အင်ဒိုးနီးရှားနိုင်ငံမှ အစ္စလာမ်စစ်သွေးကြွများက မြန်မာနိုင်ငံအပေါ် ဂျီဟတ်ဘာသာရေးစစ်ပွဲ ဆင်နွှဲမည်ဆိုသော သတင်းများကို ပုဂ္ဂလိကသတင်းမီဒီယာများက သတင်းဖော်ပြကြသဖြင့် ပြည်သူများထိတ်လန့်မှုများပေါ်ပေါက်နေပြီး အဆိုပါသတင်းဖော်ပြမှု သည် စာနယ်ဇင်းကျင့်ဝတ်နှင့်ကိုက်ညီမှု ရှိ၊ မရှိဝေဖန် သုံးသပ်ချက်များ ပေါ်ထွက်လာသည်။
မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲဆင်နွဲရန် အစ္စလမ် စစ်သွေးကြွဝါဒီအချို့ကဖော်ထုတ်ပြောဆိုပြီးနောက် မေလ ၃ ရက်နေ့က အင်ဒိုးနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ မြန်မာသံရုံးကိုချိန်ကိုက်ဗုံးနှင့် ဖောက်ခွဲရန် ကြံစည်ခဲ့သည်ဟု သံသယရှိသူ ၂ ယောက်ကိုဖမ်းဆီးမိပြီး လက်လုပ်ဗုံး ၅ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟု နိုင်ငံတကာသတင်းဌာနများက ရေးသားဖော်ပြခဲ့ပြီး ပြည်တွင်းပုဂ္ဂလိက သတင်းမီဒီယာများကလည်း အင်ဒိုနီးရှားနိုင်ငံမှလာသော သတင်းများကို ကိုးကားပြီး မြန်မာနိုင်ငံအပေါ် ဂျီဟတ် ဘာသာရေး စစ်ပွဲပြုလုပ်ရန် လှုံ့ဆော်ဆန္ဒပြသည့်သတင်းနှင့် ဆန္ဒပြဓာတ်ပုံကို ဝေဝေ ဆာဆာဖြင့် ဖော်ပြခဲ့ရာ မြန်မာ မွတ်စလင် အသိုင်းအဝိုင်းနှင့် ပြည်သူများအကြား စိုးရိမ်မှုများ တိုးပွားလာကြောင်း သိရှိရသည်။
ပြည်တွင်းသတင်းမီဒီယာများ၏ သတင်းဖော်ပြမှုကြောင့် စိုးရိမ်မှုများ တိုးပွားလာရခြင်းဖြစ်ပြီး ပဋိပက္ခသတင်းများ ဖော်ပြရာတွင် မြန်မာသတင်းမီဒီယာများအနေဖြင့် စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ သတိထားဖော်ပြသင့်သည်ဆိုသော ဝေဖန်သုံးသပ်မှုများပေါ်ထွက်လာသည်။
သမ္မတ ပြောရေးဆိုခွင့်ရှိသူ လည်းဖြစ် ပြန်ကြားရေးဒုဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်က မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ဘာသာရေးနှင့်လူမျိုးရေးပဋိပက္ခများကြောင့် အင်ဒိုနီးရှားနိုင်ငံမှ အစွန်းရောက်အစ္စလမ် စစ်သွေးကြွဝါဒီများက မြန်မာနိုင်ငံအပေါ် ဂျီဟတ်စစ်ပွဲဆင်နွဲရန် လှုံ့ဆော်ပြောဆိုချက်များရှိလာပြီး ယင်းပြောဆိုချက်များနှင့်ပတ်သက်၍ ပုဂ္ဂလိကသတင်း မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် သတင်းဖော်ပြခဲ့ခြင်းကြောင့် ပြည်သူများကို ထိတ်လန့်စေကြောင်း သူ၏ ဖေ့ဘုတ်စ်လူမှုကွန်ရက်စာမျက်နှာ တွင် ရေးသားထားသည်။
“အဲဒီလိုပြောဆိုမှုတွေကို သက်ဆိုင်ရာနိုင်ငံအစိုးရများက လက်မခံဘူူးဆိုတာလည်း သတိပြုစေလိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အစ္စလမ်ဘာသာရေးအဖွဲ့အစည်းများရဲ့ခေါင်းဆောင်များရဲ့ ဒီလို အကြမ်းဖက်တဲ့ အယူအဆများအပေါ်သဘောထားကိုလည်း မေးမြန်းဖော်ပြပေးနိုင်ရင် ပိုသင့်တော်မယ် လို့ထင်ပါတယ်”ဟု ဦးရဲထွဋ်က ပြောသည်။
သတင်းသမားများတွင် လိုက်နာရမည့် ကျင့်ဝတ် ၊ မူများ ရှိပြီးဖြစ်သောကြောင့် သတင်းရေး ရမည့် အလုပ်မှာ သတင်းသမားများ၏တာဝန်သာ ဖြစ်ကြောင်း၊ ပဋိပက္ခနှင့်သက်ဆိုင်သည့် သတင်းသာမက မည်သည့်သတင်းကိုမဆို ကျင့်ဝတ်နှင့် အညီရေးသားရန်လိုအပ်ကြောင်း၊ သို့ရာတွင် ဖြစ်ပျက် နေသော ဖြစ်ရပ်မှန်ကို ပဋိပက္ခဖြစ်ပေါ်မည်ဆိုသော စိုးရိမ်စိတ်ဖြင့် မရေးဘဲ ချန်ထား၍ မရကြောင်း ဒေးလီးအဲလဲဗင်း သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောသည်။
”ဘာသာရေးပဋိပက္ခမဖြစ်အောင်ကတော့ ကျင့်ဝတ်မှာပါပြီးသားပဲ။ ဖြစ်တာကိုတော့ဖြစ်တဲ့အတိုင်းရေးရမှာပဲ။ ပဋိပက္ခဖြစ်မှာ စိုးလို့ဆိုပြီးချန်ထားလို့မရဘူး”ဟု ကိုဝေဖြိုးက ဆိုသည်။
မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲလုပ်မည်ဆိုသောသတင်းကို ဆဲဗင်းဒေးသတင်းစာအနေဖြင့်ဖော်ပြခြင်း မပြုခဲ့ကြောင်း၊ လတ်တလောပဋိပက္ခ သတင်းများမှာ လူအများ စိတ်ပါဝင်စားမှုရှိနေပြီး ပုဂ္ဂလိက သတင်းမီဒီယာများ အနေဖြင့်သတင်းဖော်ပြလျက်ရှိရာ နေ့စဉ်ထုတ်သတင်းစာတစောင်အနေဖြင့် အင်ဒိုးနီးရှားဆိုင်ရာ မြန်မာသံရုံး အနီးဆန္ဒပြသူများအကြောင်း ဓာတ်ပုံနှင့် သတင်းဖော်ပြရာတွင် သေချာဂရုစိုက်၍ ပဋိပက္ခ ပိုမိုကြီးထွားခြင်း မရှိစေရန် ကြိုးစား သတင်းဖော်ပြခဲ့ကြောင်း ဆဲဗင်းဒေးသတင်းစာမှ အမူဆောင်အယ်ဒီတာ ကိုအားမာန်က ပြောသည်။
“ဖော်ပြလိုက်တဲ့ သတင်းတွေကြောင့် လူတွေ စိုးရိမ်စိတ်တွေပိုကြီးသွားမှာ။ တဖက်နဲ့ တဖက် သံသယတွေ ဖြစ်လာမှာနဲ့ လူမှုကွန်ရက် ဖေ့ဘုတ်စ်စာမျက်နှာတွေမှာလည်း သံသယဖြစ်စရာတွေများနေတဲ့ အတွက်ကြောင့် အဲလိုပုံမျိုးတွေကို မသုံးဘဲနဲ့ ရွေး ပြီးတော့ သံရုံးလုံခြုံရေး ပေးထားတဲ့ပုံကိုအပေါ်ကနေမြင်ရတဲ့ အနေအထားနဲ့ ပုံလေးကို ရွေးပြီးတော့ သုံးခဲ့တာပါ။ ကျနော်တို့ဆီမှာ အမှန်ပြောရရင် အနာမကျက်သေးဘူး။ တဖက်နဲ့ တဖက် သံသယတွေ ဖြစ်နေတဲ့ကာလမှာ ဖော်ပြလိုက်တဲ့ သတင်း ဓာတ်ပုံကြောင့်သံသယတွေပိုပွားလာမှာ။ ပိုပြီးတော့ ပူပန်လာမှာမျိုးမဖြစ်အောင် ဆုံးဖြတ်ရွေးခဲ့တာပါ”ဟု ကိုအားမာန်က ဆိုသည်။
အမေရိကန်ပြည်ထောင်စု၊ ဘာကလေတက္ကသိုလ်တွင် သတင်းစာပညာဘွဲ့ဆည်းပူးခဲ့သူ သတင်းစာဆရာဦးမြင့်ကျော်ကမူ သတင်းမီဒီယာ များအနေဖြင့် ပဋိပက္ခသတင်းများ ရေးသားဖော်ပြရာတွင် တဖက်သတ်ရေးသားခြင်းမျိုးကို ရှောင်ကြဉ်ပြီး ရှု့ထောင့်ပေါင်းစုံ၊ ဘက်မလိုက်ဘဲ မျှမျှတတရေးသားဖော်ပြရန်လိုအပ်ကြောင်း ရှင်းပြသည်။
”တဖက်ထဲရေးလိုက်လို့ စိုးရိမ်စရာကြီးလို့ လူတွေကမြင်လာရင် ရန်ပြုဖို့အဆင်သင့် ဖြစ်လာမယ်။ ရှုထောင့်စုံက ပြည့်ပြည့်စုံစုံ ဖော်ပြရင်တော့ပြဿနာမရှိဘူး”ဟု ဦးမြင့်ကျော်က သုံးသပ်သည်။
လူငယ်သတင်းသမားများအတွက် သတင်းစာပညာများ ဖွင့်လှစ်သင်ကြားနေသော သင်တန်းဆရာ ဦးရဲနိုင်မိုးကမူ သတင်းသမားများအနေဖြင့် ပဋိပက္ခသတင်းများ ရေးသားရာတွင် မည်သည့် သတင်းအရင်းအမြစ်က လာသည်ကို သေချာစွာ အကဲဖြတ်ဆန်းစစ်မှု(Verification) လုပ်ရန်လိုအပ်ကြောင်း၊ မည်သည့်မီဒီယာတွင် ပါဝင်သနည်း၊ ယင်းမီဒီယာက မည်သည့်သတင်းရင်းမြစ်ကိုကိုးကားထားသနည်း စသည့် အချက်များကို လေ့လာသုံးသပ်သင့်ကြောင်း အကြုံသည်။
”ကိုယ်သိတဲ့သတင်းက လူတစ်ဦးနှစ်ဦးကပဲ ပြောတာလား။ လူတစုကပဲပြောတာလား။ အဲလိုမဟုတ်ဘဲနဲ့ အဲဒါကို လိုအပ်တာထက်ပိုပြီးတော့ Highlight အသားပေးရေးတာမျိုး ဖြစ်လာရင် အဲဒါက ပဋိပက္ခကို တနည်းနည်းနဲ့ စေ့ဆော်သလိုမျိုး ဖြစ်သွားမှာကို စိုးရိမ်ရတယ်။ လူတွေက စိတ်လှုပ်ရှားမယ်။ စိတ်လှုပ်ရှားရင် သံသယဖြစ်ပြီ။ သံသယစိတ်များလာရင် ကြောက်စိတ်များလာရော။ ကြောက်စိတ်များလာရင် လူတွေက ကာကွယ်ဖို့ အတွင်း ဒေါသစိတ် တွေ ထွက်လာတာပေါ့”ဟု ဦးရဲနိုင်မိုးက သုံးသပ်ပြောသည်။
အစွန်းရောက်အစ္စလမ်ဝါဒီများ၏ ဂျီဟတ် စစ်ပွဲဆင်နွဲမည်ဆိုသော ပြောဆိုချက်များနှင့် လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံ တွင်အေးချမ်းစွာနေထိုင်လိုသော အစ္စလမ် ဘာသာဝင်များ၏ ပုံရိပ်ကိုထိခိုက်စေကြောင်း၊ အစ္စလမ်ဘာသာ အပေါ်နားလည်မှုလွဲမှားစေနိုင်စေကာ မတူကွဲပြားသည့် လူမှုအဖွဲ့အစည်းများ၊ နားလည်မှုတည်ဆောက်ရေး၊ ငြိမ်းချမ်းစွာ၊ သဟဇာတ ဖြစ်စွာနေထိုင်နိုင်ရေးလှုပ်ရှားမှုများကိုလည်း ထိခိုက်စေနိုင်ကြောင်း ဦးရဲထွဋ်က သုံးသပ်သည်။
”ဒီလို ပြောဆိုတိုက်တွန်းချက်များဟာ လူ့အသိုင်းအဝန်းနှစ်ခုကြားမှာသံသယတွေပိုမိုများပြား လာအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်တာလည်းဖြစ်နိုင်တဲ့ အတွက် ကျနော်တို့အားလုံးက သတိရှိရှိနဲ့တုံ့ပြန်ဖို့ လိုပါတယ်”ဟု ဦးရဲထွဋ်က ပြောသည်။
မြန်မာနိုင်ငံ မော်လဝီအဖွဲ့ချုပ် အတွင်းရေးမှူးဦးရဲနောင်သိန်းက ပြည်တွင်းမီဒီယာများအနေဖြင့် နှစ်ဖက်ပဋိပက္ခ ဖြစ်နေစဉ်ကာလတွင် အကြမ်းဖက်မှုဖြစ်လာစေနိုင်သော အားပေးလှုံဆော်သည့် အရေးအသားများကို ရှောင်စေလိုကြောင်း၊ ပုဂ္ဂလိကသတင်းမီဒီယာအချို့သည် ကျင့်ဝတ်နှင့်မညီသော ရေးသားမှုများရှိကြောင်း ပြောသည်။
”တိုင်းပြည်ငြိမ်းချမ်းရေးကို ဦးတည်တယ်ဆိုရင် ဟိုမှာမီးတစ၊ ဒီမှာ မီးတစဖြစ်နေတဲ့ အချိန်မှာ ဖွတာမျိုး စွတာမျိုးတွေ မရေးသင့်ဘူး။ မနေ့ကဂျာနယ်တစောင်မှာ ဂျီဟတ်ဘာသာရေးစစ်ပွဲလုပ်မယ့်အကြောင်း ရေးထားလိုက်တာ စိုးရိမ်ထိတ်လန့်စေတယ်။ ကျနော်တို့ကလည်း အေးအေးချမ်းချမ်းနေချင်တယ်။ ဂျီဟတ်ဘာသာရေးစစ်ပွဲဆိုတာကို သဘောမတူဘူး။ မီဒီယာတွေအနေနဲ့ ကျနော်တို့ ပြည်တွင်းအစ္စလမ်အဖွဲ့တွေရဲ့ သဘောမတူတဲ့ သဘောထားတွေကို ဖော်ပြသင့်တယ်။ ရေးသင့်တယ်။ တဖက်တည်းမရေးသင့်ဘူး”ဟု ဦးရဲနောင်သိန်းက ဆိုသည်။
ရခိုင်ပြည်နယ်နှင့် မိထီ္တလာတွင် ဖြစ်ပွားခဲ့သော ဘာသာရေးနှင့်လူမျိုးရေးပဋိပက္ခများကြောင့် လူသေဆုံးမှုများရှိနေပြီး အစိုးရက အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ ထိန်းသိမ်းမှုများ လုပ်ဆောင်နေရဆဲဖြစ်သည်။