[irrawaddy_gallery]
ရန်ကုန် ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းရှိ အစ္စလမ်ဘာသာရေး စာသင်ကျောင်း မီးလောင်ခဲ့၍ ကလေး ၁၃ ဦးသေဆုံးခဲ့မှုနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရ အနေဖြင့် အဖြစ်မှန်အတိုင်း ပွင့်လင်းမြင်သာစွာ ဖော်ထုတ်ပေးစေချင်ကြောင်း အစ္စလမ်ဘာသာရေး ခေါင်းဆောင်များက ပြောကြသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ်မှ တွဲဘက် အတွင်းရေးမှူး ဦးရဲနောင်သိန်းက ကောလာဟလများ ချုပ်ငြိမ်းဖို့ လိုကြောင်း၊ ပွင့်လင်းမြင်သာစွာဖြင့် အမှုကို အမှန်အတိုင်း ဖြစ်စေချင်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့က တရားခံ မိရေး မမိရေးထက် အမှန်တရား ပေါ်ပေါက်စေချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ လုပ်ကြံမှု ဖြစ်ခဲ့တယ် ဆိုရင်လည်း ဒါဟာ ရန်ကုန်တိုင်း အစိုးရအဖွဲ့က လုပ်တာမဟုတ်ဘူး၊ နိုင်ငံတော် အစိုးရက လုပ်တာမဟုတ်ဘူး၊ ကျနော်တို့နဲ့ ဘာသာမတူသူတွေ လုပ်တာမဟုတ်ဘူး၊ လူရမ်းကား တစုက လုပ်တယ်ဆိုရင် ဒီလူစုကို ဖော်ထုတ် ပေးစေ ချင်တယ်။ ဖြစ်စဉ် အမှန်ကို ဖော်ထုတ်ပေးစေချင်တယ်” ဟု သူက ဆိုသည်။
ဆက်လက်၍ မြန်မာနိုင်ငံလုံး ဆိုင်ရာ မော်လဝီ အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် အယ်လ်ဟာဂျ် ဦးကျော်စိုးကလည်း ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အစည်းအဝေးလုပ်ခဲ့ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့မည်ဟု ပြောခဲ့ကြောင်း ကော်မရှင်ဖွဲ့မည်ဆိုပါက ယခုကိစ္စကို စနစ်တကျ ဖော်ထုတ်နိုင်မည်ဟု ယုံကြည်ကြောင်း၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်က စစ်ဆေးပြီးမှသာ အဖြေမှန် ပေါ်လာမည် ဖြစ်သောကြောင့် အစိုးရက သတင်းထုတ်ပြန်သည့် မီးအားမြင့်စက်မှတဆင့် ဝါယာရှော့ခ် ဖြစ်သည်ဟု သုံးသပ်ခြင်းမှာ ဆန္ဒစောသည်ဟု ယူဆကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့ထားသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဖော်ထုတ်မည့် အဖြေသည် အဖြေမှန် ဖြစ်မည်ဟု ယုံကြည်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ အားလုံး အစိုးရအဖွဲ့နဲ့ပဲ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ခံယူထားတယ်” ဟု ၎င်းက ဆိုသည်။
ယနေ့ နံနက် ၃ နာရီခန့်က ရန်ကုန်မြို့ ၄၈ လမ်းရှိ အစ္စလမ် ဘာသာရေး စာသင်ကျောင်း မီးလောင်မှု ဖြစ်ပွားရာ ကလေးငယ် ၁၃ ဦး မီးလောင်ကျွမ်း သေဆုံးသွားခဲ့ကြောင်း အခင်းဖြစ်ပွားရာ နေရာမှ စုံစမ်းသိရသည်။
အစ္စလမ် ဘာသာရေး စာသင်ကျောင်းမှာ နှစ်ထပ်အဆောက်အဦး ဖြစ်ပြီး မီးမှာ နံနက် ၃ နာရီ ခန့်တွင် လှေကား အတက်အဆင်း နေရာမှ စတင် လောင်ကျွမ်းခဲ့ကာ ၃ နာရီ မိနစ် ၂၀ ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း အခင်းဖြစ်ပွားရာ
နေရာတွင် ရောက်ရှိနေသော မီးသတ်အရာရှိက မီဒီယာများကို ပြောသည်။
မီးမှာ လှေကားအနီး မီးအားမြင့်စက်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ယေဘုယျ သုံးသပ်ထားပြီး အသေးစိတ်ကို ဆက်လက် စုံစမ်းဖော်ထုတ်သွားမည် ဖြစ်ကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဦးမြင့်အေးက ရှင်းပြသည်။
“လှေကားလောင်တော့ အပေါ်ထပ်က ကလေးတွေ ပိတ်မိပြီး အောက်ဆင်းလို့ မရဘူး။ အောက်မှ အိပ်တဲ့လူတွေ အားလုံးက လွတ်သွားတယ်” ဟု စာသင်ကျောင်း အနီးတွင် နေထိုင်သူ အစ္စလမ်ဘာသာဝင် တဦးက ပြောသည်။
၄၈ လမ်းတွင် ကားပါကင် လုံခြုံရေးစောင့်သူ ကိုမြင့်အောင်က နံနက် ၂ နာရီ ၄၅ မိနစ်ခန့်တွင် ရေဆာသောကြောင့် အစ္စလမ် ဘာသာရေး စာသင်ကျောင်းအနီးသို့ ရေသွားသောက်စဉ် မီးခိုးများထွက်နေသည်ကို တွေ့ရာ ဘေးအိမ်သို့ နှိုး၍ ပတ်ဝန်းကျင် သို့ အကူအညီတောင်းခံခဲ့ကြောင်း၊ အော်ဟစ်နှိုးသော်လည်း စာသင်ကျောင်းအတွင်းမှ ပြန်လည် အသံမပြုသောကြောင့် တခြားအိမ်များကို ဆက်တိုက် လိုက်နှိုးခဲ့ကြောင်း ရှင်းပြသည်။
“မီးမလောင်ခင် လမ်းထဲမှာထူးခြားတာ ဘာမှ မတွေ့ဘူး။ ဘယ်သူမှလည်း ဖြတ်မလျှောက်ဘူး။ ဒီတလမ်းလုံးမှာ လုံခြုံရေး အစောင့်က ၃ ယောက်ရှိတယ်။ ကျနော်တို့က ညဘက်လည်း မအိပ်ဘူး။ မိုးလင်းပေါက် ထိုင်စောင့်နေတာ” ဟု သူက ဆိုသည်။
၄၈ လမ်း အစ္စလမ် စာသင်ကျောင်း မီးလောင်မှုသည် လျှပ်စစ်ကျွမ်းကျင်သူ၊ မီးသတ်ကျွမ်းကျင်သူများ၏ စစ်ဆေးချက်များ အရ မီးအားမြှင့်စက် အပူလွန်ကဲရာမှ စတင် လောင်ကျွမ်းချင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက အတည်ပြုပြောကြားသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်သည် အပေါ်ထပ်နှင့် အောက်ထပ် ဆက်သွယ်ထားသည့် တခုတည်းသော လှေကားဘေးခန်းမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး အဆိုပါလှေကားကိုလည်း သော့နှစ်ထပ်ခတ်ထား၍ မီးလောင်ကျွမ်းနေချိန်တွင်လည်း အဆိုပါသော့ကို ဖွင့်မပေးနိုင်ခဲ့သဖြင့် အပေါ်ထပ်ရှိ ကလေး ၁၃ ဦး မီးခိုးမွှန် သေဆုံးရခြင်းဖြစ်ကြောင်း ဆေးရုံမှတ်တမ်း အတည်ပြုချက်အရ ပြောရခြင်းဖြစ်သည်ဟု ယနေ့မနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီးရုံးတွင် အရေးပေါ် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း တိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။
“ဒီဖြစ်စဉ်မှာ တကယ်တာဝန်ရှိတဲ့ မီးလောင်ခဲ့တဲ့ ဗလီရဲ့တာဝန်ခံနဲ့ တာဝန်ရှိသူကို မီးလောင်မှု၊ လူသေဆုံးမှုတို့နဲ့ အရေးယူဖို့ စီစဉ်နေပါတယ်။ တာဝန်ပေါ့လျော့မှု၊ နှောင့်နှေးကျန့်ကြာမှု၊ အပြစ်ကို ဖုံးချင်တဲ့သဘောနဲ့ မသမာသူတွေက လာရှို့တဲ့ပုံစံမျိုး ကောလာဟလတွေ ပြန့်နေတာပါ” ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် ဗလီအတွင်း ပြတင်းပေါက်များအားလုံးကို သံတိုင်၊ သံဆန်ကာများ ကာရံထားပြီး အပေါ်ထပ်နှင့် အောက်ထပ် လှေကား၏ သော့ကိုလည်း မီးသတ်ဝန်ထမ်းများ ရောက်မှ ဖျက်ဖွင့်ခဲ့ရကြောင်း၊ သေဆုံးသည့် ကလေးငယ်များမှာ အပြင်မထွက်နိုင်သောကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း၊ လုံခြုံရေးများ၏ အတည်ပြုချက်အရ အဆိုပါမီးလောင်သည့် ညအချိန်များတွင် လူစိမ်းများ ဝင်ရောက်ခြင်း မတွေ့ရသဖြင့် အပြင်ပရောဂ မပါကြောင်း ရန်ကုန်တိုင်းဒေသကြီးမှ ရဲမှူးကြီး
ဝင်းနိုင်က ရှင်းပြသည်။
မီးလောင်မှုကြောင့် ပျောက်ဆုံးနေသော ကလေး ၄ ဦးကိုလည်း ပြန်တွေ့၍ ၎င်းတို့မိဘများထံသို့ ပြန်လည် ရောက်ရှိနေပြီဖြစ် ကြောင်း၊ ယခု ပြန့်နေသော ကောလာဟလများကြောင့် မလိုလားအပ်သော ကိစ္စရပ်များ ဖြစ်လာနိုင်သဖြင့် သတင်းသမား များနှင့် ပြည်သူများ သတိပြုစေချင်ကြောင်း ၎င်းက ဆက်ပြောသည်။
“အခု တချို့မြို့နယ်တွေမှာ ဗလီတွေရဲ့ လုံခြုံရေးကြောင့်ဆိုပြီး လိုအပ်တာထက်ပိုတဲ့ အကာရံတွေလုပ်ထားတာ တကယ် တော့ အခုလို သဘာ၀ ဘေးအန္တရာယ် တခုခုဖြစ်ရင် မဖြစ်သင့်တာတွေ ဖြစ်လာနိုင်တယ်လို့ ပြောရလိမ့်မယ်။ အခုတော့ ဒီ ဗလီက တာဝန်ရှိတဲ့ သူတွေဖြစ်တဲ့ ဦးဇေယျာဖြိုးနဲ့ ဦးခင်အောင်အေးကို အမှုဖွင့် အရေးယူဖို့လုပ်နေတယ်” ဟု ၎င်းကဆို သည်။
မီးလောင်ကျွမ်းခဲ့သော အစ္စလမ်ဘာသာရေး စာသင်ကျောင်းတွင် အသက် ၇ နှစ်ခန့်မှ ၁၆ နှစ် အထိ ကလေးငယ် ၇၀ ခန့် ရန်ကုန်မြို့ အပါအဝင် နယ်ပေါင်းစုံမှ လာရောက် ပညာသင်လျှက်ရှိသည်။
ဧရာဝတီသတင်းထောက် ထက်နိုင်ဇော်၊ စနေလင်းနှင့် နန်းသီရိလွင် ပူးပေါင်းရေးသားသည်။