ဒုတိယ အကြိမ်မြောက် အမျိုးသားသတင်းဆု ချီးမြှင့်ခြင်း အခမ်းအနားကို ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ဖြစ်သည့် မေလ ၃ ရက်နေ့တွင် ရန်ကုန်မြို့ မြို့မလမ်းရှိ အမျိုးသားပြဇာတ်ရုံတွင် ပြုလုပ်ခဲ့သည်။
အကောင်းဆုံး သတင်းဆု၊ အကောင်းဆုံး အယ်ဒီတာ့ အာဘော်ဆု၊ အကောင်းဆုံး သတင်းဆောင်းပါးဆု၊ အကောင်းဆုံး သတင်းကာတွန်းဆု၊ အကောင်းဆုံး သတင်းဓာတ်ပုံဆုနှင့် အကောင်းဆုံး ရုပ်သံ သတင်းဆု ဟူ၍ ဆုအမျိုးအစား ၆ မျိုး ပေးအပ်ချီးမြင့်သည်။
အကောင်းဆုံး သတင်းဆုကို The Voice Weekly ၏ “ဝန်ကြီးဌာနအချို့၏ ကျပ်သိန်း ထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ”၊ အကောင်းဆုံး အယ်ဒီတာ့ အာဘော့်ဆုကို The Myanmar Independent News Journal ၏ “အသွင်မတူမှုနှင့် ပဋိပက္ခ အသွင်ပြောင်းခြင်း”၊ အကောင်းဆုံး သတင်းဆောင်းပါးဆုကို The Voice ၏ အောင်ဘိုဘိုရှိန်နှင့် ကျော်စွာစိုး ရေးသားသည့် “မြစ်ဆုံပြန်စမည်လော”၊ အကောင်းဆုံး သတင်းကာတွန်းဆုကို TheVoice Weekly တွင် ဖော်ပြသည့် ကျော်သူရှိန် ကာတွန်း၊ အကောင်းဆုံး သတင်းဓာတ်ပုံဆုကို မော်နီတာ ဂျာနယ်ပါ ဇော်မင်းနိုင်၏ ကယားပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆွေးနွေးပွဲပုံ၊ အကာင်းဆုံး ရုပ်သံ သတင်းဆုကို MNTV မှ “မီဒီယာဖိနှိပ်မှုနှင့် လူငယ်သတင်းသမားများ” တို့က အသီးသီး ရရှိသွားသည်။
ဆုအတွက် ရွေးချယ်မည့် သတင်း၊ ဆောင်းပါး စသည်တို့ကို သက်ဆိုင်ရာ မီဒီယာများကိုယ်တိုင် ကနဦး ရွေးချယ် ပေးပို့ရခြင်းနှင့် ပတ်သက်၍ အမျိုးသား သတင်းဆု ချီးမြင့်ရေးအဖွဲ့ ဥက္ကဌ ဦးဝင်းငြိမ်းက “တကယ်တော့ ပြိုင်တဲ့ဟာမျိုး မလုပ်သင့်ပါဘူး။ ၂၀၁၂ ခုနစ် ဇန်နဝါရီလမှာ ထွက်သမျှ ဂျာနယ်ကို မော်နီတာလုပ်ရမယ်။ အမျိုးသားသတင်းဆုအနေနဲ့ ဖတ်ရမယ်။ ဘယ်ဟာလုပ်ရမယ် ဆိုတာကိုပေါ့။ အမှန်တော့ အဲဒီလိုလုပ်ရမှ အမျိုးသားသတင်းဆုဆိုတာနဲ့ ထိုက်တန်တာပါ။ အခုက မော်နီတာ လုပ်ဖို့ အဆင်မပြေသေးလို့ပါ။ မော်နီတာလုပ်ဖို့ ကြိုးစားနေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်ပြီး ဖေ့စ်ဘုတ် လူမှုကွန်ရက်တွင် ကောလာဟလ ထွက်ပေါ်နေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သတ်သည့် ဓာတ်ပုံ၊ သတင်းများကို ဆုမပေးရန်ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း၊ နိုင်ငံရေးနှင့် ပတ်သက်သည့် သတင်းကို ဆုမပေး ဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း၊ အမျိုးသား သတင်းဆု၏ စည်းကမ်းနှင့်ညီသည့် သတင်းတိုင်းကို ပေးကြောင်း ဦးဝင်းငြိမ်းက ဆိုသည်။
“ကျနော်တို့ ရောက်လာတဲ့ ဆောင်းပါးအားလုံး ၇၂ ပုဒ် ကို စိစစ်ရတယ်။ စိစစ်တဲ့အခါမှာလည်း သတင်းကျောရိုး တခုရှိရမယ်၊ အရေးအသား ပြေပြစ်ရမယ်၊ တင်ပြတဲ့ စာပုဒ်နဲ့ အကြောင်းအရာ ချိတ်ဆက်ရမယ်။ ကျနော်တို့ဆီ ရောက်လာတဲ့ ဆောင်းပါးအများစုက ရိုးရိုးဆောင်းပါးတွေ များတယ်။ အဲဒီအထဲက အကောင်းဆုံးကို ရွေးထားတာပါ” ဟု အကောင်းဆုံး သတင်းဆောင်းပါးဆု ရွေးချယ်ရေးအဖွဲ့မှ ဦးထင်အောင်ကျော်က ဧရာဝတီသို့ ပြောသည်။
အကောင်းဆုံး အယ်ဒီတာ့ အာဘော်ဆု ရရှိသည့် The Myanmar Independent News Journal မှ အယ်ဒီတာ မသီတာ (စမ်းချောင်း) က “ကျမ တယောက်တည်းရဲ့ အယူအဆကတော့ ဒီဆုအပေါ် ဘဝင်မကျပါဘူး။ ပြိုင်ပွဲဝင်ပြီးရတဲ့ ဆုဖြစ်နေလို့ပါ။ စာပေစိစစ်ရေး မရှိတော့ရုံနဲ့ ကျမတို့ဆီမှာ သတင်းမီဒီယာ လွတ်လပ်တယ်လို့ ပြောလို့ခက်တဲ့ အချက် ၃ ချက် နောက်ဆုံးက ဆုတွေကိစ္စပါ။ နိုင်ငံတော်အဆင့် အမျိုးသားစာပေဆု၊ အမျိုးသား သတင်းဆု အဲဒီဆုတွေကို ရွေးတဲ့မူဝါဒ ဖြစ်စေ၊ ရွေးချယ်တဲ့ အဖွဲ့ဝင်ဖြစ်စေ၊ ရွေးတဲ့လုပ်ထုံးလုပ်နည်းဖြစ်စေ အားလုံးဟာ တနိုင်ငံလုံး အတိုင်းအတာ သဘောတူနိုင်တဲ့ အဂတိ ရှင်းရှင်း ကျင့်ဝတ်နဲ့ညီညီ ဆိုတာမျိုး မဖြစ်နိုင်ဘူးဆိုရင်၊ ဘယ်သူမှ အလေးမထားဘူးဆိုရင် သတင်းမီဒီယာ လွတ်လပ်တယ်လို့ မပြောနိုင်ပါဘူး” ဟု အဆိုပါ ဆုပေးပွဲတွင် ပြောကြားခဲ့သည်။
အမျိုးသားသတင်းဆုပေးပွဲသို့ တက်ရောက်လာသည့် BBC မြန်မာပိုင်း အယ်ဒီတာ ဦးမင်းသန့်ကမူ “သတင်းဆုပေးပွဲ ဆိုတာကတော့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အသိအမှတ်ပြုတဲ့ တမျိုးပဲလေ။ ထိုက်ထိုက်တန်တန် အသိအမှတ်ပြု ခံရတယ်ဆိုတာဟာ ဝမ်းသာစရာပါ။ ကျနော်တို့ အများကြီး မပြောနိုင်တာက ဘယ်သူတွေ ဝင်ရာက်ပြိုင်တာ၊ ဘယ်လို စိစစ်ရွေးချယ်လဲ၊ ဘယ်လို ရွေးလဲဆိုတာ အများကြီးမသိတော့ မပြောနိုင်ဘူး။ ဒီလို သတင်းဆုပေးပွဲ လုပ်လာတယ်၊ တနှစ်နဲ့တနှစ် အစက တိုးလာတယ်” ဟု ပြောသည်။
အမျိုးသားသတင်းဆု ရွေးချယ်ရေး ကော်မတီကို ဝါရင့်သတင်းစာ ဆရာကြီးများဖြစ်သည့် ဖိုးသောကြာ၊ လူထုဦးစိန်ဝင်း၊ ဦးမိုးသူ၊ ဦးကိုကိုကြီး (ကြေးမုံသတင်းစာတိုက်)၊ ဦးမြင့်သိန်းဖေ (ဓာတ်ပုံပညာရှင်)၊ မောင်ဝံသ၊ ဦးဝင်းငြိမ်းစသည့် ပုဂ္ဂိုလ်များ အပါအဝင် လူ ၂၀ ဖြင့် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့၌ ဖွဲ့စည်းခဲ့သည်။