အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတို့က သွားရောက်ကူညီမှုတွေ လုပ်နေကြောင်း သိရပါတယ်။
ကြံ့ခိုင်ရေးပါတီ အနေနဲ့ မိတ္ထီလာမြို့ပေါ်က ဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို ကူညီမှုတွေ ပေးနိုင်ဖို့ ဒီနေ့ပဲ ကွင်းဆင်း လေ့လာမှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း၊ ဒီခရီးစဉ်မှာ ပါတီ ဒု ဥက္ကဋ္ဌ ဦးဌေးဦးနဲ့ အဖွဲ့ဝင်တွေ အပါအဝင် အမှတ်(၁) စက်မှု ဒု ဝန်ကြီးတို့လည်း လိုက်ပါ လေ့လာမယ်လို့ သိရပါတယ်။
ဒု ဥက္ကဋ္ဌ ဦးဌေးဦး က “လိုတဲ့ စားစရာ သောက်စရာတွေပေါ့၊ ဒါတွေ လှူဒါန်းဖြစ်မယ်လို့ ထင်ပါတယ်။ သူတို့ရဲ့ အခြေအနေ အခက်အခဲတွေကို ကြည့်ပြီးတော့မှ ကူညီနိုင်တာတွေ ဆက်ပြီး လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စေတနာရှင်တွေကလည်း ကျနော့်ကို ကူညီချင်တဲ့ ဥစ္စာတွေ ကမ်းလှမ်းထားတာ ရှိပါတယ်။ နောက်တခုက ဝန်ကြီးချုပ်တို့၊ လူထုတို့နဲ့ တွေ့ပြီးလို့ရှိရင် ဘာတွေ အကောင်းဆုံး လုပ်နိုင်မလဲ ဆိုတာကို အလေးထားပြီး ကျနော်တို့ ဆောင်ရွက်ပါ့မယ်” လို့ ဧရာဝတီကို ပြောပါတယ်။
NLD ပါတီကတော့ အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ မတ်လ ၂၀ ရက်နေကတည်းက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်နဲ့ နေပြည်တော် လွှတ်တော်မှာ တက်ရောက်နေတဲ့ ပါတီရဲ့ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်ကို ချက်ချင်း စေလွှတ်ပြီး ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမြန်ဆုံး တည်ငြိမ်အေးချမ်းမှု ရရှိရေး မြို့ခံအာဏာပိုင်တွေ၊ ပါတီဝင်တွေနဲ့ မြို့ခံ ပြည်သူတွေနဲ့ ပူးပေါင်း ဖြေရှင်းနိုင်ရေး လုပ်ဆောင်စေခဲ့ပါတယ်။
NLD အနေနဲ့ အကြမ်းဖက်မှုတွေ နောက်ထပ် မပေါ်ပေါက်စေဖို့ လုံခြုံရေး ကိစ္စအတွက် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်ကို အကြံပြုခဲ့သလို ဒုက္ခသည်တွေ နေရာချထားရေး၊ စားဝတ်နေရေး ကိစ္စရပ်တွေကို မြို့ခံ အာဏာပိုင်တွေနဲ့ ညှိနှိုင်း လုပ်ဆောင်နေတဲ့အပြင် မိတ္ထီလာ၊ မန္တလေး၊ ပျော်ဘွယ်၊ ပြင်ဦးလွင်၊ ရေနံချောင်းတို့က NLD ပါတီဝင်တွေကလည်း လာရောက် ပူးပေါင်းကူညီတယ်လို့ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် ကတော့ ရပ်ကွက်တွေထဲက NLD အဖွဲ့ဝင်တွေအထိ ဒုက္ခသည်တွေကို တတ်နိုင်သလောက် ကူညီဖို့နဲ့ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာတွေ အကြား ပဋိပက္ခ လျှော့ပါးအောင် လုပ်ဆောင်ပါလို့ ကျနာ်တို့ကို ညွှန်ကြားထားတယ်။ ဒီလူတွေ တသက်လုံး ဒီ မိတ္ထီလာမှာ နေနေကြတယ်ဗျာ၊ အချင်းချင်းတွေ ပြန်ပြီးတော့ ခင်မင်အောင်၊ မကြောက်အောင်၊ မလန့်အောင် ပြန်ပြီး ဖြောင်းဖျဖို့ ကြိုးစားပေးရမှာပေါ့” လို့ လွှတ်တော် အမတ် ဦးဝင်းထိန်က ဧရာဝတီကို ပြောပါတယ်။
အကြမ်းဖက်မှုတွေကြောင့် မွတ်စလင် ဒုက္ခသည် ၁ သောင်းခန့် မိတ္ထီလာမြို့ပေါ်ရှိ အထက်တန်းကျောင်း ၅ ကျောင်းမှာ ခိုလှုံနေပြီး ဗုဒ္ဓဘာသာဝင် ၇ ထောင်ကျော်လည်း မြို့ပေါ်က ဘုန်းကြီးကျောင်း ၁၅ ကျောင်းမှာ ခိုလှုံနေကြောင်း ဦးဝင်းထိန်က ပြောပါတယ်။ အစိုးရကလည်း ယာယီ ဒုက္ခသည်စခန်း ၅ ခုမှာ ဒုက္ခသည် ၉၆၄၄ ဦးရှိကြောင်း တရားဝင် ထုတ်ပြန်ထားပါတယ်။
NLD က နှစ်ဖက်ဒုက္ခသည် စခန်းတွေကို မတ်လ ၂၁ ရက်နေ့က စတင်ပြီး အဝတ်အထည်၊ သောက်ရေသန့်၊ မုန့်၊ ခေါက်ဆွဲခြောက် အပါအဝင် အခြား အစားအသောက်များကို ကျပ် သိန်း ၂၀၀ ကျော်ဖိုး လှူဒါန်းထားကြောင်း၊ ယခင် ရက်ပိုင်းများက ဒုက္ခသည်များ စား၊ ဝတ်၊ နေရေး အခက် ကြုံနေရသော်လည်း ယခုအခါ နိုင်ငံတကာ အကူအညီများနဲ့ ပုဂ္ဂလိက အလှူရှင်များ လာရောက် လှူဒါန်းမှုကြောင့် အဆင်ပြေမှု ရရှိနေပြီဖြစ်ကြောင်း ဦးဝင်းထိန်က ပြောပါတယ်။
အခုအခါ မိတ္ထီလာမြို့ပေါ်က အပျက်အစီးတွေကို တပ်မတော်သားတွေနဲ့ စည်ပင်ဝန်ထမ်းတွေက ရှင်းလင်းရေး လုပ်ဆောင်နေသလို၊ လုံခြုံရေးကိုလည်း အစိုးရက တင်းကြပ်စွာ ချပေးထားကြောင်း၊ ဆူပူမှုတွေလည်း လျှော့နည်းသွားပြီ ဖြစ်ကြောင်း၊ သို့သော်လည်း ရပ်ကွက်ထဲမှာ ကင်းစောင့်ပေးနေရတဲ့ အခြေအနေတွေတော့ ပျောက်သွားခြင်း မရှိသေးကြောင်း သူက ဆက်ပြောပါတယ်။
ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ ဦးဌေးဦးက “ကျနော်တို့ ပါတီအနေနဲ့ကတော့ လုံးဝ သဘောမတူနိုင်ပါဘူး၊ သဘောလည်း မကျပါဘူး။ ဖြစ်စဉ်တွေကို ပိုပြီး ကျယ်ပြန်အောင်လုပ်တယ် ဆိုတာတွေနဲ့ ပတ်သက်လို့လည်း လုံးဝ သဘောမတူပါဘူး။ ပါဝင်လှုံ့ဆော်တဲ့ လူတွေကိုလည်း ဥပဒေအရ အရေးယူဖို့ လိုပါတယ်။ ကျနော်တို့ သဘောထားကတော့ ဒီအတိုင်းပါပဲ” လို့ ဆိုပါတယ်။
အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေကို နှုတ်အားဖြင့် အကြံပြု တောင်းဆိုသွားမှာ ဖြစ်ပေမယ့် ၎င်းတို့ပါတီရဲ့ သဘောထားတွေကို တရားဝင် ကြေညာချက် ပုံစံမျိုးနဲ့ ထုတ်ပြန်သွားမှာ မဟုတ်ဘူးလို့ ဦးဌေးဦးက ဆက်ပြောပါတယ်။
ဆူပူအကြမ်းဖက်မှု ဖြစ်စေနိုင်တဲ့ ကောလာဟလ သတင်းတွေ ရန်ကုန်မြို့ပေါ်အထိ ပြန့်နှံ့လာပြီးတဲ့နောက် မနေ့က NLD ရန်ကုန်တိုင်း ဒေသကြီး အလုပ်မှုဆောင်အဖွဲ့က မြို့နယ် အလုပ်မှုဆောင်အဖွဲ့ အသီးသီးကို သက်ဆိုင်ရာ မြို့နယ်တွေအတွင်း အကြမ်းဖက် ပဋိပက္ခတွေ မပေါ်ပေါက်စေရေး သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့တွေ၊ ဘာသာရေး အသင်းအဖွဲ့တွေနဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။
NLD အနေနဲ့ကတော့ မိတ္ထီလာမြို့ တည်ငြိမ်အေးချမ်းရေး ကိစ္စကို ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်သလို နှစ်ဖက် ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေးနဲ့ ထူထောင်ရေး ကိစ္စတွေကိုလည်း ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
“ဒီမှာ တိုင်းဝန်ကြီးချုပ် ဦးရဲမြင့် ရောက်နေတယ်လေ။ ကျနော်တို့ အနေနဲ့ သူ့ကို အချိန်မရွေး သွားတွေ့လို့ရတယ်၊ ပြောလို့ရတယ်။ အဖြစ်အပျက်တွေ၊ လုံခြုံရေးကိစ္စတွေနဲ့ အခြား ပြဿနာတွေကိုလည်း တင်ပြလို့ရတော့ ကျနော်တို့ ကြားထဲမှာလည်း ဆက်ဆံရေး ကောင်းပါတယ်။ ထူထောင်ရေး ကိစ္စတွေကိုလည်း ကျနော်တို့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ” လို့ ဦးဝင်းထိန်က ပြောပါတယ်။
အကြမ်းဖက် ဆူပူမှုတွေ ကူးစက်မှုနေမှုနဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ နာယကနဲ့ ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်က ရှုတ်ချကြောင်း ပြောဆိုလိုက်ပြီး ဒီလို ဖြစ်ပွားမှုတွေကြောင့် ပြုပြင်ပြောင်းလည်းရေး လုပ်ငန်းတွေကို ထိခိုက်မှာကို စိုးရိမ်တယ်လို့ ပြောဆိုပါတယ်။
ဆူပူအကြမ်းဖက်မှုတွေ ဆက်လက် မပြန့်ပွားရေးကို အမြန်ဆုံး ထိန်းသိမ်းပြီး စစ်တပ် ဝင်ရောက် နေရာယူထားတဲ့ အရေးပေါ် အခြေအနေတွေ အမြန်ဆုံး ရုပ်သိမ်းနိုင်ဖို့ လိုအပ်ကြောင်း၊ ယင်းသို့ မဟုတ်ဘဲ ဆူပူမှုတွေ ဆက်လက် ဖြစ်ပွားနေမယ်ဆိုရင် စစ်အုပ်ချုပ်မှုအောက်ကို အလွယ်တကူ ပြန်ရောက်သွားနိုင်ကြောင်း ဦးဝင်းတင်က သတိပေး ပြောဆိုပါတယ်။
အစိုးရအနေနဲ့လည်း လူမျိုးရေး၊ ဘာသာရေး၊ အကြမ်းဖက်ရန် လှုံ့ဆော်မှုများ အပါအဝင် အကြမ်းဖက်မှု အားလုံးကို အများပြည်သူ အကျိုးစီးပွား အလို့ငှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေနဲ့ အညီ အစွမ်းကုန် တားဆီး ကိုင်တွယ် ဆောင်ရွက်သွားမယ်လို့ သမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က ယမန်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် ဒုက္ခသည်တွေကိုလည်း လုံခြုံရေးအခြေအနေ တည်ငြိမ်လာတာနဲ့ အမျှ ပြန်လည် နေရာချထားရေးတွေ အမြန်ဆုံး လုပ်ဆောင်ပေးသွားမှာ ဖြစ်ကြောင်း၊ အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး၊ လုံခြုံရေးတွေကိုလည်း အပြည့်အဝ တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။