သံဃာ အချို့က ဗုဒ္ဓဘာသာ၏ သင်္ကေတတံဆိပ် အဖြစ် သတ်မှတ်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသော ၉၆၉ အမှတ် တံဆိပ်ပါ တရားခွေ များကို သက်ဆိုင်ရာက ဖမ်းဆီးသိမ်းဆည်း အရေးယူနေသည်ဆိုသော သတင်းများ ထွက်ပေါ်နေခြင်း ကြောင့် ရောင်းအားနှင့် ဝယ်အား သိသိသာသာ ကျဆင်းလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ဘာသာရေးနှင့်လူမျိုးရေး ပဋိပက္ခများဖြစ်ပွားခဲ့သော ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နယ်မြို့တချို့တွင် အဆိုပါ တရားခွေ ရောင်းချနေသူများကို ဖမ်းဆီးအရေးယူနေသည်ဆိုသော သတင်းများကြောင့် ရန်ကုန်မြို့တွင် ၉၆၉ တရားခွေ ရောင်းချမှု အလွန်လျော့ကျလာကြောင်း ရန်ကုန်မြို့ အခြေစိုက် တရားခွေကူးယူ ဖြန့်ချိရောင်းနေသော လုပ်ငန်းရှင်များထံမှ သိရှိရသည်။
“အခု နယ်တွေက ၉၆၉ ခွေတွေ လုံးဝမ၀ယ်တော့ဘူး။ ဖမ်းနေကြလို့တဲ့။ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နောက်ပိုင်းမှ ဒီ ၉၆၉ တရားခွေသိသိသာ သာ အရောင်း အဝယ်ကျခဲ့တာ။ ရန်ကုန်က အခွေအရောင်းဆိုင်တွေတောင် ဝယ်မရောင်းရဲကြ တော့ဘူး။ လူတော့ ဖမ်းတာ မကြားသေးဘူး။ ပစ္စည်းတွေ သိမ်းခံလိုက်ရတာတော့ကြားတယ် ” ဟု ယုဇနပလာဇာရှိ တရားခွေကူးယူ ထုတ်လုပ် ဖြန့်ချိနေသော လုပ်ငန်းရှင်တဦးက ဆိုသည်။
ရန်ကုန်မြို့ရှိ သက်ဆိုင်ရာအာဏာပိုင်များကမူ ၉၆၉ တရားခွေများ ဖမ်းဆီးရန် အမိန့် ညွှန်ကြားချက် မရှိသည့်အပြင် ဖမ်းဆီးမှုလည်း မရှိကြောင်း အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိများက ပြောသည်။
သင်္ဃန်းကျွန်း မြို့နယ်မှ အခွေဆိုင်ဖွင့်လှစ်ထားသူ ကိုကျော်ဇေလင်းက “ကျနော်တို့ဆီတော့ ဖမ်းဆီးတာမျိုး မကြားမိသေးဘူး။ ဒါပေမယ့် ဖမ်းမယ်ဆိုတဲ့သတင်းတွေကြားနေရတော့ ၉၆၉ တရားခွေတွေ မရောင်းတော့ဘူး။ ဒီအခွေကြောင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတေ ွပိုဖြစ်လာမှာစိုးလို့ အခုလို လိုက်လံတားဆီးနေတာလားဆို တာတော့ မပြောတတ်ဘူး” ဟု ဆိုသည်။
အစ္စလမ်ဘာသာ ဆန့်ကျင်ရေး တရားခွေဟု နာမည်ကြီးနေသော ၉၆၉ တရားခွေများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က မည်သို့ ကိုင်တွယ်ကြောင်း ရှင်းလင်းမှု မရှိလှပေ။
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်ရဲစခန်း သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် ၉၆၉ တရားခွေ ရောင်းချ သူ တချို့ကို ဖမ်းဆီးထားသည် ဟု ဦးစွာဖြေကြားခဲ့ပြီး အချက်အလက် အသေးစိတ်သိရှိလိုပါက နောက်တကြိမ် ထပ်မံဆက် သွယ်ရန် ပြောဆိုခဲ့သည့် အတွက် ဧရာဝတီက ထပ်မံဆက်သွယ်မေးမြန်းသောအခါတွင်မူ ၉၆၉ တရားခွေ ရောင်းချမှုဖြင့် အရေးယူထားခြင်းမျိုး လုံးဝမရှိဟု ပြန်လည် ပြင်ဆင်ပြောဆိုသည်။
အကြမ်းဖက် ဖျက်ဆီးမှုများဖြစ်ပွားခဲ့သော ပဲခူးတိုင်းအတွင်းတွင်မူ အကြမ်းဖက်ဖျက်ဆီးမှုများသည် ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့များ၏ လက်ချက်နှင့် ဆက်နွယ်သည်ဟု ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက ဧရာဝတီသို့ ပြောဆိုခဲ့ပြီး ဒေသခံအချို့ကမူ အကြမ်းဖက်မှုများသည် ၉၆၉ တရားခွေများ လာရောက်ဝေငှပြီးသည့်အချိန်နှင့် တိုက်ဆိုင် စွာ ဖြစ်ပွားခဲ့သည်ဟု ဧရာဝတီသို့ ပြောဆိုကြသည်။
သို့ရာတွင် ၉၆၉ တရားခွေများကို ဖမ်းဆီးအရေးယူရန် ဆိုသော ညွှန်ကြားချက်မျိုးမရှိသည့်အတွက် ဖမ်းဆီးအရေးယူမှု တစုံတရာမရှိကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိက ဆိုသည်။
နေပြည်တော်သာသနာရေးဝန်ကြီးဌာနမှ အရာရှိတဦးကမူ တရားခွေရောင်းချမှုများကို ယခင်က သာသနာရေးဝန်ကြီးဌာန နှင့် ဗီဒီယိုဆင်ဆာအဖွဲ့သို့ ပေးပို့စစ်ဆေးမှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင်မူ မည်သူမျှ လာရောက်တင်ပြခြင်း မရှိတော့ကြောင်း၊ ၉၆၉ တရားခွေများသည် တရားဝင်ဖြန့်ချိခွင့်ပြုထားသော အခွေများ မဟုတ်သကဲ့သို့ ထိုတရားခွေများကို အရေးယူ တားမြစ်ပေးရန် ဆိုသော တိုင်တန်းမှုများရှိမှသာလျှင် တားမြစ်နိုင်မည်ဖြစ်ကြောင်း ပြောသည်။
“၉၆၉ တရားခွေနဲ့ပတ်သက်လို့ ကျနော်တို့အနေနဲ့ ထိန်းချုပ်ဖို့ဆိုတာက တိုင်တဲ့သူရှိမှ တိုင်တာကို စိစစ်ပြီး ဘယ်လိုလုပ်ရမယ်ကို ဆက် စီစဉ်လို့ရမှာ။ အခုချိန်မှာက ဖြန့်တဲ့သူတွေကလည်း သူ့ဘာသာကူးပြီးဖြန့်ကြနဲ့ ပျံ့နှံ့နေတာ။ တရားဝင်တယ်၊ မဝင်ဘူးဆို တာကို ဘယ်လိုပြောရမယ်မှန်းတောင် မသိတော့ဘူး” ဟု အဆိုပါအရာရှိက ပြောသည်။
ဗုဒ္ဓဘာသာ၏ သင်္ကေတအဖြစ် ၉၆၉ တံဆိပ်ကို သတ်မှတ်ရန် ကြိုးပမ်းနေသော မန္တလေးမစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် ဦးဝီရသူကမူ ၉၆၉ တွင် ပထမဂဏန်း ၉ သည် ဘုရားဂုဏ်တော် ၉ ပါး၊ ဒုတိယ ဂဏန်း ၆ သည် တရားဂုဏ်တော် ၆ ပါး၊ တတိယ ဂဏန်း ၉ သည် သံဃာ ဂုဏ်တော် ၉ ပါးကို ရည်ညွှန်းခြင်းဖြစ်ကြောင်း၊ ယင်း ၉၆၉ ကို ယခင်သာသနာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဟောင်း နှစ်ဖက်လှ ဦးကျော်လွင်က တီထွင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၉၆၉ သည် မွန်မြတ်ပြီး အကြမ်းဖက် လူသတ်မှုများနှင့် လုံး၀ မပတ်သက်ကြောင်း ဧရာဝတီသတင်းဌာနနှင့် ဆက်သွယ်မေးမြန်းတခုတွင် ဖြေဆိုထားသည်။