ယမန်နေ့ည ၉ နာရီခန့်က ပြည်မြို့ ဆင်စုရပ်ကွက်အနီး ဧရာဝတီ မြစ်သောင်ပြင်ပေါ် (နဝဒေးတံတားအောက်) တွင် ချိန်းတွေ့နေသည့် သမီးရည်းစား စုံတွဲအား လူ ၃ ဦးမှ ပစ္စည်းယူ လူသတ်မှုဖြစ်ခဲ့ရာ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးမိရာ တပ်မတော်သားများဖြစ်နေကြောင်း သိရသည်။
ဧရာဝတီမှ စုံစမ်းသိရှိရသလောက် ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲမှ အသက် ၂၁ နှစ်အရွယ် အမျိုးသား သေဆုံးခဲ့ရပြီး အသတ်ခံရသော်လည်း မသေဘဲ လွတ်မြောက်လာသူ အမျိုးသမီး၏ အကူအညီ တောင်းခံရမှုကြောင့် အရပ်သားများက ကျူးလွန်သူများကို ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ကျူးလွန်သူ ၂ ဦးကို လက်ရဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
“အင်္ကျီချွတ်နဲ့ လူသုံးယောက် ပထမတခါ မီးခြစ်လာငှားတယ်။ နောက်တခါ ကျတော့ ဘာမှမပြောဘဲ ကျမကို နောက်ကျော ကနေ သိုင်းဖက်၊ လည်းပင်းညှစ်ပြီး အနိုင်ကျင့်တော့တာပဲ။ မျက်နှာနဲ့ ခေါင်းကို လက်သီးနဲ့ ထိုးတယ်။ ပြီးတော့ ကျမပေါင်ကို ဖိထိုင်ပြီး လည်ပင်းညှစ်တော့ ကျမလည်း အသတ်ရှုကျပ်လို့ အသက်မရှုတော့ဘဲ သေချင်ယောင်ဆောင် လိုက်တယ်။ သေပြီထင်လို့ ကျမ ပိုက်ဆံအိတ်နဲ့ လက်စွပ်ကို ဖြုတ်ယူသွားတယ်။ အခြေအနေကြည့်ပြီး View Point က ဆိုင်ကယ်အပ် လက်ခံတဲ့ အန်တီကြီးကို အရင်ဆုံး အကူအညီတောင်းခဲ့ရတာပါ” ဟု ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသော အမျိုးသမီးဖြစ်သူက ဧရာဝတီသို့ပြောသည်။
ဆင်စုရပ်ကွက်တွင် နေထိုင်သူများက သွေးသန်ရဲရဲဖြင့် ရောက်လာသည့် မိန်းခလေး၏ ငိုယို အကူအညီတောင်းမှုကြောင့် ဆေးရုံပို့ခဲ့ပြီး ကျူးလွန် သူများအား ဝိုင်းဝန်းရှာဖွေစဉ် ကိုင်းတောထဲမှ တက်လာသူ ၂ ဦးကို တွေ့ရှိခဲ့ကြောင်း၊ ထို့နောက် ဧရာဝတီမြစ်ကမ်းစပ်တွင် လည်ပင်းနှင့် မျက်နှာတွင် အညိုအမည်း ဒဏ်ရာများနှင့် သေဆုံးနေသည့် အမျိုးသားဖြစ်သူကို တွေ့ရှိရပြီး ဆေးရုံသို့ ထပ်မံ ပို့ဆောင်ခဲ့ကြောင်း လိုက်လံ ကူညီသူ တဦးဖြစ်သည့် ကိုထိုက်က ရှင်းပြသည်။
လက်ရဖမ်းဆီးမိသူ နှစ်ဦးသည် ပြည်မြို့ အခြေစိုက် ခရလ ၇၅ မှ တပ်သားများ ဖြစ်ကြောင်း၊ အခင်းဖြစ်ပွားရာ နေရာနှင့် မနီးမဝေး ရန်ကုန် – ပြည် ကားလမ်းပေါ်တွင် ဒုရဲအုပ် စန်းဦးထံ အရပ်သားများမှ အပ်နှံခဲ့ပြီး ၎င်းမှ ထပ်မံ၍ ခရလ ၇၅ မှ ဗိုလ်ကြီး မင်းသူအောင်ထံ လွှဲပြောင်းပေးခဲ့ကြောင်းနှင့် ပ/ ၂၉၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ နှင့် ၃၂၅ အရ အမှုဖွှင့်ထားကာ ကျူးလွန်သူ ၃ ဦးအနက် ထွက်ပြေး လွတ်မြောက်သွားသူ မည်သူမည်ဝါ ဖြစ်သည်ကို စစ်ဆေးလျှက်ရှိကြောင်း ပြည်မြို့နယ် ရဲမှူး ဦးမြင့်ဦးကပြောသည်။
“ကောင်လေးက သေသွားတော့ ပုဒ်မ ၃၀၂ လူသတ်မှုပေါ့၊ နောက်တခုက ၃၂၅၊ လောလောဆယ် အမှု နှစ်ခုနဲ့ ဖွင့်ထားတယ်။ တခြား ပုဒ်မတွေလည်း ထပ်တိုးလာစရာ ရှိနိုင်ပါသေးတယ်။ တရားခံတွေ လက်ရဖမ်းဆီးမိခဲ့တာ ဆိုတော့ ထိထိရောက်ရောက် အရေးယူသွားမှာပါ” ဟု ရဲမှူးက ဆက်လက်ပြောကြားသည်။
ကျူးလွန်သူများအား ဒုရဲအုပ် စန်းဦးလက်သို့ အရပ်သားများ လွှဲပြောင်းပေးစဉ် လူစုခွဲကြရန်နှင့် ၎င်းက “မဖြစ်စလောက် ပြဿနာကို ဘာလို့ ဒီလောက် လူစုနေကြတာလဲ” ဟုပြောဆိုခဲ့ခြင်းနှင့် ဗိုလ်ကြီးမင်းသူအောင်ထံ ထပ်ဆင့် လွှဲပြောင်း ပေးခဲ့သည်အပေါ် မကျေနပ်ကြသော အရပ်သား ၅၀ ခန့်တို့သည် ပြည်မြို့အမှတ် ၂ ရဲစခန်းကို သွားရောက် စုံစမ်း မေးမြန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကျူးလွန်သူများသည် တပ်မတော်သားများ ဖြစ်သောကြောင့် တပ်ဥပဒေနှင့်အညီ ဗိုလ်ကြီး မင်းသူအောင်ကို လွှဲပြောင်း ပေးအပ်ရခြင်းဖြစ်ပြီး ၎င်းကျူးလွန်သူများသည် လက်ရှိ တပ်အချုပ်ထဲတွင် ရှိကြောင်း၊ ဒုရဲအုပ် စန်းဦးအနေဖြင့် ကျူးလွန်သူ တပ်သားများကို တပ်ကို လွှဲပြောင်း ပေးပိုင်ခွင့် ရှိကြောင်း၊ ရဲအရေးပိုင်၍ အမှုဖွင့်ထားကာ ထိုသူများကို အရပ်ဘက်သို့ လွှဲပြောင်းစေပြီး တရားစွဲသွားမည်ဖြစ်ကြောင်း၊ ဒုရဲအုပ် စန်းဦး၏ ပြောစကားအပေါ် စိတ်မခုကြစေရန်နှင့် ၎င်း၏ ပြောဆိုမှုအပေါ် သင်ခန်းစာအဖြစ် မှတ်ယူသွားမည်ဖြစ်ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမြင့်ဦးက အရပ်သားများအား ပြန်လည် ပြောဆိုခဲ့သည်။