မြန်မာနိုင်ငံ ဒေသတချို့တွင် ဖြစ်ပွားနေသည့် လူမျိုးရေး၊ ဘာသာရေး ဆူပူ အကြမ်းဖက် ဖျက်ဆီးမှုများ ဧရာဝတီတိုင်း ဒေသကြီးသို့ ကူးစက်လာခြင်း မရှိအောင် ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောသည်။
“မိတ္ထီလာမှာ ဖြစ်ပေါ်တဲ့ ဖြစ်စဉ် အပေါ်မှာ အခြေခံပြီးတော့ တခြားတိုင်းနဲ့ ပြည်နယ်တွေကိုလည်း ပြန့်ပွားစ ပြုလာပြီ ဆိုတာ ကြားသိ နေရပါတယ်။ ဒါကြောင့် မိမိတို့ တိုင်းဒေသကြီး အတွင်းမှာ အေးချမ်းတည်ငြိမ်စေဖို့ အတွက် တိုင်းဒေသကြီး အစိုးရ အနေနဲ့ စီမံဆောင်ရွက်လျှက် ရှိပါတယ်” ဟု မတ်လ ၂၈ ရက်နေ့က ကျင်းပသည့် တိုင်းလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး တွင် ဝန်ကြီးချုပ်က ပြောဆိုသည်။
ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ် စလုံးတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ ဒေသဆိုင်ရာ တပ်ရင်းများနှင့် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ လုံခြုံရေး ရယူထားကြောင်း သိရသည်။
“ကျနော်တို့ ကျုံပျော်မှာ ဆိုရင် ခလရ ၃၆ က ရှေ့တန်းထွက်နေပေမယ့် နောက်ချန် အင်အားနဲ့ မြို့က ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး လုံခြုံရေး ယူထားတယ်။ စစ်တပ်က ဆိုရင် အရာရှိတဦးနဲ့ တပ်သား ၁၉ ဦး၊ ရဲဆိုရင် အရာရှိ ၁ ဦးနဲ့ တပ်သား ၇ ဦး၊ အဲဒီလိုအဖွဲ့တွေဖွဲ့ထားပြီး ကင်းလှည့်တာနဲ့ လုံခြုံရေး ကင်းစောင့်တာတွေ လုပ်နေတယ်” ဟု ကျုံပျော်မြို့မှ တပ်မတော် အရာရှိ တဦးက ပြောသည်။
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်တွင်လည်း သာပေါင်း၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ ကျုံပျော်နှင့် ရေကြည်မြို့နယ် များမှ ရဲအင်အားများ ဖြည့်တင်း၍ အစ္စလမ်ဘာသာဝင် အများစု နေထိုင်သည့် ရပ်ကွက် ၈ ခု၌ လုံခြုံရေး တင်းကျပ်စွာ ချထားပြီး ပုသိမ်မြို့ အခြေစိုက် နတခ တပ်နယ် အတွင်းရှိ တပ်ရင်းများမှ စစ်ကားများဖြင့် လုံခြုံရေး ကင်းလှည့်မှုများ ဆောင်ရွက် နေကြောင်း သိရသည်။
ထို့အပြင် ပုသိမ်မြို့ရှိ အစ္စလမ် ဘာသာဝင်များ အနေဖြင့်လည်း ဗလီများ၊ အာရဗီ စာသင်ကျောင်းများ၊ မွတ်စလင် ရပ်ကွက် များကို မိမိတို့ အစီအစဉ်ဖြင့် ညမအိပ်ဘဲ လုံခြုံရေး ယူနေကြောင်း ပုသိမ်မြို့ ထောင်ကုန်းဗလီ အနီးတွင်နေထိုင်သူ ကိုမြဝင်းက ပြောသည်။
“မိန်းမတွေ၊ ကလေးတွေ ဆိုရင် အိမ်မှာ အဝတ်အစားတွေ ထုပ်ပိုးပြင်ခိုင်းထားတယ်။ ပြေးဖို့ ထွက်ပေါက်လမ်းကို ကြို ကြည့်ထားခိုင်းတယ်။ လူငယ်တွေက ညပိုင်းမှာ ဗလီတွေကို စောင့်အိပ် နေကြတယ်။ လုံခြုံရေးတွေ ရှိနေတယ်ဆိုပေမယ့် ကျနော်တို့တော့ စိတ်မချဘူး။ တခြား မြို့တွေမှာ ဒီလို လုံခြုံရေး ရှိတဲ့ကြားက ဖြစ်ကုန်တာပဲလေ။ အဲဒီတော့ ကိုယ့်ဘာသာပဲ လုံခြုံရေး ယူနေရတယ်” ဟု ၎င်းက ဆိုသည်။
ပုသိမ်မြို့တွင် အစ္စလမ် ဘာသာဝင်များ ဝတ်ပြု ကိုးကွယ်ရာ ဗလီ ၁၈ လုံး၊ အာရဗီ စာသင်ကျောင်း ၁၅ ကျောင်းရှိပြီး မွတ်စလင် ဦးရေ ၈၀၀၀ ကျော် နေထိုင်လျှက် ရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စာရင်းများ အရ သိရသည်။
ဆူပူ အကြမ်းဖက် ဖျက်ဆီးမှုများကြောင့် မြန်မာပြည်တွင်းရှိ ဒေသတချို့တွင် မတည်မငြိမ် ဖြစ်နေသည့် အတွက် ပထမအကြိမ် ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးအား ၅ ရက် ကျင်းပရန် စီစဉ်ထားရာမှ ၂ ရက်သာ ကျင်းပမည် ဖြစ်ပြီး ကျန် ၃ ရက်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သည်။
ဆူပူ အကြမ်းဖက်မှုများ ဧရာဝတီတိုင်းရှိ မြို့နယ်များသို့ ကူးစက်လာမည် ကိုစိုးရိမ်သည့် အတွက် ထိုသို့ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ပြီး တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများနှင့် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်လည်း မိမိတို့ မဲဆန္ဒ နယ်မြေများ တည်ငြိမ် အေးချမ်းရေးကို ဝိုင်းဝန်း ဆောင်ရွက်ကြ စေလိုကြောင်း တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်စိုး က ပြောသည်။
“ဒီနေ့ နိုင်ငံတော်ရဲ့ လုံခြုံမှု အခြေအနေ အရ လွှတ်တော် အစည်းအဝေးကို ၂ ရက်ထက် ပိုပြီး မကျင်းပ သင့်ပါဘူး။ လုံခြုံရေး ဟာ ကျနော်တို့ တိုင်းဒေသကြီးအတွက် အရေးကြီးပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ဒေသ ငြိမ်ဝပ် ပိပြားအောင်၊ တည်ငြိမ် အေးချမ်းအောင် ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ တာဝန်ရှိ ပါတယ်” ဟု လွှတ်တော် အစည်းအဝေးတွင် ၎င်းက ဆိုသည်။
လွှတ်တော် အစည်းအဝေး ကို မတ်လ ၂၈ နှင့် ၂၉ ရက်နေ့များ တွင် ကျင်းပသွားမည် ဖြစ်ပြီး မတ်လ ၂၈ ရက်နေ့ လွှတ်တော် အစည်းအဝေးသို့ လွှတ်တော် ကိုယ်စားလှယ် ၇၁ ဦး ရှိသည့်အနက် ၆ ဦး ပျက်ကွက်ကာ ၆၅ ဦး တက်ရောက် ခဲ့သည်။
ရွှေ အရောင်းအဝယ် အငြင်းပွားမှု တခုမှ စတင်ကာ ခိုက်ရန် ဖြစ်ပွားရာမှ အကြမ်းဖက် ဖျက်ဆီး တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ အဓိကရုဏ်းတွင် လူ ၃၀ သေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရှိခဲ့သည်။
ယင်း ပဋိပက္ခ ဂယက်သည် ယခုအခါ ပဲခူးတိုင်း အနောက်ခြမ်းရှိ ဇီးကုန်း၊ နတ္တလင်း၊ ကြို့ပင်ကောက်၊ လက်ပံတန်း၊ အုတ်ဖို၊ မင်းလှနှင့် မိုးညိုမြို့များ သို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး မီးရှို့ခြင်း၊ နေအိမ်များ၊ ဗလီများကို ဖျက်ဆီးခြင်း စသည့် ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။
အစိုးရ အနေဖြင့် ပြည်သူတို့၏ အသက် အိုးအိမ် စည်းစိမ်ကို ထိပါးသည့် လုပ်ရပ် မှန်သမျှကို လက်သင့်ခံမည် မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံး၍ ထိထိ ရောက်ရောက် နှိမ်နှင်းသွားမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က မတ်လ ၂၈ ရက်နေ့ ညပိုင်းတွင် ထုတ်လွှင့်သည့် သမ္မတမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။
ဆူပူအကြမ်းဖက်မှု ဖြစ်ပေါ်ခဲ့သည့် မြို့နယ်တချို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး အဓိကရုဏ်းစတင်ခဲ့သည့် မိတ္ထီလာမြို့တွင် ယခုတိုင် အရေးပေါ်အခြေအနေ ကြေညာထားဆဲ ဖြစ်သည်။