မြန်မာနိုင်ငံ မြို့နယ်အချို့နှင့် ကျေးရွာအချို့တို့တွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်ဘာသာဝင်များ အကြား ဖြစ်ပွားခဲ့ သည့် အကြမ်းဖက် ပဋိပက္ခများသည် မွတ်စလင်များအား ရှင်းလင်းသုတ်သင်ပစ်ရေးဟု သတင်းများ ထွက်ပေါ်လာမှု အပေါ် တိဗက်ဘုန်းတော်ကြီး ဒလိုင်လာမားက မြန်မာဘုန်းတော်ကြီးများအား အကြမ်းဖက်မှုများ အားလုံး အဆုံးသတ်ပေးပါရန် လျှောက်ထားလိုက်သည်။
မကြာသေးခင်က အိန္ဒိယနိုင်ငံ ဒါရမ်ဆာလာမြို့တွင် ဩစတြေးလျအသံလွှင့်ဌာနနှင့် သီးခြားပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် တိဘက်ဘုန်းတော်ကြီးက ပဋိပက္ခများတွင် လူပေါင်း ရာချီသေဆုံးခဲ့ပြီး လူပေါင်း သောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ရခဲ့ရခြင်းကို ရည်ညွှန်းပြောကြားခြင်း ဖြစ်သည်။
“တကယ့်ကို ဝမ်းနည်းစရာပါ။ ဘာသာတရားတွေ အားလုံးက ချစ်ခြင်းမေတ္တာကို အခြေခံပြီး ခွင့်လွှတ်ခြင်းကို သွန်သင် လမ်းပြပေးပါတယ်။ ဒီလို ဘာသာရေးနဲ့ ပတ်သက်ပြီး လက်တွေ့ကျင့်ကြံနေသူတွေ၊ ဦးဆောင်လမ်းပြနေသူတွေက မတူတဲ့ အခြားဘာသာဝင်တွေ အပေါ် အနိုင်ကျင့်တာတွေ မလုပ်သင့်ဘူး” ဟု အသက် ၇၇ နှစ်အရွယ်ရှိ ဒလိုင်လာမားက ပြောဆို သည်။
မြန်မာနိုင်ငံတွင် လူနည်းစု မွတ်စလင်တွေအပေါ် တိုက်ခိုက်နေခြင်းများနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာ မြန်မာဘုန်းကြီးတွေ ကို တိုက်ရိုက်လျှောက်ထား ပြောဆိုခွင့်ရမယ်ဆိုရင် ဘာတွေ လျှောက်ထားလိုပါသလဲဟု မေးမြန်းရာ တိဗက်ဗုဒ္ဓဘာသာ ခေါင်းဆောင်အနေနဲ့ ပုဂ္ဂိုလ်ရေးအရ လျှောက်ထားလိုကြောင်း ဖြေကြားသည်။
“ကျနုပ်တို့ဟာ ဘာသာရေး ရိုသေကိုင်းရှိုင်းတဲ့ သူတွေပါ” ဟု ရွှေဝါရောင် သင်္ကန်းကို ပြရင်း “ဗုဒ္ဓ အမြဲသွန်သင်တာက ခွင့်လွှတ်ဖို့၊ သည်းခံဖို့၊ ကိုယ်ချင်စာဖို့ တွေပါ။ တကယ်လို့ စိတ်မှာ ထိပုတ် ရိုက်နှက်ချင်၊ သတ်ဖြတ်ချင် ဖြစ်လာတယ် ဆိုရင် ဗုဒ္ဓရှင် ဟောပြောလမ်းညွှန်ချက်ကို သတိရပါ။ ဗုဒ္ဓရဲ့ သာဝကတွေဖြစ်တဲ့ ကျနု်ပ်တို့ဟာ ဗုဒ္ဓလမ်းစဉ်ကို လေးစားလိုက်နာရမယ်လေ” ဟု ပြောသည်။
ဒလိုင်လာမား၏ လျှောက်ထား တောင်းဆိုချက် မည်သည့်အတိုင်းအတာအထိ သက်ရောက်မှု ရှိမည်ကို ရှင်းရှင်းလင်းလင်း မသိနိုင်သေးသော်လည်း မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာဝင် အများစုက မွတ်စလင် လူနည်းစုများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း စွပ်စွဲချက်များ ရှိလာသည်။
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့၏ အစီရင်ခံစာအရ ရခိုင်ပြည်တွင် ကြိုတင်စီစဉ်ထားသည့် ရွာလုံးကျွတ် ဖျက်ဆီးပစ်ခြင်း၊ အစုလိုက်အပြုံလိုက် မြေမြှုပ်ပစ်ခြင်းများ ရှိနေကြောင်း၊ အခြား ရွာတခုတွင်လည်း ကလေး ၂၈ ဦး အပါအဝင် လူ ၇၀ ကို အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ခြင်းများ ရှိနေကြောင်း ဖော်ပြထားသည်။
ယခုနှစ် မြန်မာနိုင်ငံ အလယ်ပိုင်း မိတီ္ထလာမြို့မှ စ၍ ဖြစ်ပွားခဲ့သော အဓိကရုဏ်းများသည်လည်း အခြားမြို့နယ်များ၊ ကျေးရွာများသို့ ကျယ်ပြန့်သွားကာ လူ ၄၃ ဦးသေဆုံးပြီး သောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။