မြန်မာနိုင်ငံ အရှေ့ပိုင်းမှ ၀ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသို့ တရုတ်နိုင်ငံက တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ရောင်းချခဲ့သည်ဟု ၀ အဖွဲ့နှင့် မြန်မာအစိုးရ သတင်းရင်းမြစ်များကို ကိုးကား၍ Jane’s Intelligence Review က ဆိုသော်လည်း ၀ အဖွဲ့က ဧရာဝတီသို့ ယင်းသတင်း မဟုတ်မှန်ကြောင်း အခိုင်အမာ ပြောကြားသည်။
သို့သော်လည်း မြန်မာအစိုးရတပ်များက ရှမ်းပြည်နယ်တွင်းရှိ လက်နက်ကိုင်များကို ထိုးစစ်မြှင့်တင်နေခဲ့ခြင်းကဲ့သို့ ရွှေတြိဂံ ဒေသမှ ကုန်သွယ်ရေးလမ်းကြောင်းများနှင့် သဘာဝအရင်းအမြစ်များကို ထိန်းချုပ်နိုင်ရန် တိုက်ခိုက်လာသော တိုက်ပွဲများသည် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံကြားဆက်ဆံရေး အတွက် စမ်းသပ်ချက်တခု ဖြစ်လာဖွယ်ရှိသည်။
Jane’s Intelligence Review က TY 90 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်လက်နက် တပ်ဆင်ထားသည့် Mi-17 အမျိုးအစား အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်အမြောက်အများကို ဖေဖော်ဝါရီ လကုန်ပိုင်းနှင့် မတ်လဆန်းအတွင်းတွင် ၀ သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သို့ တရုတ်တို့က ပေးအပ်ခဲ့ကြောင်း ရေးသားခဲ့သည်။ တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို မြန်မာအစိုးရတပ်များနှင့် တားဆီးရာတွင် (UWSA)က အသုံးချရန်ဖြစ်သည်ဟုလည်း ဆိုသည်။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထဲတွင် အင်အား အတောင့်တင်းဆုံးဖြစ်သော ၀ အဖွဲ့တွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် တပ်သား ၂၀၀၀၀ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။
သို့သော်လည်း ၀ သတင်းရင်းမြစ်နှစ်ခုက တရုတ်ထံမှ ရဟတ်ယာဉ်များဝယ်ယူခဲ့သည့် သတင်းကို ငြင်းဆိုကြသည်။ “ဒီသတင်းက မမှန်ဘူးလို့ ကျနော်တို့ယူဆပါတယ်၊ ဒါက လုပ်ကြံထားတာသက်သက်ပါ၊ ဒီ ရဟတ်ယာဉ်တွေကို ကျနော်တို့ထဲမှာ ဘယ်သူကမောင်းနိုင်မှာလဲ” ဟု (UWSA) မှပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က တရုတ်မြန်မာနယ်စပ် ၀ အမာခံ တပ်စခန်းမှနေ၍ ဧရာဝတီသို့ တယ်လီဖုန်းမှ တဆင့်ပြောပြသည်။ ရှမ်းပြည်နယ် အတွင်းမှ ၀ အဆင့်မြင့်အရာရှိများကလည်း ထိုသတင်းကို ငြင်းဆိုကြသည်။
ထို့အတူပင် ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံသံရုံးကလည်း Jane’s Intelligence Review ၏ သတင်းကို နောက်တရက်တွင် ချေပ ပြောဆိုခဲ့သည်။ သံရုံး၏ ထုတ်ပြန်ချက်တွင် “တာဝန်ရှိနိုင်ငံတနိုင်ငံ အနေနဲ့ရော လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ ဝင် အနေနဲ့ပါ ကုလသမဂ္ဂရဲ့ လက်နက်ရောင်းချမှုဆိုင်ရာ ဥပဒေတွေကို တိတိကျကျ လိုက်နာပါတယ်။ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့လည်း အလွန်တင်းကြပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ထားပါတယ်” ဟုဖေါ်ပြထားသည်။ “မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းကောင်း၊ စစ်မှန်တဲ့ မိတ်ဆွေအယောက်အနေနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံတွင်းက ပါတီများ၊ အဖွဲ့အစည်းများနဲ့ ဘယ်လို တရားမဝင် ဆက်သွယ်ခြင်းမျိုးကိုမှ လုပ်မှာမဟုတ်ပါဘူး” ဟု တရုတ်သံရုံးကဆိုသည်။
မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာရခြင်းသည် အစိုးရဖက်က နယ်မြေကို အပြည့်အ၀ ထိန်းချုပ်လိုပြီး အနာဂတ်ကာလတွင် ၀ တပ်ဖွဲ့များကို တိုက်ခိုက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်နေခြင်းဟု ခန့်မှန်းပြော ဆိုမှုများလည်း ရှိနေသည်။
(UWSA) မှဦးအောင်မြင့်က ယခုလို တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နေချိန်၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်နေစဉ်တွင် ရှမ်းပြည်နယ်တွင် တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာခြင်းသည် ကောင်းသော အလားအလာ မဟုတ်ကြောင်း ပြောသည်။
“ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းနေချိန်မှာ တိုက်တဲ့ခိုက်တဲ့ အသံတွေထွက်လာတော့ မကောင်းဘူးပေါ့ဗျာ” ဟု သူကဆိုသည်။
၀ သွေးစည်းညီညွတ်ရေးတပ်မတော် သည် မြန်မာအစိုးရနှင့် ၁၉၈၉ခုနှစ်တွင် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်လည်း ပြီးခဲ့သော လများအတွင်းတွင် ၎င်းတို့ အိမ်နီးချင်း ကချင်နှင့် ရှမ်းလက်နက် ကိုင်တပ်ဖွဲ့များနှင့် အစိုးရကြားတွင် ပဋိပက္ခများ သိသိသာသာဖြစ်ပေါ်လာနေခဲ့သည်။
ငြင်းပယ်မှုများ ရှိနေသော်လည်း မြန်မာ့အရေး ကျွမ်းကျင်သူတဦးဖြစ်သည့် Bertil Lintner ကမူ ရဟတ်ယာဉ် အရောင်း အဝယ်ကိစ္စသည် အမှန်တကယ ်ဖြစ်နိုင်ကြောင်း ပြောဆိုသည်။ အစိုးရတပ်ဖွဲ့များက သံလွင်မြစ် အနောက်ဖက်ကမ်းရှိ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA –North) ၏ တောင်ကုန်းထူထပ်သော နေရာမှ စစ်စခန်းများကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေခြင်းသည် နောက်ဆုံးတွင် ၀ တပ်ဖွဲ့များကို တိုက်ခိုက်ရန်ဖြစ်ကြောင်း သူကပြောသည်။
အခြားသော ကျွမ်းကျင်သူတယောက်ကလည်း (UWSA) ကိုတိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် အစိုးရတပ်ဖွဲ့များ နေရာ ယူနေသည် ဆိုခြင်းကို ထောက်ခံပြောဆိုသည်။
“မြန်မာ အစိုးရက ရှမ်းအဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးကတည်းက သူ့တပ်တွေကို တခုမှ ဖယ်မသွားဘူး။ အင်အားဖြည့်တင်းတာတွေကိုတောင် ပိုလုပ်လာတယ်၊ ဒါကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ဒီတော့ ၀ ဖက်ကလည်း ဖြစ်လာနိုင်စရာရှိတဲ့ စစ်ပွဲအတွက် ပြင်ဆင်ရတော့တာပေါ့” ဟု တရုတ်မြန်မာ နယ်စပ်အခြေစိုက် စစ်ရေး လေ့လာသူ တဦးဖြစ်သော ဦးအောင်ကျော်ဇောက ဆိုသည်။
Yale Global အွန်လိုင်း မဂ္ဂဇင်းတွင် Bertil Lintner က“ တရုတ်က နောက်ထပ်စစ်ပွဲတခုကို မလိုလားပါဘူး။ (UWSA) ဆီမှာ လက်နက်ကောင်းတွေ ပိုင်ဆိုင်နိုင်အောင် ကူညီပေးတာဟာ ငါတို့ကို မညစ်နဲ့လို့ နေပြည်တော် အစိုးရကို ပြင်းပြင်းထန်ထန် သတိပေးနေခြင်းတမျိုးပါပဲ” ဟု မတ်လ အတွင်းက ရေးသားခဲ့သည်။
ဧပြီလ တလလုံး မြန်မာအစိုးရတပ်များသည် ဗျူဟာမြောက် အရေးပါသည့် သံလွင်မြစ် အနောက်ဖက်ကမ်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့သည်။ သံလွင်မြစ်သည် တိဘက် ကုန်းမြေမြင့်တွင် မြစ်ဖျားခံကာ ကပ္ပလီပင်လယ် အတွင်းသို့စီးဝင်သည်။ ရှမ်းပြည်နယ်အတွင်းရှိ သံလွင်မြစ်၏ အရှေ့ဖက် ကမ်းတွင် ၀ တပ်ဖွဲ့များ ထိန်းချုပ်နေရာ ယူထားသည်။
ဧပြီလဆန်းပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား မိမိတို့တပ်စွဲထားသည့်နေရာများမှ ဖယ်ရှားပေးရန်နှင့် မဖယ်ရှားပါက နောက်ဆက်တွဲအဖြစ်များနှင့် ရင်ဆိုင်ရလိမ့်မည်ဟု အစိုးရစစ်တပ်က ရာဇသံတရပ် ပေးပို့ခဲ့သည်။ ရှမ်းတပ်ဖွဲ့ များက ရာဇသံကို ပယ်ချလိုက်ကြသည့်အခါ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာတော့သည်။
လွန်ခဲ့သောအပတ်က ရှမ်းပြည်နယ်အတွင်းမှ အစိုးရ စစ်စခန်းများသို့ စစ်ကူများပေးပို့ကာ အင်အားဖြည့်တင်းခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၏ အကြီးဆုံးမြို့ဖြစ်သော လားရှိုးမြို့ အပါအဝင်ဖြစ်သည်။ တင်းမာမှုများ မြင့်တက်လာနေကြောင်း သူ၏ အမည်ကို ဖော်ပြခြင်းမပြုရန် တောင်းဆိုခဲ့သော သတင်း ရင်းမြစ်တခုက ပြောသည်။ ရှေ့တန်းရှိ ခြေမြန်တပ်ရင်းများအတွက် အရံအဖြစ် ထောက်ပံ့ရေးပစ္စည်းများနှင့် လက်နက်ခဲယမ်းများ လည်း ရောက်ရှိနေကြောင်း သူကဆိုသည်။
ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့သော လေ့လာဆန်းစစ်သူ အမြောက်အများကလည်း အစိုးရတပ်များ သံလွင်မြစ် အနောက်ဖက်ကမ်းရှိ အချက်အချာကျသော စခန်း ၄ ခုကို သိမ်းပိုက်လို၍ဖြစ်ကြောင်း ပြောသည်။ ထိုစခန်းများ သည် UWSA ၏ ဆက်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်ရန် အရေးပါသောနေရာများ ဖြစ်ကြသည်။ အထိအခိုက်မခံနိုင်သော အခြေအနေဖြစ်နေသည့် အတွက် ၎င်းတို့၏ အမည်များကို ထုတ်ဖေါ်ရေးသားခြင်း မပြုရန်သူတို့ဆန္ဒ ရှိကြောင်းလည်း ပြောသည်။
ရှမ်းပြည်နယ်မှ သံလွင်မြစ်ကို ထိန်းချုပ်နိုင်ရန်အတွက် အစိုးရအနေဖြင့် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် စသည့် မဟာမိတ်အဖွဲ့ များနှင့် ရင်ဆိုင်တိုက်ခိုက်ရန် ရှိနေသည်။ ထိုအဖွဲ့အားလုံးသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရေးရှင်း ကောင်စီ (UNFC) ၏ အဖွဲ့ဝင်များဖြစ်ကြသည်။
UNFC မဟာမိတ်များက သံလွင်မြစ် အနောက်ဖက်ခြမ်းကို ထိန်းချုပ်ထားသလို အရှေ့ဖက်ကမ်းကိုလည်း ၀ အဖွဲ့က ပိုင်ပိုင်နိုင်နိုင် စိုးမိုးထားနိုင်သည်။ သံလွင်မြစ်ကမ်းဘေးမှ SSA (North) ၏ တပ်စခန်းများကို သိမ်းပိုက်လိုက်နိုင်လျှင် ၀ နယ်မြေကို ဝင်ရောက်တိုက်ခိုက်ရန်အတွက် ခြေကုပ်စခန်းများ ရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် နည်းဗျူဟာအရ အလွန်အရေးပါသော ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် ရေနံပိုက်လိုင်းနှင့် သံလွင်မြစ်ပေါ်တွင် တရုတ် ကျောထောက်နောက်ခံဖြင့် ဆောက်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းကိုလည်း ကာကွယ်ပေးပြီးသား ဖြစ်သွားနိုင်သည်။ ယခု စစ်ပွဲသည် တရုတ်နိုင်ငံအတွက် လောင်းကြေးတခုဖြစ်သည်။
“UWSA က ရဟတ်ယာဉ်တွေ သုံးမယ်ဆိုတာ မဖြစ်နိုင်ပါဘူး၊ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာလည်း နားလည်မှု လွဲမှားတာတွေကြောင့်ပါ၊ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ တိုင်းရင်းသားလူမျိုးစု အုပ်စုတွေနဲ့ ပြောဆိုဆွေးနွေးဖို့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ အရမ်းစိတ်ဝင်စားကြပါတယ်” ဟု KIA ခေါင်းဆောင်ဟောင်းတဦးဖြစ်သူ ဒေါက်တာတူးဂျာက ပြောသည်။
ယမန်နှစ်ကလည်း UWSA သို့ တရုတ်နိုင်ငံက ဝေဟင်ပစ်ဒုံးကျည်များနှင့် တင့်ကား၁၂စီး အပါအဝင် လက်နက်များ ရောင်းချပေးပို့ခဲ့ကြောင်း Jane’s Intelligence Review က စွပ်စွဲခြင်းများရှိခဲ့သည်။ တရုတ်နိုင်ငံက မဟုတ်မှန်ကြောင်း ဇန်နဝါရီ လတွင်ငြင်းဆန်ခဲ့သည်။ Jane’s Intelligence Review ၏ အဆိုအရ တရုတ်နိုင်ငံသည် ၂၀၁၂ နှစ်လယ်ပိုင်းတွင် ၎င်းနိုင်ငံထုတ် PTL02 ဘီးတပ်တင့်ကားများ UWSA သို့ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
ဧပရယ်လဆန်းပိုင်းက အစိုးရတပ်ဖွဲ့များနှင့် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းတို့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ကိုချိုးဖောက်ကာ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့သည့် တန့်ယန်းမြို့နယ်တွင် နောက်ထပ်တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်သည်ဟု လေ့လာစောင့်ကြည့်သူများက ယုံကြည်နေကြသည်။
KIA တပ်မ (၄) နှင့် တပ်မ(၈) တို့နှင့် မြန်မာအစိုးရတပ်များကြား ဖြစ်ပွားနေသည့် တိုက်ပွဲများက အရှိန်မြင့်တက်လာနေ ကြောင်း သတင်းများက ဆိုသည်။ တိုက်ပွဲများကြောင့် မိမိတို့နေရပ်ကို စွန့်ခွာရှောင်တိမ်းနေကြရသည့် အရပ်သားများ အတွက် စိုးရိမ်စရာ အခြေအနေများလည်း ရှိနေကြာင်း ဒေသခံ သတင်းရင်းမြစ်များက ဧရာဝတီကို ပြောပြသည်။
ထွက်ပြေးတိမ်းရှောင်နေရသူ အရေအတွက်မှာ ဧပြီ လဆန်းအထိ တထောင်ကျော်ရှိပြီး အခုအခါတွင် ယောက်ျား ဒါဇင် အနည်းငယ်ခန့် နေရပ်သို့ ပြန်သွားကြပြီဟု သိရသည်။ ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ရှမ်းစာနယ်ဇင်းများက ၎င်းတို့၏ ယာမြေနှင့် စိုက်ခင်းများ လုပ်ကိုင်နိုင်ရန်အတွက် စွန့်စားပြီး ပြန်သွားကြခြင်းဖြစ်သည်ဟု ပြောပြသည်။
မြန်မာအစိုးရနှင့် ကချင်လက်နက်ကိုင် အဖွဲ့များကြား ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးခြင်းများလည်း ယခုလအတွင်းတွင် ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ရသည်။ သို့သော်လည်း တရုတ်နိုင်ငံက ကမကထပြုပေးခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ နှင့် ကွာခြားချက်များ ရှိလာနိုင်သည်။ ဆွေးနွေးပွဲများသို့ နိုင်ငံတကာမှ လေ့လာသူများ တက်ရောက်ခွင့်နှင့် ပတ်သက်၍ အငြင်းပွားခဲ့ရခြင်းကြောင့် အစိုးရနှင့် KIA ကို တရုတ်နိုင်ငံနှင့် ကွဲလွဲမှုများဖြစ်ပေါ်စေခဲ့သည်။
မြန်မာအစိုးရဖက်မှ ဦးဆောင်ညှိနှိုင်းသူ ဦးအောင်မင်းနှင့် ၎င်းဖွဲ့စည်းထားသော နိုင်ငံတကာအဆင့် အကြံပေးများ ပါဝင်သော မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တို့သည် ကချင်နှင့် မြန်မာအစိုးရကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြားခဲ့ရသည့် ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ KIA နှင့် ဆွေးနွေးမှု အကြိမ် တဒါဇင်ကျော်ကျော်ပြုလုပ်ခဲ့ရာတွင် တိုးတက်မှု အနည်းငယ်တော့ရှိခဲ့သည်။
“ကချင်ဖက်ကတော့ နောက်တကြိမ်ဆွေးနွေးဖို့ အတွက် ဦးအောင်မင်းရဲ့ဆုံးဖြတ်ချက်ကို စောင့်နေပါတယ်၊ ဒါပေမယ့် အခု လကုန်အထိတော့ ဘာသံမှ မကြားရသေးဘူး။ အားလုံးက တရုတ်အပေါ်မှာပဲ မူတည်ပါတယ်။ ကချင်ဖက်က နောက်လာ မယ့်ဆွေးနွေးပွဲတွေမှာ နိုင်ငံခြားလေ့လာသူတွေ ရှိစေချင်တယ်။ ဒါမှလည်း မှန်မှန်ကန်ကန် ဆွေးနွေးလို့ ရမယ်လေ၊ ဒါပေမယ့် တရုတ်က အဲဒါကိုပိတ်ပင်တယ်” ဟု KIA ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာက ပြောသည်။
“ ဦးအောင်မင်းခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ကော်မတီက နိုင်ငံတကာ လေ့လာသူတွေ လာဖို့ သဘောတူပါတယ် ပြောနေပေမယ့် အရင်က သူတို့လုပ်ခဲ့တာတွေကြောင့် မြန်မာအစိုးရကို ယုံကြည်နိုင်ဖို့ ခက်နေတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ကျနော် အရမ်းမျှော်လင့်ထားပါတယ်။ ဒါကြောင့် အနာဂတ်မှာ ကချင်နဲ့ အစိုးရအကြား နိုင်ငံရေးနည်းနဲ့ ပြောဆိုညှိနှိုင်းနိုင်ဖို့ ကျနော်တို့ ရှေ့ကိုထပ်တိုးနိုင်ပါလိမ့်မယ်” ဟု သူက ဆိုသည်။
ဦးအောင်မင်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ကာလရှည်ကြာ ငြိမ်းချမ်းရေးကို ရရှိနိုင်ရန် အမှန်တကယ် လုပ်ကိုင်နေသည် ဆိုသော်လည်း အစိုးရတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြားတွင် လက်တွေ့ဖြစ်ပေါ်နေသော အခြေအနေက ခြားနားသော ဇာတ်လမ်းတပုဒ်ကို ပြောပြနေသည်ဟု လေ့လာစောင့်ကြည့်သူများက ဆိုသည်။
သူရရှိခဲ့သော အပြင်ကို ပေါက်ကြားလာသည့် စစ်ဖက်ဆိုင်ရာ စာရွက်စာတမ်းများ အရ မြန်မာစစ်တပ်၏ ထိပ်တန်း ဦးစားပေးကိစ္စမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ရှင်းလင်းဖယ်ရှားရေးဖြစ်သည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။
နေပြည်တော်မှ စစ်ဖက်ဆိုင်ရာ သတင်းရပ်ကွက်၏ အဆိုအရလည်း ဗိုလ်ချုပ်မှူးကြီးရာထူးကို မကြာသေးခင်ကမှ ရရှိခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အစီအစဉ်မှာ UWSA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ချေမှုန်းရှင်းလင်းပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများကို ထိန်းချုပ်နိုင်ရေး ဖြစ်သည်ဟု သိရသည်။
တရုတ်-မြန်မာ နယ်စပ်အရေးကား အကိုင်အတွယ် မညက်လျှင် အချိန်မရွေး သေနတ် ပေါက်ကာ ပြည်တွင်းစစ်မီး ပြန်တောက်နိုင်သော လက်နက်အသင့် ငြိမ်းချမ်းရေးခေတ်ဟုပင် ဆိုရပေတော့မည်။
(Daniel Pye နှင့် Saw Yan Naing တို့ ရေးသားသော Wa Rebels Caught Up in Regional Chess Match ကို ဆီလျော်အောင် နိုင်မင်းသွင်က ဘာသာပြန်ဆိုသည်)