် လူနေအိမ်များကို ဖောက်ထွင်းမှုများလည်း ယနေ့တွင် စတင်ဖြစ်ပွားပြီး တာဝန်ရှိသူများက ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း မိတီ္ထလာမြို့ခံများက ပြောသည်။
”ဘာမှမဖြစ်ပဲနဲ့ အလကားနေရင်း လျှောက်လျှောက်အော်နေတဲ့သူတွေရှိ တယ်။ တချို့ သက်ကြီးရွယ်အိုတွေက ကြောက်ပြီး လန့်တက်တာမျိုးတွေ ရှိတယ်။ညပိုင်းဆိုလည်း အရမ်းကြောက်ပြီးညလုံး၀ မအိပ်တဲ့သူတွေ ရှိတယ်”ဟု မိတီ္ထလာမြို့ခံတစ်ဦးက ပြောသည်။
လုံခြုံရေးတာဝန်ရှိသူများက မိတီ္ထလာမြို့ပေါ်ရှိ အစ္စလမ်ဘာသာဝင်အများစုကို ခရိုင်အားကစားကွင်းအတွင်းသို့ ပို့ဆောင်ပေးနေကြောင်း၊ ဒေသခံများ ကိုယ်တိုင် မိမိရပ်ကွက်ကို မိမိအစီအစဉ်ဖြင် ကင်းစောင့်နေရမှုများလည်းရှိ ကြောင်း၊ ပဋိပက္ခများကြောင့် အတိဒုက္ခရောက်နေရသူ အနည်းဆုံး ၂၀၀၀ ထက်မနည်းရှိနေကြောင်း၊ ဘုန်းကြီးကျောင်းများက ဒုက္ခသည်များကို လက်ခံစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မိတ္ထီလာမြို့၊ ချမ်းအေးသာယာရပ်ကွက်အတွင်းတွင် ပိတ်မိနေသော ဒေသခံအစ္စလမ်ဘာသာဝင် ၁၅၀၀ ကျော်ကို ယနေ့ညနေပိုင်းတွင် လုံခြုံရေးတာဝန်ရှိသူများက ခရိုင်အားကစားဝင်းအတွင်းသို့ လုံခြုံရေးအစောင့်အရှောက်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း၊ ဒေသခံများတွင် မိန်းမနှင့် ကလေး၊ သက်ကြီးရွယ်အို အများစုဖြစ်ကြောင်း မိတီ္ထလာရောက် ဧရာဝတီ သတင်းထောက်က သတင်းပေးပို့သည်။
မိတီ္ထလာမြို့ပေးတွင် ဒုက္ခရောက်နေကြသည့် ဒေသခံများကို ကူညီရန် မန္တလေးအခြေစိုက်သံဃာတော်များဖြစ်ကြသည့် ဘုရားကြီးကျောင်းတိုက်မှ ဆရာတော် ဦးခေမာစာရ နှင့် ဦးတေဇနိယ၊ ငွေငါးကျောင်းတိုက်မှ ဦးကာဝိယ၊ ရေတော်ကျောင်းတိုက်မှ ဦးဝိသုတ တို့ဦးဆောင်သော မိတီ္ထလာလူမှုကယ်ဆယ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး ဗုဒ္ဓဘာသာဝင်များ၊ အစ္စလမ်ဘာသာဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားဟောင်းများ ပါဝင်ကြောင်း၊ အဆိုပါအဖွဲ့ သည် ဘာသာရေး၊ လူမျိုးရေးမခွဲခြားဘဲ ဒုက္ခရောက်သူတိုင်း ကူညီသွားမည်ဖြစ်ပြီး ယနေ့ ညနေပိုင်းတွင် မန္တလေးမှ မိတီ္ထလာမြို့သို့ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထွက်ခွာသွားပြီဖြစ်ကြောင်း အဖွဲ့တွင်ပါဝင်နေသူ ကိုဝင်းမြင့်ထွန်းက ဧရာဝတီသို့ပြောသည်။
သမ္မတဦးသိန်းစိန်က မိတီ္ထလာခရိုင်တွင် အခြေအနေများဆိုးဝါးလာသောကြောင့် အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး စစ်တပ်၏ အကူအညီဖြင့် ဒေသ တည်ငြိမ်အေးချမ်းဆောင်ရွက်ရန် အမိန့်ညွှန်ကြားချက်တရပ်ထုတ်ပြန်လိုက်ပြီဖြစ်သည်။