ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တာနား၏ မြန်မာပြည်အလယ်ပိုင်း ပဋိပက္ခဆိုင်ရာ ပြောဆိုချက်များကို သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့် ရှိသူ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပယ်ချလိုက်ကြောင်း သူ၏ လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာမှ တဆင့်ရေးသား တုံ့ပြန်ထားသည်။
“ကျနော့်အနေနဲ့ ကင်တားနားရဲ့ အကြမ်းဖက်ဆူပူမှုများ(မှာ) နိုင်ငံတော်အဖွဲ့အစည်းတွေ ပါဝင်နေတယ်၊ ကူညီအားပေးနေတယ်လို့ ပြောကြားချက်များကို လုံးဝငြင်းပယ်ပါတယ်” ဟု ဦးရဲထွဋ်က မတ်လ ၂၉ ရက်နေ့တွင် ရေးသားထားသည်။
ထို့အပြင် မစ္စတာ ကင်တားနား အနေဖြင့် မြေပြင်အခြေအနေများကို မှန်မှန်ကန်ကန် လေ့လာမှု မရှိဘဲ တဆင့်ကြား သတင်းများကိုသာ အခြေပြု ပြောကြားနေခြင်းသည် အခြေအနေကို ထိန်းသိမ်းနိုင်ရန် ဝိုင်းဝန်း ကြိုးပမ်းဆာင်ရွက်နေသည့် အစိုးရ အပါအဝင် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ၊ သာသာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို မျက်ကွယ် ပြုရာရောက်သည့်အတွက် ဝမ်းနည်းစရာ ဖြစ်ကြောင်းလည်း ဒုဝန်ကြီး ဦးရဲထွဋ်က ဆိုထားသည်။
မြန်မာနိုင်ငံတွင် မကြာမီက ဖြစ်ပွားသော ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား အကြမ်းဖက် အဓိကရုဏ်း ဖြစ်စဉ်တွင် မြန်မာအစိုးရပိုင်းက ပါဝင်ပတ်သက်နေကြောင်း ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ကင်တာနားက ပြီးခဲ့သည့် သောကြာနေ့က ပြောကြားခဲ့သည်။
မစ္စတာ ကင်တာနားက မြန်မာနိုင်ငံ အလယ်ပိုင်း မြို့တချို့တွင် မွတ်စလင်ဗလီများ မီးရှို့မှု၊ လူပေါင်း ၄၀ ထက် မနည်း သတ်ဖြတ်ခံရသည့် အကြမ်းဖက်မှုများတွင် အစိုးရ ပါဝင်ပတ်သက်သည့် အထောက်အထားများ သူ့အနေဖြင့် လက်ခံ ရရှိထားသည်ဟု ပြောကြားသည်ဟု မတ်လ ၂၉ ရက်နေ့ AFP သတင်းတပုဒ်တွင် ဖော်ပြသည်။
“အကြမ်းဖက်မှု လုပ်ရပ်တွေထဲက တချို့မှာ အစိုးရက ပါဝင်ပတ်သက်တဲ့ သတင်းပို့ချက်တွေ ကျနော် လက်ခံရထားပါတယ်” ဟု သူက ပြောဆိုကြောင်း သတင်းတွင် ဖော်ပြထားသည်။
စနစ်တကျ ဖွဲ့စည်းထားသည့် အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာဝင် အဓိကရုဏ်း ဖန်တီးသူများ အပါအဝင် ရက်စက်မှုများကို ကျူးလွန်နေစဉ်တွင် လုံခြုံရေးတပ်ဖွဲ့များက ရပ်ကြည့်နေသည့် အထောက်အထားများလည်း ရှိကြောင်း မစ္စတာ ကင်တာနားက ပြောသည်။
“ဒါက တိုက်ရိုက် ဘာကိုပြသလဲဆိုရင် နိုင်ငံတော်ပိုင်းက တချို့အပိုင်းတွေ တိုက်ရိုက် ပါဝင်ပတ်သက်နေတယ် ဆိုတာပါပဲ။ ဒီလို လုပ်ရပ်တွေကို ထောက်ခံနေတာလား၊ အားပေးအားမြှောက်လုပ်နေတာလားဆိုပြီးတောင် ပြောလို့ရတယ်” ဟု သူက AFP သတင်းတွင် ပြောထားသည်။
တခြားဒေသများသို့ ဆက်လက် မပြန့်ပွားစေရေး၊ အကြမ်းဖက်မှုများ ရပ်တန့်စေရေး မြန်မာအစိုးရက ချက်ချင်း ထိရောက်စွာ အရေးယူ ကိုင်တွယ်သွားရန်လည်း ကုလ အထူးကိုယ်စားလှယ်က တောင်းဆိုခဲ့သည်။
မတ်လ ၂၈ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာ၌ မိတ္ထီလာတွင် ဖြစ်ခဲ့သည့် အဓိကရုဏ်းနှင့် ဆက်လက် ဖြစ်ပေါ်နေသော မတည်ငြိမ်မှုများကို လုံခြုံရေး တာဝန်ရှိသူတွေအနေဖြင့် ရဲရဲဝံ့ဝံ့ ကိုင်တွယ် ဖြေရှင်းရန် ပြောဆိုခဲ့သည်။
“ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေ အကြား အမုန်းတရား တိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျနော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာ သတိပေးပြောကြား လိုပါတယ်”
ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုသည်။
“ကျနော့် အနေနဲ့ အင်အားသုံးပြီး ပြဿနာတွေကို ဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမယ့် ပြည်သူလူထုရဲ့ အသက် အိုးအိမ် စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့ လုပ်ရပ်မှန်သမှျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြ အင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရက် မစ်ချဲလ်က ဦးဌေးဦး၊ ဦးအောင်သောင်း အပါအဝင် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်များနှင့် ရန်ကုန်မြို့၌ မကြာသေးမီက တွေ့ဆုံမှုတွင် ပဋိပက္ခ၌ အာဏာရပါတီ၏ အနေအထားကို ပြောဆိုဆွေးနွေးခဲ့သည်ဟု သံတမန် အသိုင်းအဝိုင်းကို ကိုးကား၍ ပြောဆိုမှုများ ရှိသော်လည်း ဧရာဝတီက သီးခြားအတည်ပြုချက် မရရှိပေ။
မြန်မာပြည် အလယ်ပိုင်း ပဋိပက္ခသည် မိတ္ထိလာမြို့ရှိ ရွှေဆိုင်တွင် ရွှေအရောင်းအဝယ်လုပ်စဉ် စကားများရာမှ စတင်ခဲ့ပြီး နောက် ဆက်တွဲ အဓိကရုဏ်းများ အရှိန်ဖြင့် ဆက်လက်ဖြစ်ပွားကာ နေအိမ်နှင့် ဗလီများ မီးရှို့ဖျက်ဆီးခြင်း၊ လူ ၄၀ ကျော်ကို လမ်းများပေါ်တွင် သတ်ဖြတ်ခြင်းများအထိ ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် ပြစ်မှု ကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးအရေးယူလျက် ရှိကြောင်း၊ မတည်မငြိမ် ဖြစ်ပွားခဲ့သည့် မြို့နယ်ပေါင်း ၁၅ ခုကို လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း၊ ထို့အပြင် အရေး ပေါ်ကာလ ကြေညာပြီးနောက် ပြည်ထဲရေး ဝန်ကြီးဦးဆောင်သည့် စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်းခန့်အပ်တာဝန် ပေးထားကြောင်း သိရသည်။