တပ်မတော် အနေဖြင့် နိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲတွင် အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားမည် ဖြစ်ကြောင်း ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ၆၈ နှစ်မြောက် တပ်မတော်နေ့(တော်လှန်ရေးနေ့) အခမ်းအနားတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
“မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အထောက်အကူ ဖြစ်စေရန် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ဆက်လက်ထောက်ခံ ပါဝင်သွားမည်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်အနေဖြင့် ပြည်သူလူထုက ရွေးချယ် တင်မြောက်ထားသော အစိုးရသစ် ဖော်ဆောင် နေသည့် နိုင်ငံတော် ထာဝရ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှ ပါဝင် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး အတွက် ဗိုလ်ချုပ်အောင်ဆန်း ကြိုတင် မျှော်မှန်းခဲ့သော အင်အား တောင့်တင်း ခိုင်မာသည့် ခေတ်မီ တပ်မတော် ဖြစ်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ပြောသည်။
ထို့အပြင် လူ့အခွင့်အရေး ဆိုင်ရာ ဂျနီဗာ ကွန်ဗန်းရှင်းနှင့်ပတ်သက်ပြီး တပ်မတော်သားများကို လေ့ကျင့် သင်ကြားလျက်ရှိသောကြောင့် တပ်မတော်အနေဖြင့် မည်သည့် စစ်ရာဇဝတ်မှုကိုမှ မကျူးလွန်သကဲ့သို့ စည်းကမ်း ဖောက်ဖျက် ကျူးလွန်သည့် စစ်သည်များကိုလည်း တပ်မတော် စည်းမျဉ်းဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူကြောင်း၊ ထို့ကြောင့် တပ်မတော် သမိုင်းတွင် လူမျိုးတုံး သတ်ဖြတ်မှု(Genocide) ဆိုသည်မှာ လုံး၀ မရှိကြောင်းလည်း ၎င်းက ထည့်သွင်း ပြောဆိုသွားသည်။
အာဆီယံ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများမှ တပ်မတော်များ အပါအဝင် တခြားသောနိုင်ငံများနှင့်လည်း စစ်ရေးဆိုင်ရာများကို ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်ဟု AP သတင်းတွင်လည်း ဖော်ပြထားသည်။
ယနေ့ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနားကို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ဧည့်သည် တော်အဖြစ် တက်ရောက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီခေါင်းဆောင်များ နှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များလည်း တက်ရောက်သည်။
လက်ရှိဖြစ်ပေါ်နေသော မိတ္ထီလာ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများကြောင့် အရေးပေါ်အခြေအနေ ကြေညာထားသည့် အတွက် စစ်အုပ်ချုပ်ရေးသို့ နောက်ကြောင်းပြန်လှည့်သွားနိုင်ခြေနှင့် ပတ်သက်ပြီး အများက ခန့်မှန်းဝေဖန်နေချိန်တွင် ဒေါ်အောင် ဆန်းစုကြည် တပ်မတော်နေ့ အခမ်းအနား တက်ရောက်ခြင်းသည် ထူးခြားချက်အဖြစ် လေ့လာသူများက ရှုမြင်ကြသည်။
ဒုတိယ ကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ် မတ်လ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဗမာ့တပ်မတော်။ သခင်စိုး၊ သခင် သန်းထွန်း ဦးဆောင်သည့် ဗမာပြည် ကွန်မြူနစ် ပါတီ။ သခင်မြ၊ သခင်ချစ် တို့၏ ပြည်သူ့ အရေးတော်ပုံ ပါတီ တို့ ဦးဆောင်
ပြီး တိုင်းရင်းသားများ၊ ရဟန်းရှင်လူများက ဖက်ဆစ် ဂျပန် ကို တော်လှန်ခဲ့ကြသည်။
ထို မတ်လ ၂၇ ရက်နေ့ကို ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင် တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ်ကျင်းပ လာခဲ့ရာမှ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ် နေဝင်း ၏ တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီးနောက် တပ်မတော်နေ့ အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ယခင် တပ်မတော်နေ့များတွင် စစ်ရေးပြချီတက်သည့် စစ်ကြောင်းကြီးများကို ပြည်သူများက ပန်းကုံးများစွပ်၍ သောင်းသောင်း ဖျဖျ ကြိုဆိုကြသော်လည်း ၁၉၈၈ ခုနှစ် ၈ လေးလုံး အရေးတော်ပုံကြီးကို စစ်တပ် က ရက်ရက်စက်စက် ဖြိုခွင်းခဲ့သည့်နောက်ပိုင်းတွင်
ပြည်သူများက ကြိုဆိုခြင်း မရှိတော့ပေ။