တပ်မတော်သားများ ပါဝင်ပတ်သက်နေသည်ဟု ယူဆရသော ပြည်မြို့ နဝဒေး တံတားအောက် လုယက် အသတ်ဖြတ်ခံရသော အမှုကို တပ်မတော် စစ်ခုံရုံးမှ အရပ်သား သက်သေ ထွက်ချက်များ ရရှိရန် ခေါ်ယူစစ်ဆေးမေးမြန်းကြောင်း သိရသည်။
အမှုတွင် အဓိက သက်သေအဖြစ် အသက်ရှင်ကျန်ရစ်ခဲ့သော မအိဇင်မိုးကိုကိုလည်း ဆေးရုံတွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး မအိဇင်မိုးကို၏ ဖခင်ဖြစ်သူကိုလည်း ခလရ ၇၅ တပ်ထဲတွင် တပ်မတော်အရာရှိကြီး ၃ ဦးက အမှုဖြစ်စဉ် အစအဆုံးကို ခေါ်ယူမေးမြန်းခဲ့ကြောင်း သိရသည်။
မအိဇင်မိုးကို၏ ဖခင် ဦးမြင့်ကိုက “၂၇ ရက်နေ့က ကျနော့်ကို တပ်ထဲကို ခေါ်စစ်တယ်။ (အခင်းဖြစ်တဲ့နေ့က) ကျနော့်သမီး ဆေးရုံကို ဘယ်အချိန်ရောက်တယ်၊ ရဲစခန်းကို ဘယ်အချိန်သွားတယ် ဆိုတာတွေကို အချိန် အတိအကျ မေးတယ်။ ဒီလောက် အရေးကြီးတဲ့အချိန်မှာ နာရီ တကြည့်ကြည့်လုပ်ပြီး ကျနော် မှတ်နေနိုင်မလားဗျာ။ ဘာလို့ တပ်မတော်သားတွေကို တရားခံအဖြစ် စွပ်စွဲပြီး အမှုဖွင့်ရတာလည်း မေးတယ်။ သူတို့ကို တရားခံလို့ တပ်အပ်စွပ်စွဲရဲလားလို့ မေးတော့ စွဲရဲတယ်လို့ ပြောခဲ့တယ်။ ကျနော့်သမီးကိုလည်း ဖြစ်တဲ့နေရာကို ခေါ်သွားပြီးတော့ မေးချင်တယ်လို့ ပြောပါတယ်။ သမီးမှာ နှလုံးရောဂါရှိတဲ့အတွက် ကျန်းမာရေးကို တာဝန်ယူပေးနိုင်ရင်တော့ ခေါ်သွားလို့ ပြောထားပါတယ်” ဟု ဧရာဝတီကို ပြောဆိုသည်။
ပြည်မြို့ တဘက်ကမ်း သစ်ဆိမ့်ပင်ရွာရှိ ကိုအေးထွေး၊ ကိုမြင့်ရွှေနှင့် ကိုရဲနိုင်တို့အားလည်း ဧပြီလ ၂၇ ရက်နေ့ ညနေ ၆ နာရီခန့်က စစ်ဆေး မေးမြန်းရန် ခေါ်ဆောင်သွားခဲ့ပြီး ဧပြီလ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ၎င်းတို့၏ မိသားစုဝင်များက ပြည်မြို့ အမှတ် ၂ ရဲစခန်းသို့ သွားရောက်မေးမြန်းခဲ့ရာ စခန်းမှူးမှ စိတ်မပူူရန်နှင့် မေးမြန်းစရာရှိ၍ဟု ပြောဆိုသည်။
ထိုသူများ ယခုအခါ ရွာပြန်ရောက်လာကြပြီး မေးမြန်းရာတွင် တစုံတရာ ခြိမ်းခြောက်ခြင်းမျိုးမရှိဘဲ ကောင်းမွန်စွာ ဆက်ဆံမေးမြန်းကြောင်း၊ တရားခံအဖြစ် သံသယရှိ၍ မဟုတ်ဘဲ အသတ်ခံရသည့်စုံတွဲအား အခင်းမဖြစ်ပွားမှီက မြင်သောလူများတွင် ၎င်းတို့ပါဝင်နေကြောင်း သတင်းရ၍ ခေါ်ယူမေးမြန်းခြင်းဖြစ်ကြောင်း သိရှိရသည်။
ဧပြီလ ၂၃ ရက် ည ၉ နာရီခန့်က ပြည်မြို့ ဆင်စုရပ်ကွက်အနီး ဧရာဝတီ မြစ်သောင်ပြင်ပေါ် (နဝဒေး တံတားအောက်) တွင် သမီးရည်းစား ဘာသာဘာဝ ချိန်းတွေ့နေသည့် ကိုဇော်မင်းဦးနှင့်မအိဇင်မိုးကိုတို့ စုံတွဲအား လူ ၃ ဦးမှ ပစ္စည်းယူ လူသတ်မှုဖြစ်ခဲ့ရာ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးမိပြီး တပ်မတော်သားများ ဖြစ်နေခဲ့သည်။
အဖမ်းခံရသည့် တပ်သား ရဲကိုဦးနှင့် တပ်သား သန်းထိုက်အောင်တို့ကို ရဲတပ်ဖွဲ့က ခလရ (၇၅) တပ်ရင်းသို့ ပြန်လွှဲခဲ့ရာ ချုပ်နှောင်ထားကြောင်း၊ လွတ်မြောက်သွားသူ တပ်သား သန်းဝင်းအောင် တပ်ရင်းသို့ ပြန်အလာတွင်လည်း ဖမ်းဆီးပြီး အချုပ်ချထားခဲ့သည်။
အမှုမှန်ပေါ်ပေါက်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူရဲတပ်ဖွဲ့များ ပူးပေါင်းဖြေရှင်းသွားမည် ဖြစ်ကြောင်း စစ်ခုံရုံး ဥက္ကဋ္ဌ ဒု ဗိုလ်မှူးကြီးနေဝင်းက သေဆုံးသူ ကိုဇော်မင်းဦး၏ ဈာပနတွင် ပြောဆိုခဲ့သည်။