မိတ္ထီလာ ဒုက္ခသည်စခန်းများရှိ နေအိမ်များ မီးလောင်ပျက်စီးခြင်း မရှိသော ဒုက္ခသည်တချို့ မူရင်းနေရပ်ထံ ပြန်လည်အခြေချ နေထိုင်နေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဒုက္ခသည်စခန်းများမှ ပြန်လည်အခြေချ နေထိုင်ကြသူအများစုမှာ မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက်မှ အများဆုံးဖြစ်ပြီး ကျန်ရပ်ကွက်များတွင်လည်း တဖြည်းဖြည်း သက်ဆိုင်ရာမှ ပြန်လည်နေရာချထားပေးနေကြောင်း မိတ္ထီလာမြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ဧရာဝတီသို့ ပြောသည်။
“ အိမ် မပျက်စီးတဲ့သူတွေ ပြန်နေနေကြပါပြီ။ အိမ်ပျက်စီးတဲ့သူတွေကတော့ အခုချိန်ထိ ကိုယ့်အိမ်ကိုယ့်နေရာမှာ မနေနိုင်သေးကြပါဘူး။ သူတို့အိမ် ပြန်ဆောက်ပေးဖို့ကလည်း ရန်ပုံငွေတွေက ပြည့်စုံမှ ဖြစ်မှာလေ။ အဲဒီလူတွေအတွက်တော့ ကြာဦးမယ် ထင်တယ် ” ဟု ဦးဝင်းထိန်က ဆိုသည်။
ဒုက္ခသည်များကို မူလနေရပ်များထံသို့ ပြန်လည်နေထိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်မှာ ၃ ရက်ကျော်ပြီဖြစ်ကြောင်း၊ တရက်လျှင် ဒုက္ခသည် ၃၀၀ ကျော်ကို တဖြည်းဖြည်း ပြန်လည်နေရာချထားပေးနေပြီဖြစ်ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတဦးကလည်း ပြောသည်။
လက်ရှိအနေအထားအရ ရွှေ့ပြောင်းပြီးခဲ့သော အိမ်ထောင်စုပေါင်း ၄၅၀၊ လူဦးရေပေါင်း ၁၇၇၉ ဦးရှိကြောင်း၊ ပို့ဆောင် ဆက်သွယ်ရေး သင်တန်းကျောင်းနှင့် တခြားဒုက္ခသည် စခန်းတွင် လူဦးရေ ၅ ထောင်ကျော် ကျန်ရှိနေသေးကြောင်း၊ အိမ်ပြန်ကြသူများမှာ အစ္စလမ်ဘာသာဝင်များဖြစ်ပြီး တချို့မှာ ပဋိပက္ခဖြစ်ပွားစဉ် တခြားမြို့ရွာများသို့ ရှောင်တိမ်းကြသူ များလည်းပါဝင်ကြောင်း မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်မောင်စိုးက ဧရာဝတီသို့ ပြောသည်။
လုံခြုံရေးအပိုင်းမှ မည်သို့စီမံထားသည်ကိုလည်း အတိအကျ မပြောနိုင်သေးကြောင်း၊ အိမ်မပြန်နိုင်သေးသူများအတွက် အလှူရှင်များ လာရောက်လှူဒါန်းသော ပစ္စည်းများ၊ အစိုးရအ ကူအညီများကိုသာ အဓိက စီမံပေးနေရသေးကြောင်း မိတ္ထီ လာမြို့ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
မိတ္ထီလာမြို့ ရပ်ကွက်တချို့တွင် အစ္စလမ်ဘာသာဝင်များ ပြန်ရောက်လာသည်ကို လက်မခံချင်သော သဘော တွေ့ရကြောင်း ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ဆိုသည်။
အစ္စလမ်ဘာသာဝင်များကို မူရင်းနေရပ်သို့ ပြန်ပို့ရာတွင် ဒေသခံ ဗုဒ္ဓဘာသာဝင်များ လက်ခံမှသာ ရွှေ့ပြောင်းပေးနေခြင်းဖြစ်ပြီး လက်မခံသေးသောရပ်ကွက်များသို့ ရွှေ့ပြောင်းမှု မလုပ်သေးကြောင်း မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ဆိုသည်။
မိတ္ထီလာမြို့ပေါ်ရှိ ရပ်ကွက်တချို့မှ ဗုဒ္ဓဘာသာဝင်များက အစ္စလမ်ဘာသာဝင်များ ပြန်လည်အခြေချနေထိုင်လျှင် ပဋိပက္ခ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း၊ သို့သော် ရပ်ကွက်တော်တော်များများက ကြိုဆိုသည့် သဘောရှိနေကြောင်း မိတ္ထီလာမြို့မဈေးမှ ဗုဒ္ဓဘာသာဝင် အထည်ဆိုင်ပိုင်ရှင်တဦးက ဆိုသည်။
မိတ္ထီလာမြို့ အရှေ့ပြင်ရပ်ကွက်တွင် ပြန်လည်အခြေချနေထိုင်နေသည့် အစ္စလမ်ဘာသာဝင် ကိုရန်အောင်က ၎င်းတို့ ပြန်အခြေချစဉ်က ဝမ်းသာအားရဖြင့် ပတ်ဝန်းကျင်မှ ပံ့ပိုးကူညီမှုများ ရရှိကြောင်း၊ ပဋိပက္ခဖြစ်ပွားစဉ်ကလည်း ၎င်းတို့ နေအိမ်ကို ပတ်ဝန်းကျင်မှ ဗုဒ္ဓဘာသာဝင်များက စောင့်ရှောက်ပေးခဲ့ကြောင်း ဆိုသည်။
“ အခု ပဋိပက္ခမှာ အကြမ်းဖက်တဲ့သူတွေက မြို့ခံတွေ မဟုတ်ကြပါဘူး။ အဲဒီအတွက် ပညာရေး အားနည်းတဲ့သူတွေက နောက်တကြိမ် ထပ်ဖြစ်မှာ စိုးကြတယ်လေ။ ကျွန်တော်တို့ ရပ်ကွက်မှာတော့ ဗုဒ္ဓဘာသာဝင်တွေက ကောင်းကြသလို၊ ကျနော်တို့နဲ့လည်း နှစ်ပေါင်းများစွာထဲက နေလာကြတော့ ဘာမှမဖြစ်ဘူး။ ချစ်ချစ်ခင်ခင်ပါပဲ ” ဟု ကိုရန်အောင်က ပြောသည်။
မတ်လ ၂၀ ရက်နေ့ နယူးဝိတ်စိန်ရွှေဆိုင်တွင် အရောင်းအဝယ်ပြုလုပ်စဉ် စကားများရန်ဖြစ်ရာမှ စတင်ခဲ့သော ၃ ရက်ကြာ ပဋိပက္ခ အကြမ်းဖက်မှုများတွင် လူ ၄၃ ဦး သေဆုံးခဲ့ပြီး ၈၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဈေးဆိုင်များ၊ နေအိမ်များ၊ ပညာရေးမှူးရုံး၊ ဘာသာရေးအဆောက်အဦးများအပါအဝင် အဆောက်အဦး ၁၃၅၅ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ မော်တော်ယာဉ် ၁ စီး၊ ဆိုင်ကယ် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၂ စီးလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများက ကြေညာခဲ့သည်။