ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင် မြို့အနီး ကရင်နီ ဒုက္ခသည်စခန်းတွင် ၃၇ ဦး သေဆုံးခဲ့သော မီးလောင်ကျွမ်းမှုသည် ဖော့စ်ဖရပ် ဓာတုပစ္စည်းကြောင့် ဖြစ်ပြီး ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း ယမန်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
မတ်လ ၂၂ ရက်နေ့ ညနေ ၃ နာရီ ဝန်းကျင်တွင် မဲ့ဆူရင်းမြို့နယ်အတွင်း ကရင်နီဒုက္ခသည် စခန်း အမှတ် (၂) ရှိ ရပ်ကွက် (၁) နှင့် (၄) တို့ မီးလောင်ကျွမ်းခဲ့ရာ စုစုပေါင်း လူ ၃၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၁၈ ဦးရှိသည်။ နေအိမ် ၄၀၀ ခန့် မီးလောင်ပျက်စီးသွားပြီး အိုးမဲ့အိမ်မဲ့ ဒုက္ခသည် ၂၃၀၀ ကျော်ရှိသည်။
မီးစတင်လောင်ကျွမ်းသည်ဟု ယုံကြည်ရသည့် နေအိမ်၏ မြေပြင်တွင် မီးလောင်လွယ်သည့် ဖော့စ်ဖရပ် ဓာတုပစ္စည်းဆိုင်ရာ သဲလွန်စများ တွေ့ရှိခဲ့သည်ဟု ကနဦး ရဲစုံစမ်းရေးအဖွဲ့မှ သတင်းရင်းမြစ်တခုကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။
ရဲတပ်ဖွဲ့ အဆိုအရ ဒုက္ခသည်စခန်းအတွင်းရှိ ရပ်ကွက် (၁) မှ အဆိုပါ အိမ်အမိုးပေါ်သို့ အမည်မသိ အရာဝတ္တုတခု ပြုတ်ကျခဲ့ပြီး မီးလောင်ကျွမ်းသည်ကို မြင်ကြရကြောင်း၊ မီးမလောင်ကျွမ်းမီ မိနစ်ပိုင်းအလိုတွင် ဒုက္ခသည် စခန်းပေါ်မှ ရဟတ်ယာဉ်တစင်း ပျံသန်းသွားကြောင်း မျက်မြင်သက်သေများကို ကိုးကား၍ ရေးသားထားသည်။
သို့သော် ထိုင်း ပြည်ထဲရေး ဒု ဝန်ကြီး မစ္စတာ ပရာချာ ပရာဆွပ်ဒီးကမူ ဒုက္ခသည်စခန်း မီးလောင်မှုသည် မထင်မှတ်ဘဲ ဖြစ်ခဲ့သည့် ဖြစ်ရပ်တခုသာ ဖြစ်ကြောင်း အခိုင်အမာ ပြောနေသည်။
ပထမဆုံး မီးလောင်ခံရသည့် အိမ်အနီးမှ မြေကြီးနမူနာကို ထပ်မံ စစ်ဆေးရန် ဘန်ကောက်မြို့ရှိ ဓာတ်ခွဲခန်းတခုသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) မှ Sunai Phasuk က မီးလောင်မှုနှင့် ပတ်သက်၍ ခန့်မှန်း ပြောဆိုမှုများ အဆုံးသတ်စေရေး ထိုင်းအစိုးရကို အမြန်ဆုံးနှင့် အရှင်းလင်းဆုံး ဖော်ထုတ်ပေးရန် တိုက်တွန်းထားသည်။
“လူတွေက ဒီကိစ္စ အချိန်တန်ရင် မေ့သွားမှာပဲလို့ မျှော်လင့်ပြီး အစိုးရက ဒီကိစ္စ ထိုင်နေလို့ မဖြစ်နိုင်ဘူး။ အစိုးရက အဖြေတခု ပေးကို ပေးရလိမ့်မယ်” ဟု သူက ဘန်ကောက်ပို့စ်ကို ပြောထားသည်။
မီးဘေး ကယ်ဆယ်ရေး ယာယီကော်မတီမှ သတင်းနှင့် မှတ်တမ်း စုဆောင်းရေး တာဝန်ခံ ကိုစိုင်းစံက “သေဆုံးသူတွေထဲမှာ အမျိုးသမီးက ၁၃ ဦး၊ ၁၈ နှစ်အောက် ကလေး ၁၅ ဦးလည်းပါတယ်။ တချို့ဆို ရင်မိသားစုလိုက် မီးထဲပါသွားတယ်။ တချို့မိသားစုဆိုရင် တယောက်ပဲ ကျန်ခဲ့တဲ့ သူတွေလည်း ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မီးစတင် လောင်ကျွမ်းခဲ့သည်ဟု ယုံကြည်ရသည့် အိမ်ပိုင်ရှင် အသက် ၂၆ နှစ်အရွယ် ဂျိုဟာ ပါဟူးက မီးစတင် လောင်ကျွမ်းချိန်တွင် နေအိမ်၌ မရှိခဲ့ကြောင်း၊ အိပ်ပျော်နေသော ၂ နှစ်အရွယ် သားငယ်ကို အိမ်တွင်ထားခဲ့ပြီး သူ၏ မိခင်နှင့်အတူ တခြားအိမ်တအိမ်တွင် ထမင်းသွားစားနေကြောင်း ထိုင်းရဲကို ပြောဆိုသည်။
နေအိမ်မှ ထွက်ခွာသွားချိန်တွင် မီးကြွင်းမီးကျန် မထားခဲ့ကြောင်းလည်း သူက အခိုင်အမာ ဆိုသည်။
အမည်မဖော်လိုသူ ဒေသခံ တဦးက မီးမလောင်မီ ကောင်းကင်တွင် ရဟတ်ယာဉ်တစင်း ဝဲခဲ့ကြောင်း၊ ထို့နောက် ကောင်းကင်တွင် မိုးအုံ့သကဲ့သို့ ဖြစ်ခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
“မီးသတ်တဲ့လူတွေက အိမ်အတွင်းထဲက မဟုတ်ဘဲ အိမ်ခေါင်မိုးပေါ်က စလောင်တယ်ဆိုတာ သူတို့ တွေ့တယ်လေ၊ ထူးခြားတာက ဒီနေရာ လောင်နေတုန်း ဟိုဘက်နေရာကလည်း ထပ်လောင်တယ်။ တနေရာပြီး တနေရာလောင်တော့ လူတွေလည်း ပြေးလမ်းပိတ်ကုန်တယ်၊ ဒါကြောင့် လူတွေအများကြီး သေကုန်တာ” ဟု သူက ဆက်ပြောသည်။
ထိုင်း ရဲစုံစမ်းရေးအဖွဲ့များက မီးလောင်ကျွမ်းရသည့် ဖြစ်စဉ်ကို တိကျခိုင်မာစွာ သိရှိရန်အတွက် မီးဘေးသင့် ဒုက္ခသည်များ၊ မျက်မြင် သက်သေများကို ဆက်လက် စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေသည်။
ကရင်နီဒုက္ခသည်များကမူ ထိုင်းအာဏာပိုင်မျာကို ကြောက်ရွံ့သဖြင့် လာရောက် မေးမြန်းသည့်အခါတိုင်း မတော်တဆ မီးလောင်မှုဟုသာ ဖြေကြားကြကြောင်း အဆိုပါ အမည်မဖော်လိုသည့် ဒေသခံက ပြောသည်။
ကရင်နီ ဒုက္ခသည်စခန်းနှင့် နီးစပ်သူ ကိုအယ်ဒီက မီးမလောင်ခင် ဒုက္ခသည် စခန်းပေါ်သို့ ဖြတ်ပျံသန်းသွားသော ရဟတ်ယာဉ်သည် မည်သည့်အမျိုးအစား၊ မည်သည့်ဌာနက ဖြစ်သည်ကို ထိုင်းအစိုးရက ဖော်ထုတ်သင့်ကြောင်း၊ ဒုက္ခသည်စခန်းတွင်းမှ လူအများကလည်း ထိုရဟတ်ယာဉ် ဖြတ်သန်းသွားပြီး တစုံတခု ကျလာသည်ကို မြင်ကြကြောင်း၊ ထို့နောက် မီးစတင်လောင်သည်ဆိုသည့် နေအိမ်ခေါင်မိုးပေါ်မှ မီးညွှန့် ထွက်လာခြင်းဖြစ်ကြောင်း ပြောဆိုကြသည်ဟု ဧရာဝတီသို့ ပြောသည်။
တခါတရံ ထိုင်းအစိုးရက ကောင်းကင်တွင် မီးခိုးများလွှတ်၍ မိုးအတုရွာခြင်းမျိုးကို ဖန်တီးတတ်ကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်ရင်း မတော်တဆ မီးလောင်မှု ဖြစ်သွားခြင်းလောဟု သံသယ ဖြစ်မိကြောင်း၊ ဒုက္ခသည်များကို မြန်မာပြည် ပြန်သွားစေရေးအတွက် ရည်ရွက်ချက်ရှိရှိ တစုံတဦးက စီမံခြင်းလောဟုလည်း သံသယဖြစ်နေသူများ ရှိနေကြောင်း သူက ဆက်ပြောသည်။
မီးလောင်မှုနှင့် ပတ်သက်၍ ဒုက္ခသည်စခန်းနှင့် သက်ဆိုင်သည့် မယ်ဟောင်ဆောင်မှ ရဲဗိုလ်မှူးကြီး Nitinart Wittayawuthikul ကို စုံစမ်းစစ်ဆေးရန် ခရိုင်ရဲရုံးသို့ ရက်ပေါင်း ၃၀ ကြာ ပြောင်းရွှေ့ခေါ်ယူသည့် အမိန့်စာအား ခရိုင် ရဲမှူးချုပ် Sompong Chingduang က လက်မှတ်ထိုးပြီး မတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ထားကြောင်း သိရသည်။
ကရင်နီ ဒုက္ခသည်စခန်း မီးလောင်ကျွမ်းချိန်တွင် ရဲမှူးကြီး Nitinart Wittayawuthikul သည် တာဝန်ပျက်ကွက်၍ ဖြစ်ကြောင်း၊ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ကိုလည်း ဖွဲ့စည်းမည်ဖြစ်ကြောင်း ခရိုင် ရဲမှူးချုပ် Sompong Chingduang က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောထားသည်။
သို့သော် ရဲမှူးကြီး Nitinart Wittayawuthikul ကမူ ရဲမှူးချုပ်၏ စွပ်စဲချက်ကို ပယ်ချလိုက်ပြီး မီးလောင်မှုကို ကြားသိရသည်နှင့် တပြိုင်နက် အခင်းဖြစ်ရာသို့ အလျှင်အမြန် ရောက်လာခဲ့ကြောင်း၊ မီးလောင်မှု ဖြစ်ပွားရာသို့ ကူညီရှာဖွေ ကယ်ဆယ်ရေး လုပ်ဆောင်ရန် အစောဆုံးရောက်သည့် အရာရှိများထဲတွင် သူပါဝင်ကြောင်း ပြောထားသည်။
မယ်ဟောင်ဆောင် ခရိုင်၌ ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၁ ) နှင့် အမှတ် (၂) ဟူ၍ စခန်း ၂ ခုရှိပြီး မီးလောင်ကျွမ်းသည့် အမှတ် (၂) စခန်းတွင် ရပ်ကွက် ၄ ခု ရှိကာ စုစုပေါင်း လူဦးရေ ၃ ထောင်ကျော် ရှိသည်။ မီးဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိုင်းအစိုးရက လုပ်ဆောင်နေပြီး အဆိုပါနေရာ၌ ပြန်လည် နေရာချထားပေးမည်ဟု သိရသည်။
အမှတ် (၁) ဒုက္ခသည် စခန်းတွင်မူ ရပ်ကွက် ၂၀ ခုနှင့် လူဦးရေ စုစုပေါင်း ၁ သောင်း ၃ ထောင်ကျော် ရှိကြောင်း သိရသည်။