ဧရာဝတီတိုင်းဒေသကြီးရှိ ကျုံပျော်၊ ကျောင်းကုန်းနှင့် ကန်ကြီးထောင့်မြို့နယ်များကို ဖြတ်သန်းစီးဆင်းနေသည့် ဒါးကမြစ်အား အင်းအဖြစ်သတ်မှတ်၍ ငါးဖမ်းလုပ်ကွက်များ ချထားပေးခြင်းကြောင့် မြစ်ကြောင်းကျဉ်းကာ တိမ်ကောလာနေကြောင်း ဒါးကမြစ်ကြောင်း လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောသည်။
ငါးဖမ်းလုပ်ကွက်လေလံအောင်သူ အင်းသူကြီးများက မြစ်အတွင်း ဘုံဝန်းများ (ဗေဒါချုံပုတ်များချကာ မြစ်အတွင်း ငါးမွေးထားခြင်း) ဖြင့် စည်းကမ်းမဲ့ ငါးဖမ်းခြင်းကြောင့် ယခင်က ပေ ၃၀၀ ခန့်ကျယ်၍ ပေ ၃၀ အနက်ရှိခဲ့သောမြစ်ကြောင်းမှာ ယခုအခါ အကျယ်ပေ ၁၀၀ ခန့်နှင့် အနက်မှာ ၈ ပေ ခန့်သာရှိတော့ကြောင်း ကျုံပျော်မြို့အခြေစိုက် မြစ်ကြောင်းလေ့လာ စောင့်ကြည့်ရေးအဖွဲ့မှ ဦးသိန်းမြင့်ဆောင်းက ဧရာဝတီကို ပြောသည်။
“မြစ်ထဲမှာ ဘုံဝန်းတွေ အလုံပေါင်း မြောက်မြားစွာ ချပြီး ငါးဖမ်းနေတော့ မြစ်ရေကမစီးနိုင်တော့ဘူး။ အဲဒီမှာ မြစ်ကအနည်ပို့ချတာ များလာတော့ မြစ်ကြမ်းပြင် မြင့်တက်လာတယ်။ ရေစီးအားနည်းတော့ မြစ်ကြောင်းကျဉ်းလာတယ်။ အဲဒီ အကျိုးဆက်က ကျုံပျော်မြို့ဟာ ဒီနှစ်ပိုင်းမှာဆိုရင် ရေကြီးမှုဒဏ်ကို နှစ်စဉ်အလူးအလဲ ခံလာရတယ်။ ဒီပုံအတိုင်းဆိုရင် နောက်နှစ်အနည်းငယ်အတွင်းမှာ ဒီမြစ်က လုံးဝတိမ်ကော သွားနိုင်တယ်”ဟု သူက ပြောသည်။
ဒါးကမြစ်သည် လေးမျက်နှာမြို့အနီးတွင် ငဝန်မြစ်မှ ခွဲထွက်လာပြီး ကျောင်းကုန်း၊ ကျုံပျော်၊ ကန်ကြီးထောင့်မြို့နယ်များမှ ကျေးရွာပေါင်း ၃၀၀ ကျော်ကို ဖြတ်သန်းစီးဆင်းကာ အိမ်မဲမြို့အနီးတွင် ငဝန်မြစ်အတွင်းသို့ ပြန်လည်စီးဝင်သည့်မြစ်ဖြစ်သည်။
ယခင်က ယင်းမြစ်ကြောင်းအတွင်း ယခင်က လူစီး ၂ ထပ်သင်္ဘောများ ဝင်ထွက်ခုတ်မောင်း နိုင်ပြီး ပဲခူးတိုင်း ပြည်မြို့အထိ ရေကြောင်းခရီးသွားလာနိုင်ခဲ့သော်လည်း ယခုအခါ သင်္ဘောများ လုံးဝမောင်းနှင်၍မရတော့ဘဲ ဗေဒါချုံများပြည့်နေသည့်မြစ်ကြောင်းအတွင်း ပဲ့ထောင်များဖြင့်သာ ခက်ခက်ခဲခဲ ခရီးသွားလာနေရကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ တိုင်းဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောသည်။
“မြစ်ထဲမှာ ဗေဒါပင်တွေပြည့်နေတော့ သင်္ဘောမပြောနဲ့ ပဲ့ထောင်တောင် မနည်းမောင်းပြီး သွားနေရတယ်။ ဟိုတလောကဆို ကိုယ်ဝန်ဆောင်အမျိုးသမီး မီးမဖွားနိုင်လို့ ကျုံပျော်ဆေးရုံကို ပဲ့ထောင်နဲ့လာတာ မြစ်ထဲမှာ ဗေဒါကြပ်နေလို့ ဘယ်လိုမှတိုးမပေါက်တော့ လမ်းမှာတင်ပဲ ဆုံးသွားတယ်”ဟု သူက ပြောသည်။
ငါးဖမ်းလုပ်ကွက်လေလံရသူ အင်းသူကြီးများက ၎င်းတို့ပိုင်နက်အတွင်း ဘုံဝန်းတလုံးလျှင် ၅ သောင်း ကျပ်နှုန်းတောင်းခံ၍ ငါးဖမ်းခွင့်ပြုထားကြောင်းနှင့် မြစ်ကြောင်းတလျှောက်တွင် ဘုံဝန်းအလုံးပေါင်း ရာနှင့်ချီ၍ရှိနေကြောင်း သိရသည်။
ငါးလုပ်ငန်းဥပဒေအရတားမြစ်ထားသည့် ငါးမျိုးပွားချိန် (ငါးရစ်ငါးသန်ကာလ) ပါမချန် ဒါးကမြစ်အတွင် ဘုံဝန်းချုံချ၍ ငါးဖမ်းခြင်းကြောင့် ငါးကြင်း၊ ငါးသလောက်စသည့်ငါးများ မျိုးမပွားနိုင်တော့ဘဲ တဖြည်းဖြည်းရှားပါးလာနေကြောင်း၊ ငါးဖြူရေး၊ ငါးသန်ပါးစသည့် ငါးမျိုးစိတ်များ ပျောက်ဆုံးကုန်ကြောင်း ကျုံပျော်မြို့မှ သဘာဝပတ်ဝန်းကျင် ဆိုင်ရာစာပေများရေးသားနေသူ စာရေးဆရာမ ရွှေနုက ပြောသည်။
“သူတို့က ငါးရစ်ငါးသန်ကာလပါမရှောင်ဘဲ ငါးတွေကို ဗေဒါပင်တွေကြားထဲမှာ ဖွဲနုတို့ ပုစွန်ခြောက်တို့ကျွေးထားတော့ မျိုးပွားဖို့သူ့ဒေသကိုပြန်ရမယ့်ငါးက မပြန်တော့ဘဲနဲ့ လူတွေကျွေးတဲ့အစားကောင်းတွေစားပြီး မျိုးမပွားတော့ဘူး။ အချိန်တန်တော့ လူတွေက ဘုံဝန်းချုံဖော်ပြီး ငါးတွေရောင်းစားတော့ နောက်ထပ်ငါးတွေပွားမလာတဲ့အပြင် ရှိတဲ့ငါးပါ တဖြည်းဖြည်း မျိုးပြုန်းလာတာပေါ့”ဟု သူက ပြောသည်။
ထို့ပြင် မြစ်ကမ်းနံဘေးရှိ ဆန်စက်များ၊ ပီလောပီနံစက်များမှ မြစ်ထဲသို့ ရေဆိုးများ စွန့်ထုတ်ခြင်းကြောင့် ရေထုညစ်ညမ်းခြင်း၊ မြစ်ကမ်းနံဘေးရှိ သစ်ပင်များခုတ်လှဲခြင်းကြောင့် မြစ်ကမ်းပါးများ ရေတိုက်စားမှုဒဏ်ခံရပြီး မြစ်ကြောင်းပျက်စီးလာခြင်းဖြစ်ကြောင်း လေ့လာ စောင့်ကြည့်သူများက ဆိုသည်။
“အခုကာလဆိုရင် ဒါးကမြစ်ထဲမှာ ရေဆင်းမချိုးရဲဘူး။ ပီလောပီနံစက်တွေက ရေဆိုးတွေကို မြစ်ထဲစွန့်ထုတ်ပစ်တော့ မြစ်ရေတွေက ယားတယ်”ဟု ကျုံပျော်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်းတဦးက ပြောသည်။
ရေချိုငါးလုပ်ငန်းဥပဒေအရ တားမြစ်ထားသည့် ဘုံးဝန်းချငါးဖမ်းခြင်းများ ပပျောက်သွားအောင် ယခုနှစ်အတွင်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကျုံပျော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းက ဧရာဝတီကို ပြောသည်။
“ဘုံဝန်းဆိုတာက တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေအရလည်း တားမြစ်ထားတဲ့ ငါးဖမ်းနည်းပါ။ ဒီနှစ် အင်းဂရန်ကာလမှာ အဲဒီ ဘုံဝန်းချငါးဖမ်းတာတွေ ပပျောက်သွားအောင် ကြိုးပမ်းသွားမှာပါ”ဟု သူက ပြောသည်။
ဒါးကမြစ်ပြုပြင်ထိမ်းသိမ်းရေးအတွက် ကျုံပျော်အခြေစိုက် ဒါးကမြစ်ကြောင်း လေ့လာ စောင့်ကြည့်ရေးအဖွဲ့က နေပြည်တော်ရှိ ရေအရင်းအမြစ်ဦးစီးဌာနသို့ အကူအညီ တောင်းခံထားပြီး ယနေ့အချိန်အထိ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း သိရသည်။