မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၁၃၀ ကျော်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့တဲ့ ဒီမိုကရေစီ အသိုက်အဝန်း ညီလာခံကြီးမှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်း ဝန်ကြီးချုပ် မစ္စ ယင်းလတ် ရှင်နာဝပ်တို့ဟာ ဒီမိုကရေစီ နှုန်းစံတွေနဲ့ ပတ်သက်တာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတွေနဲ့ ပတ်သက်တာတွေ ပြောဆိုခဲ့ကြပါတယ်။
သူတို့ နှစ်ဦးပြောကြားခဲ့တဲ့ အကြောင်းအရာတွေဟာ ယေဘုယျအားဖြင့် ဒီမိုကရေစီအခြေခံ သဘောတရားတွေအပေါ် ပြောဆိုသွားကြတာမှာ တူညီမှုရှိပေမယ့် တုံ့ပြန်ခံရမှုခြင်း မတူကွဲပြားပါတယ်။
သူတို့တွေ ဘာတွေပြောခဲ့လို့ ဘယ်လိုတွေ တုံ့ပြန်ခံနေရလဲ။
ဧပြီလ ၂၇ ရက်ကနေ ၂၉ ရက်အထိ အူလန်ဘာတာမြို့မှာ ကျင်းပခဲ့တဲ့ ညီလာခံမှာ ထိုင်းဝန်ကြီးချုပ် မစ္စ ယင်းလတ် ရှင်နာဝပ် ကတော့ ထိုင်းနိုင်ငံမှာ ပြည်သူက ရွေးချယ်တင်မြှောက်ခဲ့လို့ ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ အစ်ကိုဖြစ်သူ သက်ဆင် ရှင်နာဝပ်ကို ၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဒီမိုကရေစီ ဆုံးရှုံးခဲ့ပြီး ထိုင်းပြည်သူတွေဟာ ၁၀ နှစ်လောက် ဒီမိုကရက်တစ် လွတ်လပ်မှုတွေ ပြန်ရဖို့ အတော်အချိန်ယူခဲ့ရတယ်လို့ ညီလာခံမှာ ပြောဆိုခဲ့ပါတယ်။
ပြီးတော့ စစ်အာဏာသိမ်းမှုဟာ ထိုင်းနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးကို ပျက်စီးခဲ့တယ်လို့ ဆိုပြီး နိုင်ငံတကာရဲ့ ထိုင်းနိုင်ငံ အပေါ် ယုံကြည်မှု ဆုံးရှုံးခဲ့ရတယ်လို့ မစ္စ ယင်းလတ်က ပြောခဲ့ပါတယ်။
ဒါကြောင့်ပဲ စစ်တပ် ကျောထောက်နောက်ခံနဲ့ ရေးဆွဲထားတဲ့ ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံဟာ ဒီမိုကရေစီစံနှုန်းတွေ ပိုမို ကောင်းမွန်ဖို့ ပြင်ဆင်မှုတွေ လုပ်သင့်တယ်လို့လည်း မစ္စယင်လတ်က ဆိုပါတယ်။
ဒီအပြင် သူ့အစ်ကိုဖြစ်သူ သက်ဆင် အစိုးရလက်ထက်က စီမံကိန်းတွေကို ဖယ်ရှားပစ်တာတွေ၊ ထိုင်းနိုင်ငံသားတွေလည်း သူတို့ လွတ်လပ်မှုနဲ့ အခွင့်အရေး ဆိုတာတွေကို လွဲမှားစွာ အသုံးချခံရတာတွေလည်း သူက ထည့်သွင်းပြော ဆိုသွားခဲ့ပါတယ်။
အဲဒီနောက်မှာ ထိုင်းအထက်လွှတ်တော် အမတ် ၅၈ ဦးက မွန်ဂိုလီးယား ညီလာခံမှာ ထိုင်းဝန်ကြီးချုပ် ပြောဆိုခဲ့တာတွေဟာ အငြင်းပွားဖွယ်ရာဖြစ်ပြီး လူသိရှင်ကြား တောင်းပန်ဖို့ တောင်းဆိုခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် ဝန်ကြီးချုပ် မစ္စ ယင်းလတ်က ၇ ကြိမ်မြောက် ဝန်ကြီးများအဆင့် ဒီမိုကရေစီ အသိုက်အဝန်း ညီလာခံမှာ သူ ပြောခဲ့တာတွေဟာ ဒီမိုကရေစီ အတွေ့အကြုံတွေကို မျှဝေယုံသာဖြစ်ပြီး ညီလာခံအတွင်းမှာ မွန်ဂိုလီးယားနဲ့ ထိုင်း ၂ နိုင်ငံ ကုန်သွယ်ရေးနဲ့ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ဆောင်ရွက်ဖို့ သဘောတူ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးတော့ ၂၀၁၀ နိုင်ငံရေး အကြမ်းဖက်မှု ဖြစ်စဉ်ဟာ ခါးသီးတဲ့ သင်ခန်းစာတခုဖြစ်ပြီး နောက်ထပ်လည်း သွေးထွက် သံယိုဖြစ်မှုတွေ သံသရာ မလည်ချင်ဘူးလို့ ဆိုသလို ထိုင်းပြည်သူတွေအနေနဲ့ နောက်ထပ် ဒီမိုကရေစီ တောင်းဆိုမှုတွေကြောင့် ခံစားကြရမယ့် အဖြစ်တွေလည်း မရင်ဆိုင်စေလိုဘူးလို့ ယင်းလတ်က ပြောသွားပါတယ်။
မြန်မာနိုင်ငံက တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ မွန်ဂိုလီးယား ခရီးစဉ်မှာ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး မျှော်လင့်ချက်ကတော့ အလှမ်းဝေးဆဲဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
တခေတ်တခါက မြန်မာနိုင်ငံဟာ စည်ပင်ဝပြောခဲ့ပေမယ့် စစ်အာဏာရှင်တွေ အုပ်စိုးမှုဖြစ်ခဲ့ပြီး ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ် ရေးစနစ်အောက် ရောက်ခဲ့လို့ တိုင်းပြည်ဟာ အဖက်ဖက်က ဆုတ်ယုတ်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
အခုမှာတော့ လက်ရှိ မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတဲ့ နိုင်ငံတခုအဖြစ်ရှိလာပြီး လူအများ စိတ်ဝင်စားမှု ပိုလာခဲ့ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ နေ့စဉ်ဘဝတွေ တိုးတက်မှု ရှိမလာဘဲနဲ့တော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ အောင်မြင်တယ်လို့ မဆိုနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အူလန်ဘာတာ ညီလာခံမှာ ပြောခဲ့ပါတယ်။
“ကျမတို့ ရထားတဲ့ အောင်မြင်မှုဆိုတာ ပြီးပြည့်စုံတဲ့ အဆင့်ရောက်ဖို့ အတော်ကို ဝေးပါသေးတယ်” လို့ သူက ပြော သွားတာပါ။
ပြည့်သူ့နေ့စဉ်ဘ၀ တိုးတက်မှုတွေ ရရှိဖို့ အများကြီး ကြိုးစားရဦးမယ် ဆိုတဲ့အကြောင်း၊ တဖက်မှာလည်း တိုင်းပြည်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတာ အရေးကြီးတဲ့ ကိစ္စဖြစ်ပေမယ့် အခုထိ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပဋိပက္ခတွေက ရှိနေဆဲမို့ ဒါတွေကို ဖြေရှင်းကြရမှာလို့လည်း သူက ဆက်ပြောထားပါတယ်။
“ကျမတို့ နိုင်ငံမှာ တိုင်းရင်းသား ပဋိပက္ခတွေ အခုအထိ ရှိနေဆဲပဲ။ မကြာသေးခင်ကပဲ လူအဖွဲ့အစည်း တခုနဲ့တခု ပဋိပက္ခတွေ ဖြစ်ခဲ့ပါသေးတယ်။ ဒါတွေဟာ ကျမတို့ နိုင်ငံအတွက်၊ ကမ္ဘာကြီးအတွက် ဖြေရှင်းကြရမှာပါ။ မတူကွဲပြားမှုတွေကို ဖြေရှင်းကျော်လွှားနိုင်တာကို ကျမတို့ ပြသဖို့ လိုအပ်တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
မွန်ဂိုလီးယားနိုင်ငံမှာက နိုင်ငံပေါင်း ၁၃၀ ကျော်က အစိုးရပိုင်း ဝန်ကြီးအဆင့်ရှိ ပုဂ္ဂိုလ်တွေ၊ လူထုအခြေပြု လူ့အဖွဲ့အစည်းများမှ တာဝန်ရှိသူတွေ တက်ရောက်လာခဲ့တဲ့ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ စာတမ်းကိုလည်း ဖတ်ကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အဂတိလိုက်စားမှုဆိုတာ ဒီမိုကရေစီနဲ့ နိုင်ငံရယ်၊ နိုင်ငံ့ စီးပွားရေးတွေကို ထိခိုက်ပျက်စီးစေတယ်လို့ စာတမ်းဖတ် ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေ ပြုရေးဆိုတဲ့ မဏ္ဍိုင်ကြီး ၃ ခုမှာ တိုးတက်မှုတွေ ရှိလာပေမယ်လို့ ဒီ့ထက်ပိုပြီး ပွင့်လင်းမြင်သာမှုတွေ ရှိဖို့လိုကြောင်း၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်တဲ့ မျှော်လင့်ချက်ပြည့်ဝဖို့တော့ အတော်အလှမ်း ဝေးနေပါကြောင်းလည်း ပြောသွားခဲ့ပါတယ်။
“နိုင်ငံတခုရဲ့ အကြီးမားဆုံး အစိတ်အပိုင်းဟာ အစိုးရ မဟုတ်ပါဘူး။ ပြည်သူသာပဲဖြစ်တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
မြန်မာနိုင်ငံက ၂၀၀၈ ခုနှစ် နာဂစ်ဖွဲ့စည်းပုံလို့ အတိုက်အခံတွေ ခေါ်တွင်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ တချိန်က မြန်မာစစ်အစိုးရက ဦးဆောင်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံလည်း ဖြစ်တော့ ထိုင်းနိုင်ငံရဲ့ ၂၀၀၇ ခုနှစ် စစ်တပ် ကျောထောက်နော်ကခံ ဖွဲ့စည်းပုံနဲ့ နောက်ခံ အကြောင်းအားဖြင့် တူညီချက်ဖြစ်နေတာ တိုက်ဆိုက်မှုတခုလို့ ပြောရမယ်ထင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ တချိန်က မြန်မာ့လွတ်လပ်ရေးကို ဦးဆောင်ရယူခဲ့သူ တိုင်းပြည်ရဲ့ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလည်းဖြစ်ပြီး ၁၉၈၈ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံရေး လောကကို ရောက်လာခဲ့ သူဖြစ်ပါတယ်။
မစ္စ ယင်းလတ် ရှင်နာဝပ်ကတော့ အစ်ကိုဖြစ်သူ သက်ဆင် ရှင်နာဝပ်ကို ၂၀၀၆ ခုနှစ်က စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း အချိန်ကာလ ၆ လဆိုတဲ့ ကာလတခုကို ဖြတ်ကျော်ပြီး အစ်ကိုဖြစ်သူရဲ့ ဖွေ့ထိုင်းပါတီ ဦးဆောင်သူအဖြစ် ကနေ ၂၀၁၁ ခုနှစ် သြဂုတ်လက ထိုင်းဝန်ကြီးချုပ်ဖြစ်လာခဲ့သူပါ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ပါတီကို ပြန်လည် မှတ်ပုံတင်ပြီး ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲက တဆင့် ပြည်သူ့လွှတ်တော် အမတ်တဦးဖြစ်လာခဲ့ပြီး လက်ရှိ ပါတီ ဥက္ကဌ ရာထူးတာဝန်ကိုလည်း ထမ်းဆောင်နေပါတယ်။
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေလည်း တဖက်က လုပ်ရင်း သမ္မတတာဝန်ယူနိုင်တယ်လို့ ပြောခဲ့တာ မကြာခဏရှိပါပြီ။
မစ္စ ယင်းလတ်နဲ့ ပတ်သက်လို့ တချို့ဝေဖန်သူတွေ အဆိုအရ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံတဲ့ ရှပ်နီအုပ်စုရဲ့ အားပေးမှုတွေကနေ သူ့ရဲ့ အစ်ကိုကြီးဖြစ်သူရဲ့ အကြံဉာဏ်တွေ၊ အကူအညီတွေယူပြီး ဝန်ကြီးချုပ် ဖြစ်လာခဲ့တယ်လို့ ဆိုကြပါတယ်။
မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်နဲ့ ယင်လတ်ရှင်နာဝပ်တို့ မြန်မာနဲ့ ထိုင်းနိုင်ငံတွေမှာ လူချင်း တွေ့ဆုံမှုတွေ နောက်ပိုင်း မွန်ဂိုလီးယား ညီလာခံအတွင်း ဆွေးနွေးပွဲမှာ သူတို့ နှစ်ဦးကို ဝန်ကြီးချုပ်နဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေး ကော်မတီဥက္ကဌတွေအဖြစ် အဓိက ဆွေးနွေးသူတွေနေရာမှာ မြင်တွေ့ရတာပါ။
သူတို့ ၂ ဦးမှာ တူညီမှုတွေထဲ လူပြောများတာကတော့ အာရှနိုင်ငံတွေရဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာကို မိတ်ဆက်တဲ့နေရာမှာ သူတို့ရဲ့ ဖက်ရှင်တွေကို လူကြိုက်များနေကြတာလည်း ထည့်ပြောလိုက်ချင်ပါသေးတယ်။