လူရွှင်တော် ခင်လှိုင်နဲ့ ဒိန်းဒေါင်တို့က သူတို့ အငြိမ့်ခွေကို ခိုးကူးဖြန့်တဲ့ မင်္ဂလာဒုံက အလှူရှင်ကို တရားစွဲမယ်လို့ ပြောလာပါတယ်။
မတ်လ ၃၁ ရက်နေ့က မင်္ဂလာဒုံ ဆန်းကြီးဝမှာ ရဟန်းခံရှင်ပြု အလှူပွဲကို အလှူရှင်တွေရဲ့ ဖိတ်ကြားချက်အရ ခင်လှိုင်၊ဒိန်းဒေါင်နဲ့ အနုပညာရှင်တချို့ သွားရောက် ဖျော်ဖြေခဲ့ကြတယ်။ အဲဒီပွဲမှာ ဟာသပြဇာတ်၊ မြန်မာသံ၊ စတေ့ချ်ရှိုး၊ အငြိမ့် စတဲ့ အစီအစဉ်တွေကို မနက် ၃ နာရီခွဲအထိ တင်ဆက်ခဲ့ကြရာမှာ အလှူရှင်က မှတ်တမ်းခွေကို ကင်မရာ ၂ လုံးနဲ့ ရိုက်ကူးထားပြီး အခွေပြန်ဖြန့်ခဲ့တဲ့အတွက် ခင်လှိုင်နဲ့ ဒိန်းဒေါင်က တရားစွဲဖို့ စီစဉ်လိုက်ကြတာလို့ သိရပါတယ်။
“အခု ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကြည်ကိုလည်း သတင်းပို့ပြီးပြီ။ ကျနော့် ဆီမှာလည်း အဲဒီအခွေ ရောက်နေပြီ။ မီးပွိုင့်တိုင်းမှာ ရောင်းနေတာ။ ခင်လှိုင်၊ ဒိန်းဒေါင် ဟာသခွေ ဆိုပြီးတော့။ ဘယ်လို ပုဒ်မတပ်မလဲတော့ မသိဘူး၊ အနုပညာရှင်မသိဘဲ၊ အခွေအတွက် အနုပညာကြေးလည်း မပေးဘဲ အခွေကိုဖြန့်တယ်။ အနုပညာကြေး လိုချင်လို့ မဟုတ်ဘူး၊ ဒါကျတော့ လူပါးဝတာ ဖြစ်သွားပြီ” လို့ ကိုခင်လှိုင်က ဧရာဝတီကို ပြောပါတယ်။
အဲဒီ အလှူပွဲမှာ ဖျော်ဖြေခဲ့တဲ့ ကိုဒိန်းဒေါင်ကလည်း ဒီအခွေကို ဘယ်သူထုတ်လဲ ဆိုတာ မသိပေမယ့် အလှူရှင် ဆိုလည်း သူတို့ နာမည်ရဖို့၊ ရိုက်ကူးရေး ဆိုလည်း သူတို့ နာမည်ရဖို့ အတွက် အခုလို လုပ်ကြတာ ဖြစ်တဲ့ အကြောင်း ပြောဆိုပါတယ်။
“ကျနော်တို့လည်း ဒါနဲ့ နာမည်ရခဲ့တဲ့ သူပါ။ ဒါပေမယ့် များလာတဲ့ အခါကျတော့ မသိရင် ကိုယ်ပဲ ခိုးကူး လုပ်စားနေသလိုလို၊ ဒါကြောင့် တရားခံ အတိအကျကို သိချင်တယ်။ ပြက်လုံး တလုံးဟာ ရှာဖို့မလွယ်ဘူး။ ကျနော်တို့ ခွင့်ပြုချက်မရဘဲ ကျနော်တို့အခွေကို အခကြေးငွေနဲ့ ရောင်းစားတဲ့ အမှုနဲ့ပဲ စွဲရမှာပေါ့။ ပုဒ်မဘယ်လို တပ်မလဲတော့ မသိသေးဘူး” လို့ ကို ဒိန်းဒေါင်က ဆက်ပြောတယ်။
ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကြည်ကတော့ ခင်လှိုင်နဲ့ ဒိန်းဒေါင်တို့ နှုတ်နဲ့ တိုင်ကြားထားတာ ဖြစ်တဲ့အကြောင်း၊လူကိုယ်တိုင် စာနဲ့ သေသေချာချာ လာတိုင်ဖို့ ချိန်းထားပြီး ဖြစ်တဲ့အကြောင်း၊ သေသေချာချာ ညှိနှိုင်းပြီး လုပ်စရာရှိတာ လုပ်ပေးမယ် ဆိုတဲ့အကြောင်း ရှင်းပြပါတယ်။
“ဒီလို အလှူပွဲတွေမှာတော့ ဘာမှတ်တမ်းမှ မရိုက်တာ အကောင်းဆုံးပါပဲ။ ရိုက်ရင်တော့ အမှတ်တရ ပြကြမှာပဲ။ ကိုယ့်ဆွေကိုယ့်မျိုး ပြရင်း မသမာသူ လက်ထဲရောက်ရင် ဒီလိုဖြစ်သွားနိုင်တာပေါ့” လို့ သူက ပြောတယ်။
ဟိုတလောကလည်း ဒိန်းဒေါင် ကျောက်ဆည်ပွဲ တပွဲမှာသွားကတာ အဲဒီအခွေလည်း ထွက်သွားတယ်၊ ပြက်လုံးတွေက ပျက်လို့ မရတော့ဘူး ဆိုတဲ့အကြောင်း ကိုခင်လှိုင်ဆီက သိရပါတယ်။
“ကျနော်တို့က ပြက်လုံးအသစ် တခုကို တနှစ်လောက်တော့ လုပ်စားချင်တာပေါ့ကွာ။ ဒီပြက်လုံးက ထွင်ထားတာ တလလောက်ပဲ ရှိသေးတယ်။ သူတို့က ခိုးခွေထွက်လိုက်တော့ ကျနော်တို့ ဘယ်လိုမှ လုပ်စားလို့ မရတော့ဘူး။အရမ်း နစ်နာတယ်။ ပြက်လုံးတခုတခု ရေးရတာ လွယ်တာ မဟုတ်ဘူး၊ ဒီလိုဖြစ်သွားတာ အလှူရှင်က တာဝန်ယူပေးရမှာ။သူတို့က မှတ်တမ်း ရိုက်တယ်ဆိုတော့ မရိုက်ပါနဲ့လို့လည်း ပြောပိုင်ခွင့်မရှိဘူး။ ပြီးတော့ သူတို့က ဘုရားရှိခိုးက စပြီး ပွဲခွင် အစအဆုံးကို ရိုက်ထားတာ။ ဒါ သက်သက် ရည်ရွယ်သလို ဖြစ်သွားပြီ၊ ကင်မရာကလည်း Long Shot တလုံး၊အနီးကပ် တလုံး ရိုက်ထားတာ။ အလှူရှင်ကို လှမ်းမေးပြီးပြီ။ သူတို့တော့ မဖြန့်ဘူး၊ ခင်မင်ရင်းနှီးသူတွေကို ဝေပေးဖို့ အခွေ ၇၀ လောက်ပဲ ကူးထားတာပါတဲ့။ ကိုယ့်အတွက်ပဲ မှတ်တမ်း ထားရမှာလေ။ ဘယ်သူ့ကိုမှ ကူးပေးစရာ အကြောင်းမရှိဘူးလေ” လို့ လူရွှင်တော် ခင်လှိုင်က ပြောပါတယ်။
အဲဒီပွဲကို ကိုချစ်တီးဆိုသူရဲ့ အဆက်အသွယ်နဲ့ ငှားခဲ့ပြီး ကိုချစ်တီးက အလှူရှင်ရဲ့ ဖုန်းနံပါတ်ကို တိုက်ရိုက်မပေးဘူးလို့ ကိုခင်လှိုင်ရဲ့ ဇနီးဆီက သိရတယ်။
ကိုချစ်တီးကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာမှာ “ကျနော်က စင်ကို ပြင်ဆင်ပေးတဲ့သူ၊ အလှူ မင်္ဂလာပွဲ စီစဉ်တဲ့သူ၊ ဒီကိစ္စကို ထပ်သိချင်ရင် အလှူရှင် ဒေါ်ဖက်ဖူးကို သွားမေး၊ ဆန်းကြီးဝ ရပ်ကွက် ရတနာသိင်္ခလမ်းမှာ သွားမေး၊ ဗီဒီယို ရိုက်ကူးရေးကို သွားမေး၊နောက်တခါ ဒီဖုန်းကိုမဆက်ပါနဲ့” လို့ ပြန်ပြောပါတယ်။
ဗီဒီယိုရိုက်ကူးရေးကိုလည်း သူမသိကြောင်းနဲ့ ပွဲကိုငှားပေးတာလည်း သူမဟုတ်ကြောင်း၊ ကိုခင်လှိုင်တို့နဲ့ အလှူရှင်တွေ တိုက်ရိုက်တွေ့ပြီး ငှားတာဖြစ်ကြောင်း ကိုချစ်တီးက ထပ်ပြောတယ်။ ကိုဒိန်းဒေါင်ကတော့ အလှူရှင်ရဲ့ ဖုန်းနံပါတ် သူ့ဆီမှာမရှိတော့ဘူး ဆိုလို့ ဧရာဝတီက အလှူရှင်ဆီ ဆက်သွယ်လို့ မရတော့ပါဘူး။
ကိုဒိန်းဒေါင်ဆိုတာက အလှူ မင်္ဂလာပွဲတွေမှာ ဖျော်ဖြေတာတွေကို ရိုက်ပြီး ခိုးခွေအဖြစ်ဖြန့်တဲ့ ဗီဒီယို အခွေ တွေကနေ ပေါက်ခဲ့တဲ့ လူရွှင်တော် တယောက်လို့ ပြောလို့ရပါတယ်။ သူ စပေါက်ချိန်တုန်းက သူကိုယ်တိုင်ပဲ နာမည် ရအောင် ခိုးကူး ဖြန့်တဲ့ ပုံစံမျိုး သတင်း ထွက်ခဲ့ဖူးပါတယ်။ အခု ဆန်းကြီးဝ ကိစ္စမှာတော့ ကိုဒိန်းဒေါင်က တရားခံကို ဖော်ထုတ်ချင်နေ ပြန်ပါတယ်။
ကိုခင်လှိုင်ကတော့ ဧပြီ ၂၄ ညက ပဲခူးမှာ အငြိမ့် သွားကခဲ့ပြီး လက်ရှိ အနုပညာ အလုပ်အနေနဲ့ ကြော်ငြာ၊ ဗီဒီယို ကားတွေ လက်ခံ ရိုက်ကူးနေတယ်လို့ သိရပါတယ်။