တရုတ်နိုင်ငံနှင့် တရုတ်စီမံကိန်းများအား ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခြင်းသည် မှားယွင်းသည့် လုပ်ရပ်တခုသာ ဖြစ်သည်ဟု သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ရခိုင်ဒေသခံများကို ပြောဆိုကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသရှိ ရွှေ သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း ဦးဆောင် တည်ဆောက်နေသည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (China National Petroleum Corporation – CNPC) ရုံးတည်ရှိရာ မဒေးကျွန်းပေါ်ရှိ ကျောက်တန်း၊ ရွာမ၊ ပြိန်ရွာ၊ ပန်းထိန်ဆည် စသည့် ကျေးရွာများမှ ဒေသခံများသည် CNPC အား ဧပြီလ ၁၈ ရက်နေ့က ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့မှုနှင့် ပတ်သက်၍ ဝန်ကြီးများက ဒေသခံများနှင့် ယမန်နေ့တွင် လာရောက်တွေ့ဆုံရာတွင် ဦးစိုးသိန်းက ထိုသို့ပြောဆိုခြင်းဖြစ်ကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။
“တရုတ်စီမံကိန်းတွေကြောင့် ဒေသခံတွေက လယ်မြေနည်းနည်း ပေးရတာပဲရှိတယ် တရုတ်နိုင်ငံက ငွေတွေအများကြီးနဲ့ ကိုယ့်ဒေသမှာ လာရောက် ရင်းနှီးတဲ့အတွက် နိုင်ငံအတွက် အကျိုးအမြတ်တွေ အများကြီးရမယ်၊ ချေးငွေတွေလည်း အများကြီး ပေးထားတယ်၊ ဒီတော့ တရုတ်တွေကို ဆန္ဒမပြသင့်ဘူးဆိုပြီး ပြည်သူတွေကို အပြစ်တင်တဲ့ ပုံစံနဲ့ ပြောဆိုသွားတယ်” ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ဒေသခံ ဦးထွန်းကြည်က ပြောသည်။
ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသော သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း၊ စွမ်းအင် ဝန်ကြီး ဦးသန်းဌေး၊ ပို့ဆောင်ရေး ဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် စသူတို့သည် CNPC ရုံးတည်ရှိရာ မဒေးကျွန်းရှိ ပြိန်ရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံရွာသား ၂၀၀ ဝန်းကျင်နှင့် တွေ့ဆုံခဲ့ကြောင်း ကျောင်းထိုင်ဆရာတော် ဦးဓမ္မသာရကလည်း ဧရာဝတီသို့ မိန့်သည်။
ထို့အပြင် စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ပြောရာတွင် စီမံကိန်းကြောင့် ဆုံရှှုံးသွားသည့် လယ်မြေများအတွက် လျော်ကြေးသည် နိုင်ငံတကာ စံနှုန်းသာမက အမေရိကန် နိုင်ငံစံနှုန်းထက်ပင် များနေကြောင်း၊ အမေရိကန်၌ လယ်မြေလျှော်ကြေးသည် စတုန်ရန်း တပေလျှင် ၆ ဒေါ်လာမှ ၈၊ ၁၀၊ ၁၂ ဒေါ်လာ စသည်ဖြင့် ၄ မျိုးသာရှိကြောင်း၊ မြန်မာနိုင်ငံ၌ ၁၁ ဒေါ်လာ အထိ ပေးထား၍ နိုင်ငံတကာထက် များနေသည်ဟု ပြောဆိုသွားကြောင်း သိရသည်။
မဒေးကျွန်းပေါ်ရှိ ကျောက်တန်း၊ ရွာမ၊ ပြိန်ရွာ၊ ပန်းထိန်ဆည် စသည့် ကျေးရွာများမှ ဒေသခံ ၅၀၀ ဝန်းကျင်သည် ပြိန်ရွာ ဘုန်းတော်ကြီးကျောင်းမှ CNPC ရုံးရှေ့သို့ ချီတက်၍ CNPC အလိုမရှိ ဟူသော ကြွေးကြော်သံနှင့်အတူ ၎င်းတို့၏ နစ်နာမှု တောင်းဆိုချက် ၉ ချက်ကို ဧပြီလ ၁၈ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ အဖွဲ့သည် ဒေသခံပြည်သူများ၏ တောင်းဆိုချက်များကို ဖြေရှင်းပေးရန် လာရောက်သည်ဟု ဆိုသော်လည်း တွေ့ဆုံပွဲ၌ ဒေသခံများကို မေးမြန်းခွင့်၊ ဆွေးနွေးခွင့် မပေးဘဲ ၎င်းတို့၏ ပြောဆိုမှုများကိုသာ နားထောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ဒေသခံများ၏ ဆန္ဒထုတ်ဖော် တောင်းဆိုချက်များအနက် တချို့ကို အကောင်အထည် ဖော်ပေးမည်ဖြစ်ကြောင်း၊ သို့သော် လတ်တလော အနေဖြင့် အကောင်းဆုံး အနေအထား ဆောင်ရွက်ပေးနိုင်မည် မဟုတ်ဟု ဝန်ကြီး ဦးစိုးသိန်းနှင့် စွမ်းအင် ဝန်ကြီး ဦးသန်းဌေးတို့က ပြောဆိုသွားကြောင်း ဒေသခံ ဦးထွန်းကြည်က ပြောသည်။
“တံတားဆိုရင် ကွန်ကရစ်အစား သစ်သားတံတား၊ လမ်းဆိုရင်လည်း ကွန်ကရစ်လမ်းတော့ မဟုတ်ဘူးပေါ့၊ ကွန်ကရစ်လမ်းက နေပြည်တော်မှာတောင် လုပ်ရတာ မလွယ်ဘူးဆိုတာတွေ ပြောတယ်။ တောင်းဆိုချက်တွေကို ဒီနှစ်မှာ ချက်ချင်း မလုပ်ပေးနိုင်ပေမယ့် နောင် ဖြည်းဖြည်း လုပ်ပေးသွားမယ်လို့ ပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။
ပြည်ထောင်စု အဆင့်ဝန်ကြီးများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များသည် ဒေသခံများ၏ နစ်နာဆုံးရှှုံးမှု တောင်းဆိုချက်များကို ဆောင်ရွက်ပေးမည်ဟု သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်မှ စတင် ပြောဆိုနေသည့်တိုင် ယနေ့အထိ လက်တွေ့ အကောင် အထည်ဖော်မှု မရှိသေး၍ ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် လုပ်ဆောင်နေရကြောင်း၊ ၎င်းတို့ နစ်နာ ဆုံးရှှုံးမှုများ မရမချင်း ဥပဒေဘောင် အတွင်းမှ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ကျောက်ဖြူ ဒေသခံများက ပြောသည်။
ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်ခဲ့ကြသော ဦးထွန်းကြည်၊ မောင်ယဉ်လှ၊ ကိုမောင်မောင်မြင့်၊ ဦးအောင်သိန်းထွန်း၊ ဦးမောင်ဖြူသီး၊ ဦးထွန်းခင်နု၊ ကိုမောင်မောင်စိုး၊ ကိုမောင်ထွန်းအေး၊ ကိုမျိုးမင်းနိုင် စသည်တို့အား CNPC ရုံး အခြေစိုက်ရာ မဒေးကျွန်းပေါ်ရှိ ရဲစခန်း၌ ပုဒ်မ ၁၈ ဖြင့် ခံဝန်ကတိ လက်မှတ်ထိုးထားရပြီး မကြာမီ တရားစွဲဆိုသွားမည်ဟု သိရသည်။
သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းနှင့် ဝန်ကြီးများသည် ကျောက်ဖြူမြို့ပေါ်၌လည်း ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ ရပ်မိရပ်ဖ တချို့နှင့် ရမ္မာဝတီ ခန်းမ၌ ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း တက်ရောက်ခဲ့သူ ရပ်မိရပ်ဖတဦးက ပြောသည်။
ကျောက်ဖြူဒေသ၌ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်က ရေတပ်အရာရှိအဖြစ် တာဝန်ဆောင်ခဲ့စဉ်ကပင် ကျောက်ဖြူမြို့သည် ရွှေမြို့ဖြစ်လာမည်ဟု ကြိုတင်သိရှိခဲ့ကြောင်း၊ မကြာမီ ရွှေမြို့တခုအဖြစ် ရောက်ရှိတော့မည်ဟု အာမခံကြောင်းလည်း ဝန်ကြီး ဦးစိုးသိန်းက ပြောဆိုသွားကြောင်း သိရသည်။
ဂက်စ်ပိုက်လိုင်း စီမံကိန်းကို တရုတ်နိုင်ငံနှင့် မြန်မာအစိုးရတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေကြောင်း မြန်မာအစိုးရက ထုတ်ဖော် ပြောဆိုထားသည်။ မြန်မာအစိုးရသည် ဂက်စ်ပိုက်လိုင်း ဖြတ်သန်းခ၊ ရေနံပိုက်လိုင်းတို့မှ အခွန်အခ အကျိူးအမြတ်များ ရရှိမည်ဖြစ်ပြီး၊ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကိုလည်း နှစ်စဉ် ရရှိမည်ဖြစ်သည်။ ရွှေဂက်စ် စီမံကိန်းအား ယခင်နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က ၂၀၀၉ ခုနှစ်တွင် သဘောတူလက် မှတ်ရေးထိုးခဲ့ကြသည်။
တရုတ်နိုင်ငံသည် ရခိုင်ကမ်းလွန်ဒေသမှ ဂက်စ်များကို နှစ်ပေါင်း ၃၀ အထိ ထုတ်ယူခွင့် ရမည်ဖြစ်ပြီး၊ ရွှေသဘာ၀ ဓာတ်ငွေ့များကိုလည်း မေလမှစတင်၍ တရုတ်နိုင်ငံသို့ ပို့လွှတ်မည်ဟု CNPC ကုမ္ပဏီမှ ပြောဆိုထားသည်။ တရုတ်နိုင်ငံ၏ စွမ်းအင် လိုအပ်ချက်အတွက် အရှေ့ အလယ်ပိုင်းဒေသ နိုင်ငံများမှ ရေနံစိမ်းများကိုလည်း မဒေးကျွန်းပေါ်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့မည် ဖြစ်သည်။
ဂက်စ်ပိုက် စီမံကိန်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ပိုက်လိုင်းအား တချို့နေရာတွင် မြေကြီးထဲ၌ စနစ်တကျ မြှုပ်နှံထားမှု မရှိခြင်း၊ ဂက်စ်များသန့်စင်မည့် စက်ရုံမှ စွန့်ပစ်ပစ္စည်းများကို မည်သည့်နေရာတွင် စွန့်ပစ်မည်ဆိုသည်ကို ပွင့်လင်းစွာ ရှင်းလင်းပြောဆိုမှု မရှိခြင်းတို့ကြောင့် ရခိုင်ဒေသခံများနှင့် ပိုက်လိုင်း တလျှောက်ရှိ ဒေသခံများက စိုးရိမ်မကင်း ဖြစ်နေကြကြောင်း သိရသည်။
ဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှတဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ အဆုံးသတ်မည်ဖြစ်သည်။