လွှတ်တော်ကိုယ်စားလှယ်များကို “ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား” ဆိုသော ဆောင်းပါးဖြင့် ဝေဖန်ခဲ့သော ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်လိုက်ပြီဖြစ်ကြောင်း ဒေါက်တာဆိတ်ဖွား စုံစမ်းဖော်ထုတ်ရေး ကော်မရှင်မှ အဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်က ပြောသည်။
ဒေါက်တာဆိတ်ဖွား၏ ဆောင်းပါးကြောင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ကျဆင်းရသည်ဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်က လွှတ်တော်တွင် အရေးကြီး အဆို တင်သွင်းပြီး ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း၊ ဧပြီလအတွင်းတွင် ကော်မရှင်အစီရင်ခံစာကို တင်ပြလိုက်ပြီး ယင်းအစီရင်ခံစာတွင် ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်နိုင်လိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။
ဒေါက်တာဆိတ်ဖွားစုံစမ်းရေး ကော်မရှင်က နိုင်ငံတော်သမ္မတရုံး၊ ဆက်သွယ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးအဆင့် အပါအဝင် အစိုးရထိပ်ပိုင်းတာဝန်ရှိသူများ၊ ကွန်ပျူတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ပြင်ပကွန်ပျူတာပညာရှင်များ၊ တပ်မတော် ဆက်သွယ်ရေးတပ်မှ ဗိုလ်မှူးကြီးများ၊ ပြည်တွင်းသတင်းမီဒီယာများမှ သတင်းစာဆရာများ စုစုပေါင်း လူဦးရေ ၃၀ နှင့် ၄၀ အကြား ခေါ်ယူစစ်ဆေးခဲ့ပြီး ခေါ်ယူစစ်ဆေးချက်များအရ ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်နိုင်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
“ဒေါက်တာဆိတ်ဖွားလို့ အတိအကျ ဝန်ခံချက်မျိုး ရလိုက်တာ မဟုတ်တော့ တဖက်လူက တရားဥပဒေအရ ပြန်ရင်ဆိုင်တာမျိုးတွေလည်း လုပ်ကောင်းလုပ်နိုင်တာပေါ့။ ကော်မရှင်ကနေပြီးတော့ ခေါ်ယူစစ်ဆေးတဲ့သူတွေရဲ့ ဖြေကြားချက်တွေကို အစီရင်ခံစာမှာ အတိအကျ ဖော်ပြပြီးတော့ အစီရင်ခံစာတင်လိုက်တယ်။ အဲဒီအစီရင်ခံစာမှာ ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ အတိအကျ ဆုံးဖြတ်နိုင်တဲ့ အချက်အလက်တွေပါတယ်။ ဘယ်သူဆိုတာကို ပြည်ထောင်စုလွှတ်တော် နာယက နဲ့ လွှတ်တော်က ဆုံးဖြတ်မှာပေါ့။ ဘယ်လို ဆက်ပြီး အရေးယူမလဲ ဒါတွေလည်း လွှတ်တော်က ဆုံးဖြတ်တယ်” ဟု ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။
ဒေါက်တာဆိတ်ဖွားကော်မရှင်၏ တာဝန်များတွင် ဒေါက်တာဆိတ်ဖွား၏ ရေးသားချက်ကြောင့် ပြည်သူလူထုက အထင်လွဲစေမှုများကိုဖော်ထုတ်ရန်၊ လွှတ်တော်များသည် ဥပဒေနှင့်အညီ ဆောင်ရွက်နေသည်ကို ပြည်သူလူထုကို အသိပေးရန်၊ အင်တာနက်၊ အီးမေးလ်နှင့် ဖက်စ်များမှတဆင့် ဝေဖန်တိုက်ခိုက်မှုများသည် တည်ဆဲဥပဒေနှင့် မည်သို့ ငြိစွန်းသနည်းဆိုသော အချက်ကို ဖော်ထုတ်ရန်၊ လွတ်လပ်စွာ ရေးသားခွင့်ရှိသကဲ့သို့ ဒေါက်တာဆိတ်ဖွား၏ ရေးသားမှုသည် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေး ထိခိုက်စေသော ကိစ္စများကို စိစစ်ရန်၊ ဒေါက်တာဆိတ်ဖွားဆိုသော ကာယကံရှင်အား မည်သို့ အရေးယူ ဆောင်ရွက်မည့် အကြံဉာဏ်များနှင့် အစီအစဉ်များကို ဖော်ထုတ် အကြံပြုရန်တို့ ပါဝင်ကြောင်း သိရှိရသည်။
ဒေါက်တာဆိတ်ဖွား၏ “ဥပဒေအထက်မှာ လွှတ်တော်ရှိနေသလား” ဆောင်းပါးတွင် သမ္မတနှင့် လွှတ်တော်အကြား တင်းမာမှုဖြစ်ခဲ့ရသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကိစ္စကို ဝေဖန်ရေးထားခြင်းဖြစ်သည်။
သမ္မတ၏ သဘောထား မှတ်ချက်ကို ပယ်ချလိုက်ခြင်းသည် လွှတ်တော်အနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလေးစားခြင်းဖြစ်ကြောင်း၊ “အခြေခံဥပဒေက မည်သို့ပင်ဆိုစေကာမူ လွှတ်တော်ဥက္ကဋ္ဌများနှင့် အပေါင်းပါများက လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်” ဟူသော အချက်ကို ထောက်ပြရေးသားထားသည်။
လသာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကြည်မြင့်က ဒေါက်တာဆိတ်ဖွားကိစ္စသည် နှစ်ဦးနှစ်ဖက်စလုံးအတွက် မရင့်ကျက်မှုကို ဖော်ပြစေသော ဖြစ်စဉ်တခုဖြစ်ပြီး သမိုင်းတွင် ရယ်စရာဖြစ်စဉ်တခုအဖြစ် ကျန်ရစ်မည်ဟု သုံးသပ်သည်။
“လွှတ်တော်ဘက်လည်း ဒေါက်တာဆိတ်ဖွား ကိစ္စက မယောင်ရာဆီလူး၊ အလုပ်မရှိ ကြောင်ရေချိုးတဲ့အလုပ် လုပ်သလိုမျိုး ဖြစ်သွားတာပေါ့။ ဒေါက်တာဆိတ်ဖွားဆိုတဲ့သူကလည်း ကလေးကလားနိုင်တဲ့အလုပ်ကို လုပ်တာ၊ အဲဒီကိစ္စကို ခွေးလှေးခုန်လို့ ဖုန်မထဘူး သဘောမျိုး လွှတ်တော်ဘက်က ထားလိုက်ရမှာ။ နှစ်ဖက်လုံးက မရင့်ကျက်ကြဘူး။ သမိုင်းမှာ ရယ်စရာ အဖြစ်တခု ဖြစ်သွားတယ်လို့ ပြောချင်တယ်” ဟု ဦးကြည်မြင့်က သုံးသပ်ပြောဆိုသည်။
ပြည်သူ့ခေတ်ဂျာနယ်မှ အတိုင်ပင်ခံအယ်ဒီတာဖြစ်သူ ဆရာဖေမြင့်ကမူ ဒေါက်တာဆိတ်ဖွားဆောင်းပါးသည် လွှတ်တော်ကို ဂုဏ်သိက္ခာထိခိုက်စေသည်၊ အသရေ ဖျက်သည်ဆိုပါက တရားရုံးတွင် လွတ်လပ်သော တရားစီရင်မှုဖြင့် ဆုံးဖြတ်ရမည့်ကိစ္စဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။
ဒေါက်တာဆိတ်ဖွားကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးမြညိမ်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဆောင်ရွက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ကာ အဖွဲ့ဝင်များအဖြစ် ဒေါက်တာစိုးရင်၊ ဒေါက်တာမြတ်ဉာဏစိုး၊ ဦးဖုန်းမြင့်အောင်၊ ဦးအောင်ဆန်း၊ ဦးအောင်ငြိမ်း၊ ဦးခိုင်မောင်ရီ၊ ဦးကံညွှန့်၊ ဦးသိန်းညွန့်၊ ဦးစိုင်းကျော်ဇောသန်း၊ ဦးအုန်းကြိုင်၊ ဦးလှထွေး၊ ဦးသိန်းဦး၊ ဦးဆန်းလွင်၊ ဒေါ်ကျင်စန်း စုစုပေါင်း ၁၇ ဦးပါဝင်သည်။