လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းသတင်းများ လိုက်နေသည့် Hot News ဂျာနယ်မှ တိုက်ပိုင် သတင်းထောက် ကိုမျိုးမြင့်မှာ မုံရွာမြို့ပေါ်တွင် ယမန်နေ့ ညနေမှ စတင် ပျောက်ဆုံးလျှက်ရှိကြောင်း ဂျာနယ် အုပ်ချုပ်ရေးမှူး အာရုဏက ပြောသည်။
“၁ ရက် ၂ ရက်တော့ စောင့်ကြည့်ရအုံးမယ်၊ လောလောဆယ်တော့ မျိုးမြင့်နဲ့ အဆက်အသွယ် ပြတ်နေတယ် လို့ပဲ ပြောလို့ ရတာပေါ့။ ခရိုင်ရဲရုံးနဲ့ ရဲမှူး ဦးတင်ထွန်းကို မေးလိုက်တော့ တရားဝင် လွှဲထားတာ မရှိသေးဘူး၊ ပြန်လည် စိစစ် ပေးပါ့မယ်လို့ အကြမ်းဖျဉ်း ပြောထားတယ်” ဟု အုပ်ချုပ်ရေးမှူး အာရုဏက ဆိုသည်။
လက်ပန်းတောင်းတောင် စီမံကိန်းတွင် ပါဝင်လှုပ်ရှားမှုကြောင့် လတ်တလောတွင် ဖမ်းဝရမ်း ထုတ်ခံထားရသူ ကိုဟန်ဝင်းအောင်က တိုက်ပိုင်သတင်း ထောက်ဖြစ်သူ ကိုမျိုးမြင့်သည် မုံရွာမြို့ပေါ်တွင် ပျောက်ဆုံးနေကြောင်း ဂျာနယ်တိုက်သို့ အီးမေးလ်တစောင် ပို့ထားကြောင်း၊ ထို့အပြင် ဟန်ဝင်းအောင်၏ ကိုယ်ပိုင် facebook စာမျက်နှာတွင်လည်း တင်ထားကြောင်း သိရသည်။
သတင်းဓာတ်ပုံ အရေးကြီးသည်ဟု ထင်ကာ သတင်းလိုက်လံ ရယူနေသည်ဟု ထင်မြင်ကြောင်း၊ ဂျာနယ်၏ နယ်ခံသတင်း ထောက် များကလည်း ၎င်းကို ရှာဖွေနေကြောင်း၊ လက်ရှိတွင် ပျောက်ဆုံးချိန်မှာ ၂၄ နာရီ မပြည့်သေးသဖြင့် ပျောက်ဆုံး သည်ဟု အတည်ပြု၍ မရကြောင်း အထက်ပါ ဂျာနယ်တိုက် တာဝန်ရှိသူက ဆိုသည်။
“ကျနော်တို့တွေ ကိုမျိုးမြင့်ကို ဖမ်းဆီး ထိန်းသိမ်းတာမျိုး လုံးဝမလုပ်ထားပါဘူး။ သူက ဒေသခံတွေဆီကို သတင်းယူတဲ့ အခါမှာ ဗီဒီယို ရိုက်တယ်၊ ဗီဒီယိုရိုက်တော့ သမားရိုးကျ မဟုတ်ဘဲ ဒေသခံတွေကို ဒီလိုပြောပါ၊ ဟိုလိုပြောပါ ဆိုပြီး သင်ပေးတာ မျိုးတွေ လုပ်တော့ မလုပ်သင့်ဘူးလို့ တားမြစ်တာပါ။ သတင်း လွတ်လပ်ခွင့်ကို ကျနော်တို့ မထိပါးပါဘူး” ဟု မုံရွာခရိုင် ရဲမှူး ဦးတင်ထွန်းက ဧရာဝတီသို့ပြောသည်။
အဆိုပါ သတင်းယူသည့် ကိစ္စနှင့် ပတ်သက်၍ ရဲများ၊ မယက တာဝန်ရှိသူများ အပါအဝင် တခြား သတင်းထောက် တချို့နှင့် ပါ ကတောက်ကဆ ဖြစ်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။
လက်ပန်းတောင်းတောင် စီမံကိန်းသို့ သွားရောက် သတင်းယူနေသည့် ဧရာဝတီ သတင်းထောက် တဦးကမူ “မျိုးမြင့့်နဲ့ မနေ့ ညနေ ၅ နာရီကျော် လောက်ကတည်းက ဖုန်းအဆက်အသွယ် မရတော့တာ၊ မနေ့က မုံရွာမြို့ မယက တွေနဲ့ သူနဲ့ သတင်းယူတဲ့ကိစ္စ စကားများတာမျိုး ဖြစ်ခဲ့တယ်” ဟု ဆက်သွယ် ပြောပြသည်။
ထို့အပြင် ကိုမျိုးမြင့်နှင့် အတူ သတင်းယူရာသို့ တောက်လျှောက် လိုက်ပါနေသည့် ဒေသခံ ၂ ဦးကိုလည်း ၎င်းပျောက်ဆုံးသွား ချိန်မှ စတင်ကာ မတွေ့ရတော့သည့် အတွက် အဆိုပါ ဒေသခံ နှစ်ဦးနှင့်အတူ ကျေးရွာတရွာရွာသို့ ပါသွားခြင်းလည်း ဖြစ်နိုင်သည်ဟု ၎င်းက ရှင်းပြသည်။
လက်ရှိ ပျောက်ဆုံးနေသူ ကိုမျိုးမြင့်မှာ Hot News ဂျာနယ်၏ တိုက်ပိုင် သတင်းထောက်ဖြစ်ပြီး လက်ပန်းတောင်းတောင် စီမံံကိန်း သတင်းများကို အစဉ်တစိုက် ရေးသားနေသူ တဦးဖြစ်ကြောင်း သိရသည်။
ကြေးနီစီမံကိန်းရှိရာ ဆည်တည်းရွာတွင် အခြေချ နေထိုင်နေသည်မှာ တလကျော်ခန့် ရှိပြီဖြစ်ပြီး လက်ပန်းတောင်းတောင် အရေး လှုပ်ရှားမှုကြောင့် မုံရွာရဲတပ်ဖွဲ့မှ လတ်တလော အလိုရှိ ဝရမ်းထုတ်ခံထားရသူ ကိုဟန်ဝင်းအောင်နှင့် ချိတ်ဆက်ကာ စီမံကိန်း သတင်းများ ရယူခြင်းအပြင် ဗီဒီယိုရိုက်ကူးမှုများလည်း ပြုလုပ်သည့် သတင်းထောက် တဦးဖြစ်သည်။