စစ်အစိုးရ လက်ထက် နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင် ၂၄၇ ဆိုင်ကို ကာလ ပေါက်ဈေးထက် အလွန်နိမ့် သော ဈေးနှုန်းဖြင့် နီးစပ်ရာ လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများထံသို့ လွှဲပြောင်းရောင်းချခဲ့မှုကို စုံစမ်းဖော်ထုတ်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောသည်။
၂၀၁၀ပြည့်နှစ် မတ်လတွင် နိုင်ငံတဝန်း စွမ်းအင်ဝန်ကြီးဌာနက ဖွင့်လှစ်ထားသော စက်သုံးဆီအရောင်းဆိုင် ၂၄၇ ဆိုင်ကို စစ်တပ်ပိုင် မြဝတီထရေးဒင်း ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ စစ်ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သော စီးပွားရေးကုမ္ပဏီကြီးများဖြစ်ကြသည့် ဦးဇော်ဇော်ပိုင် မက်စ်မြန်မာ၊ ဦးတေဇပိုင် ထူးထရေးဒင်း၊ ဧရာရွှေဝါ၊ IGE ကုမ္ပဏီ၊ နီလာရိုးမ၊ လွယ်ဟိန်းကုမ္ပဏီ ၊ ရွှေတောင်ကုမ္ပဏီ အပါအဝင် ကုမ္ပဏီများကို ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အစိုးရစက်သုံးဆီများအားလုံးကို ကာလပေါက်ဈေးထက် အလွန်နိမ့်သော ဈေးနှုန်းဖြင့် ရောင်းချခဲ့ပြီး စက်သုံးဆီအများစုမှာ ငွေကျပ်သိန်းရာဂဏန်းမျှဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ အချို့စက်သုံး ဆီအရောင်းဆိုင်များကို ငွေကျပ် ၂၃ သိန်းဖြင့်ရောင်းချခဲ့ကြောင်း ဦးဖုန်းမြင့်အောင်၏ အဆိုအရ သိရှိရသည်။
“စက်သုံးဆီ အရောင်းဆိုင်တွေ ရောင်းချလိုက်တဲ့ ဈေးနှုန်းတွေကို သိချင်လို့ အစိုးရဝန်ကြီးဌာနဆီ မေးခွန်းမေးထားတာ အကြောင်းပြန်လာတယ်။ ဆီဆိုင်တွေကို သိန်းရာဂဏန်းလောက်နဲ့ ကာလပေါက်ဈေးထက် အရမ်းကို နိမ့်တဲ့ နှုန်းနဲ့ လက်သိပ်ထိုးရောင်းတယ်ဆိုတာ ကြားလို့ ဒီမေးခွန်းကို မေးလိုက်တာ။ ဝန်ကြီးဌာနရဲ့ ပြန်စာမှာ အမှန်တကယ်ကို ကာလ ပေါက်ဈေးထက် နိမ့်တဲ့ဈေးနဲ့ ကို လွှဲပြောင်းရောင်းချတာတွေ့ရတယ်။ ပြည်သူပိုင် တွေကို ဒီလိုရောင်းလိုက်တော့ ပြည်သူ့ဘဏ္ဍာအရမ်းကို နစ်နာပါတယ်။ ဒါတွေကို စုံစမ်းဖော်ထုတ်ဖို့ လိုမယ်။ လွှတ်တော် အမတ်တဦး အနေနဲ့ လုပ်နိုင်တဲ့ နည်းလမ်းတွေကို သုံးပြီး ရသင့်ရထိုက်တဲ့ ပြည်သူ့ဘဏ္ဍာတွေ ပြန်ရဖို့ ဆောင်ရွက်သွားမယ်။ ဘယ်လိုလုပ်မလဲ ဆိုတော့ ဒီအချိန် ထုတ်မပြောချင်သေးဘူး” ဟု လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
အစိုးရက စက်သုံးဆီအရောင်းဆိုင် ၂၄၇ ဆိုင်ရောင်းချမှုအတွက် ငွေကျပ်သန်း ၉၂၃၆ ဒသမ ၉၉၅ သန်းရရှိခဲ့ သည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ရန်ကုန်မြို့တွင် ဆီဆိုင် ၅၁ ဆိုင်ရှိပြီး ဆီဆိုင်အများစုမှာ သိန်းရာဂဏန်းမျှဖြင့်ပင် ရောင်းချခြင်းဖြစ်ပြီး ကာလပေါက်ဈေးထက် အဆပေါင်း ၁၀၀ ကျော် နိမ့်သော ဈေးဖြင့် ရောင်းချခြင်းဖြစ်သည်ဟု သိရှိရသည်။
“ရန်ကုန်က ဆီဆိုင်တွေဆိုရင် ကာလပေါက်ဈေးအနေနဲ့ မြေကွက်ဈေးနဲ့ပဲ တွက်ရင်ကို သိန်းသောင်း ချီတန်တယ်။ ဒါပေမယ့် အစိုးရက သိန်းရာထောင်ဂဏန်းလောက်နဲ့ ရောင်းပစ်တာ။ ဥပမာ- တက္ကသိုလ်ရိပ်သာ လမ်း၊ ဒေါ်အောင်ဆန်းစုကြည် ခြံဘေးနားမှာရှိတဲ့ ဆီဆိုင်အမှတ် ၀၂၆၀ ဆိုရင် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီရဲ့ မြဝတီထရေးဒင်းကို ငွေကျပ် သိန်း ၉၀၀ ကျော်ကျော်( ငွေကျပ် ၉၆ ဒသမ ၁၂၅ သန်း) နဲ့ လွှဲပေး လိုက်တယ်။ နောက်ပြီး အင်လျားကန်ဘေးမှာရှိတဲ့ ဆီဆိုင်အမှတ် ၀၂၇၄ ကို ငွေကျပ် သိန်း ၃၉၀၀ ကျော်( ငွေကျပ် သန်း ၃၉၁ ဒသမ ၃၅၄ သန်း)နဲ့ ရောင်းပစ်တယ်။ တကယ်ဆိုရင် အဲဒီဆိုင်တွေက မြေကွက်တန်ဖိုးနဲ့တင်ကို သိန်းသောင်းချီပြီးတော့ ရှိတာ” ဟု ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။
အစိုးရစက်သုံးဆီအရောင်းဆိုင် ၁၉ ဆိုင်ကို လွှဲပြောင်းဝယ်ယူခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီမှ ဒုတိယဥက္ကဋ္ဌဦးဌေးဦးကမူ အစိုးရက သတ်မှတ်ပေးသော ဈေးနှုန်းဖြင့်သာ ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး အစိုးရ ကလည်း အားလုံးအတွက် ဈေးလျော့ပေးခဲ့ကြောင်း၊ ဆီဆိုင်သစ်များဖွင့်လှစ်ရေးကိုလည်း အားပေးနေသော အချိန်ဖြစ်ပြီး အစိုးရက ပေးအပ်သော ဆီဆိုင် ၁၉ ဆိုင်စလုံးကို ပါတီအနေဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
“အဲဒီတုန်းက ကျနော်တို့ အများပိုင်ပစ္စည်း ပြန်လည်ရောင်းချရေး ကော်မတီရှိတယ်။ သူတို့ ချပေးတဲ့ဈေးနဲ့ပဲ ကျနော်တို့ ယူလိုက်တာပါ။ အဲဒါက အားလုံးအတွက်ကိုလည်း လျော့ပေးတယ်။ ကျနော်တို့တင်မဟုတ်ပါဘူး။ အကုန်လုံးပါပဲ။ အဲဒီတုန်းကတော့ ပုဂ္ဂလိက ဆီဆိုင်တွေဖွင့်ဖို့ ဆိုပြီးတော့မှ အစိုးရက အားပေးဆောင်ရွက်တဲ့ အချိန်ဖြစ်တယ်။ ဆီဆိုင်တွေတင်မကဘူး၊ ကျန်တဲ့နေရာတွေမှာပါ ဆီဆိုင်ဖွင့်ခွင့်ဆိုတာတွေလည်းရှိပါတယ်။ ဒီလိုပေးတဲ့အချိန်မှာ ကျနော်တို့လည်း ဝင်ပြီးပါတာပေါ့။ အစိုးရပြောတဲ့ဈေးနဲ့ပဲ ဝယ်လိုက်တာပါ။ စုစုပေါင်း ၁၉ ဆိုင်ပါ။ သူတို့ပေးသလောက် ကျနော်တို့ ယူလိုက်ပါတယ်” ဟု ဦးဌေးဦးက ဆိုသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဆီဆိုင်များကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်အဖွဲ့အစည်းများထံသို့ အမည်ပေါက် ဂရန်ပါ ထုတ်ပေးပြီး အပြီးအပိုင် လွှဲပြောင်း ရောင်းချခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဘောဂဗေဒဌာနမှ အငြိမ်းစားပါမောက္ခ ဒေါက်တာမောင်မောင်စိုးက ပြည်သူပိုင် ပစ္စည်းများကို ဈေးအနိမ့်ဖြင့် ရောင်းချမှုမှာ လက်ခံနိုင်ခြင်းမရှိသကဲ့သို့ စုံစမ်းစစ်ဆေး အရေးယူမှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောသည်။
“နိုင်ငံနဲ့ ပြည်သူအတွက် တအားနစ်နာတယ်။ ပွင့်လင်းမြင်သာမှုမရှိ၊ ပြိုင်ဆိုင်မှုမရှိ၊ နီးစပ်တဲ့သူကို နီးစပ်သလို လုပ်ခဲ့တဲ့ စနစ်နဲ့ ပတ်သက်တဲ့သူတွေကို စုံစမ်းဖော်ထုတ်ရမယ်။ ထိုက်သင့်တဲ့ အရေးယူမှုတွေ ရှိသင့်တယ်။ ဒီမိုကရေစီ စနစ်ကို တကယ်သွားနေတယ်ဆိုရင်တော့ ဒါတွေလုပ်သင့်တာပေါ့။ တိုင်းပြည်အတွက် တကယ် စေတနာရှိရင် ဆီဆိုင်ကို ဈေးအနိမ့်နဲ့ ရထားတဲ့သူတွေကလည်း တန်ရာတန်ကြေး ပြန်ပေးဖို့ စဉ်းစားသင့်တယ်” ဟု ဒေါက်တာမောင်မောင်စိုးက သုံးသပ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးကမူ ယနေ့ လွှတ်တော်တွင် ရှိနေသော လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင်က စစ်အစိုးရလက်ထက်က ထိပ်တန်းခေါင်းဆောင်များဖြစ်ခဲ့ကြသည့်အပြင် စစ်အစိုးရလက်ထက် ရရှိခဲ့သော အခွင့်အရေးများကို အသုံးချချမ်းသာခဲ့သူများ ရှိနေကြောင်း၊ အထူးသဖြင့် ဆီဆိုင်လွှဲပြောင်း ဝယ်ယူထား သူများတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ သားသမီးများနှင့် ဆွေမျိုးများ ပါဝင်ပတ်သက်နေ ကြောင်း ပြောသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ သားများဖြစ်ကြသည့် ဦးအောင်သက်မန်း၊ ဦးတိုးနိုင်မန်းတို့သည် ဧရာရွှေဝါကုမ္ပဏီ၊ ထူးကုမ္ပဏီတို့နှင့် ဆက်စပ်နေပြီး တောင်သာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း၏ သားများဖြစ်သည် ဦးနေအောင်တို့မှာလည်း IGE ကုမ္ပဏီအမည်ဖြင့် ဆီဆိုင်လုပ်ငန်းအပါအဝင် စီးပွားရေးလုပ်ငန်းအများအပြားကို လုပ်ကိုင် လျက်ရှိကြောင်း၊ ကြံ့ခိုင်ရေးပါတီလွှတ်တော်ကိုယ်စားလှယ်အချို့မှာ စက်သုံးဆီ အရောင်းဆိုင်လုပ်ငန်း နှင့် ရောင်းဝယ် တင်သွင်းသည့် လုပ်ငန်း ကို အဓိက ဦးတည်လုပ်ကိုင် ကြသူများ ဖြစ်ကြောင်း သိရှိရသည်။