ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ ကျောက်လုပ်ကွက်များမှ လုပ်သား ၁၀၀ နီးပါးကို ဧပြီလ ၂၂ ရက်နေ့ ညပိုင်းတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က တပ်သားသစ် စုဆောင်းသည်ဟု ဆို၍ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်း ရရှိသည်။
မိုးညှင်းမြို့နယ်အတွင်းရှိ ဝဘက်မှော်၊ သရက်မှော်၊ မာလကာမှော်နှင့် နမ့်ချီမှော်များမှ ကျောက်လုပ်ကွက် လုပ်သားများကို ခေါ်ဆောင် သွားခြင်းဖြစ်ပြီး ငွေကျပ် တသောင်းခွဲမှ ငါးသောင်းအထိ ဈေးအမျိုးမျိုးဖြင့် ပြန်လည် ရွေးထုတ်နေရကြောင်း သိရသည်။
“လူကတော့ ၁၂ ဘီးကားကြီး ၂ စီးနဲ့ အပြည့်အသိပ်ဆိုတော့ တရာကျော်လောက်တော့ ရှိမယ်။ သူတို့က မှော်ထဲမှာ အလုပ်လုပ်နေတဲ့ သူရော၊ လမ်းမှာတွေ့တဲ့သူရော အားလုံးခေါ်သွားပြီး မနက် မိုးလင်းတော့ ငွေနဲ့ ရွေးခိုင်းတယ်။ လူကြည့်ပြီးတော့ ဈေးအမျိုးမျိုးတောင်းတယ်။ ဝဘတ်မှော်ကနေ စလိုက်တာ နမ့်ချီမှာ ငွေယူပြီး ပြန်လွှတ်လိုက်တယ် ကျနော်တို့က သုံးယောက် ဆိုတော့ တယောက်ကို သုံးသောင်းနဲ့ ကိုးသောင်း ပေးလိုက်ရပါတယ်။ ငွေမပေးနိုင်လို့ ပြန်မလွတ်သေးတဲ့သူ အယောက် ၃၀ လောက် အခုအချိန်ထိ နမ့်ချီမှာ ရှိနေတယ်” ဟု ဖမ်းဆီးခံရပြီးနောက် ပြန်လည် လွတ်မြောက်လာသူ ဝဘတ်မှော်မှ ကျောက်လုပ်သား တဦးက ဧရာဝတီကို ပြောသည်။
ကုမ္ပဏီ လုပ်ကွက်များရှိသော်လည်း ကုမ္ပဏီများက နားလည်မှုဖြင့် ဆတ်ကြေးအမျိုးမျိုး ပေးထားသောကြောင့် တနိုင်တပိုင် လုပ်ကိုင်နေရသူ လက်လုပ်လက်စား များကိုသာ တပ်သားသစ်အဖြစ် စုဆောင်းခံနေရသည်ဟု ၎င်းက ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ မိုးညှင်းဒေသအခြေစိုက် KIA တပ်မဟာ ၆ တပ်ရင်း ၅ သို့ ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရခဲ့ပေ။
KIA မှ အမည်မဖော်လိုသူ အရာရှိတဦးကမူ “တပ်သားသစ် စုဆောင်းတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ စစ်ရေး အခြေအနေ ကလည်း အပစ်ရပ်ထားတယ်လို့သာ ပြောတာ တိုက်ပွဲဖြစ်တဲ့ နေရာတွေကလည်း ဖြစ်နေတယ်။ တပ်ရင်းတွေအနေနဲ့ လိုအပ်တဲ့ တပ်သားသစ် စုဆောင်းတာ၊ ဆတ်ကြေး ကောက်တာတွေကို လုပ်ကောင်းလုပ်နေကြအုံးမှာပဲ” ဟု ဧရာဝတီကို ပြောသည်။
ဧပြီလ ၂၂ ရက်နေ့ကပင် တပ်သားစုဆောင်းရေးအဖြစ် သစ်လုပ်ငန်း လုပ်ကိုင်သူများကို ခေါ်ဆောင်သွားပြီး လူ တယောက်လျှင် ကျပ် ငါးသောင်းနှုန်းဖြင့် ပြန်ရွေးခဲ့ရကြောင်း၊ သစ်စက် ထောင်သူများထံမှ တဦးလျှင် ငွေကျပ် ငါးသိန်း တောင်းသည်ကို သုံးသိန်းဖြင့် ညှိနှိုင်းပေးဆောင်ခဲ့ရပြီး ငွေငါးသောင်း မပေးနိုင်သူ သစ်လုပ်သား ငါးဦးကို တပ်သားသစ်အဖြစ် ခေါ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
“အမှန်အတိုင်း ပြောရမယ်ဆိုရင် ဒီလုပ်ရပ်တွေကို အထက်က လူကြီးတွေလည်း သိတယ်။ ဒီမှာ ဌာနဆိုင်ရာ စရဖ တို့ SB တို့၊ သတင်းတပ်ဖွဲ့တို့ ဟိုကသတင်း၊ ဒီက သတင်းနဲ့ တက်ပေးနေကြတာပဲ။ မသိတာတော့ မရှိဘူး။ ဒါပေမယ့် လွှတ်တော်မှာ အနေအထားအရ တမျိုးမျိုးတော့ တင်တော့တင်ကြတယ်။ တိုက်ရိုက်တော့ မပြောကြသေးဘူး။ ကျနော့် အနေနဲ့ ပြောရရင် ကိုယ့် လုံခြုံရေးကလည်း ဘာမှ ရှိတာမဟုတ်ဘူး။ အစိုးရနဲ့ နည်းနည်း အေးအေး ဖြစ်လာရင်လည်း ဒီလို ဆတ်ကြေးကောက် လူစု တာတွေကတော့ ရှိနေတာပဲ” ဟု မိုးညှင်းမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးဖေသောင်းက ဆိုသည်။
အဆိုပါကိစ္စအတွက် မိုးညှင်းမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် ထိုအဖြစ်အပျက်ကို မသိရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
“ကျနော်တို့က နီးရာဓား ကြောက်နေရတယ်။ တောထဲမှာ ဖြစ်တဲ့ ကိစ္စကို တောထဲမှာပဲ ဖြေရှင်း၊ မြို့ပေါ်က ရဲစခန်းနဲ့ စစ်တပ်က ဘာမှ မတတ်နိုင်ဘူး။ ဒီလို အဖြစ်မျိုး ခဏခဏ ကြုံဖူးပေမယ့် ရဲစခန်း၊ စစ်တပ်ကို တခါမှ မတိုင်ဖူးပါဘူး။ ကျနော်တို့ ဒေသက အမဲရောင်နယ်မြေဖြစ်နေတော့ ကျနော်တို့ ဒေသခံတွေက နီးရာလူနဲ့ အဆင်ပြေအောင် နေရပါတယ်” ဟု ကျောက်လုပ်သား တဦးက ဧရာဝတီကို ပြောသည်။
တနှစ်ကျော်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ငြိမ်းချမ်းရေး ဆွေးနွေးရန် အပစ်အခတ်ရပ်စဲထားသော်လည်း KIA နှင့် အစိုးရတပ်မတော်တို့၏ တိုက်ပွဲများသည် KIA တပ်မဟာ ၁၇ ထိန်းချုပ်ရာ ရှမ်းပြည်နယ်အတွင်း ဆက်လက်ဖြစ်ပွားခဲ့ကာ၊ ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲဖြစ်သော ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နှင့်လည်း တိုက်ပွဲများ ပြင်းထန် လျှက်ရှိသည်။