မိတီ္ထလာမြို့ရှိ ရွှေဆိုင်အရောင်းအဝယ်တခုမှစတင်ခဲ့သော ဘာသာရေးနှင့်လူမျိုးရေးပုံစံ ပဋိပက္ခများ ပြေလည် စေရေးနှင့် ညှိုနှိုင်းဖြေရှင်းနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားအားလုံး လုံခြုံမှု ရှိရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ (NLD) ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် အစ္စလမ်သာသာရေးအဖွဲ့အစည်းများမှာ ဘာသာရေးခေါင်းဆောင်များ ဧပြီလ ၈ ရက်နေ့က တွေ့ဆုံစဉ် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ နှင့်ပတ်သက်ပြီး လာရောက်အကူအညီတောင်းမှုကို အထူးအလေးထားပြီး တရားဥပဒေစိုးမိုးရေးအတွက် လွှတ်တော်မှ တဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များကို ကတိပြုပြောဆိုသည်။
“ပေါင်မုန့်တောင်းတဲ့သူကို ခဲလုံးမပေးရဘူးဆိုတာ ကျမ်းစာထဲမှာပါတယ်။ ကျမတို့ကို ယုံယုံကြည်ကြည် နဲ့လာပြီး အကူအညီတောင်းတဲ့သူတွေကို ခဲလုံးပေးတဲ့ပုံစံမဖြစ်ချင်ဘူး။ ကျမတို့ရဲ့ ခံစားမှုအရ၊ မျှော်လင့်ချက်အရ ကျမတို့ရဲ့ဦးတည်ချက် အရ ဒီနိုင်ငံမှာ အားလုံးအေးအေးချမ်းချမ်းနဲ့ ချစ်ချစ်ခင်ခင်နဲ့ နေနိုင်တဲ့နိုင်ငံဖြစ်စေချင်တယ်။ ကျမတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးအတွက် ဘာလုပ်ဖို့လိုလဲဆိုတာကို တတ်နိုင်သမျှ လေ့လာပြီးတော့ တင်ပြပြီးတော့ လွှတ်တော်ကနေ တဆင့်လုပ်ရမှာပဲ။ ကျမတို့ကော်မတီက တိုက်ရိုက်လုပ်လို့မရပါဘူး။ ကျမတို့တင်ပြချက်တွေမှာ အခြေခံပြီးတော့ လွှတ်တော်ကနေပြီးတော့ တတ်နိုင်သမျှ အကောင်အထည်ဖော်ဖို့ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နိုင်ငံသားအားလုံးလုံခြုံမှုရှိရေးသည် အရေးကြီးပြီး လုံခြုံမှုရှိမှသာလျှင် တဦးနှင့်တဦး အပြန်အလှန် ညှိုနှိုင်းခြင်း၊ အပေးအယူပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံရှိ ဥပဒေများသည် တရားမျှတရန် လိုအပ်ပြီး တရားမျှတသော ဥပဒေများအောက်တွင်လည်း နိုင်ငံသားအားလုံး တန်းတူညီတူ ဖြစ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်ရခြင်းကို ဂုဏ်ယူကျေနပ်မှုများပေါ်ထွန်းစေရမည်ဟု သူက ဆက်ပြောသည်။
“အားလုံး လုံခြုံမှ တယောက်ယောက်နဲ့ ညှိုနှိုင်းလို့ရမယ်။ တယောက်နဲ့တယောက် အပေးအယူလုပ်လို့ရမယ်။ အဲလိုအခြေအနေဖြစ်ဖို့က နိုင်ငံသားဥပဒေလည်းပါမယ်၊ တရားဥပဒေစိုးမိုးရေးဆိုတာ ကျမ ဥပဒေစိုးမိုးရေးလို့ ဘယ်တုန်းကမှ မပြောဘူး။ နိုင်ငံမှာရှိတဲ့ဥပဒေက တရားမျှတရမယ်။ ရှိတဲ့ဥပဒေအောက်မှာလည်း အားလုံးက တန်းတူညီတူဖြစ်ရမယ်။ ကျမတို့ဖြစ်စေချင်တာက နိုင်ငံသူနိုင်ငံသားအားလုံးက ငါတို့က ဒီနိုင်ငံသူ နိုင်ငံသားဖြစ်တယ်ဆိုတာကို ဂုဏ်ယူနိုင်ရမယ်။ ဂုဏ်ယူနိုင်ရမယ်၊ ကျေနပ်နိုင်ရမယ်။ စောစောကပြောသလို ငါတို့က ဒီတိုင်းပြည်က သူတွေမှ ဟုတ်ရဲ့လားဆိုတဲ့ ကျမတို့နိုင်ငံသူနိုင်ငံသားဘယ်သူမှ သံသယမရှိစေချင်ဘူး။ ဒီနိုင်ငံက နိုင်ငံသူနိုင်ငံသားတွေ၊ ဒီနိုင်ငံက ငါတို့အားလုံးကို အပြည့်အ၀ အကာအကွယ်ပေးတယ်ဆိုတာ မျိုးဖြစ်စေချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ်၏အတွင်းရေးမှူးချုပ် ဦးကျော်ခင်ကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ရမှုအပေါ် ကျေနပ်အားရကြောင်း ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်က အချက် ၃ ချက်ပြောတယ်။ အခုဖြစ်ပွားတဲ့ပဋိပက္ခတွေနဲ့ပတ်သက်လို့ သူစိတ်မကောင်းဘူး။ မျှော်လင့်ချက် မမဲ့စေချင်ဘူး။ တရားဥပဒေစိုးမိုးရေး လွှတ်တော်မှာ တင်ပြဆွေးနွေးမယ်လို့ ပြောတယ်။တွေ့ဆုံမှုအပေါ် ကျေနပ်ပါတယ်” ဟု ဦးကျော်ခင်က ဆိုသည်။
ရန်ကုန်မြို့အခြေစိုက်အစ္စလမ်ဘာသာရေးအဖွဲ့အစည်း ၅ ခုက လူနည်းစုအစ္စလမ်ဘာသာဝင်များအပေါ် အကာအကွယ်ပေးရန် သမ္မတဦးသိန်းစိန်ထံသို့ အိတ်ဖွင့်ပေးစာတစောင် မတ်လနှောင်းပိုင်းတွင် ပေးပို့ခဲ့သည်။
မိတီ္ထလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် လူ ၄၂ ဦးသေဆုံးခဲ့ပြီး အများစုမှာ အစ္စလမ်ဘာသာဝင် များဖြစ်ကြောင်း ဒေသခံများနှင့် အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။