စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်ရှိ ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့အော်ဝဲလ်နေထိုင်ခဲ့ရာ ကိုလိုနီခေတ် အဆောက်အဦးကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များထံမှ သတင်းရရှိသည်။
ဂျော့အော်ဝဲလ်၏ နေအိမ်သည် နှစ်ပေါင်းများစွာ လျစ်လျူရှုထားခြင်းခံခဲ့ရရာမှ ပြီးခဲ့သည့် ဧပြီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး လာရောက် လည်ပတ်ခဲ့ပြီးနောက် ပြုပြင်ထိန်းသိမ်းရန် မှာကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခုလောလောဆယ်ကတော့ အချက်အလက်တွေ စပြီး စုဆောင်းနေပါပြီ။ ကသာက မြို့မိ မြို့ဖ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တိုင်ပင်ဖို့ စီစဉ်ထားပါတယ်။ ကသာကို ရောက်လာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကိုလည်း ကျနော်တို့ ကိုယ်တိုင် ဒီကို လာကြည့်ရတာ အဆင်ပြေအောင် ကူညီပေးနေပါပြီ” ဟု ကသာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်က ဧရာဝတီကို ပြောသည်။ ရှေးမူမပျက် ထိန်းသိမ်းမှု လုပ်ငန်းကို ယခုနှစ်အတွင်း ပြီးစီးအောင် ပြုလုပ်နိုင်မည်ဟု ခန့်မှန်းကြောင်း ၎င်းက ဆိုသည်။
ဂျော့အော်ဝဲလ်သည် သူ၏ Burmese Days အမည်ရှိ ဝတ္ထုတွင် ကသာမြို့ကို ကျောက်တံတားမြို့အဖြစ် စိတ်ကူးယဉ်ဖန်တီးထားကာ သူ၏ နေအိမ်၊ British Club နှင့်Tennis Court တို့ကို ဝတ္ထု၏ အဓိက ဇာတ်ဝင်ခန်းနေရာများအဖြစ် ထည့်သွင်းရေးသားထားသည်။ Burmese Days ဝတ္ထုသည် ကိုလိုနီခေတ်အတွင်း ကိုလိုနီပြုခံ မြန်မာနိုင်ငံသားများ၏ နုံချာမှု၊ ကိုလိုနီစနစ်ကို အထောက်အကူ ပြုနေရသူ အနောက်တိုင်းသား မျက်နှာဖြူတို့၏ အထီးကျန်မှု၊ အနောက်တိုင်းသားတို့၏ အရှေ့တိုင်းဒေသခံတို့အပေါ် ခွဲခြားဆက်ဆံမှုတို့ကို ပွင့်လင်းထင်သာစွာ ရေးသားထားသည်။
“British Club နဲ့ Tennis Court ကတော့ ပြန်ထိန်းသိမ်းမယ့်ထဲ မပါသေးဘူး။ ခုလောလောဆယ် အော်ဝဲလ်အိမ်ကိုပဲ လုပ်မယ်လို့ ကြားတယ်။ နောက်ပြီးတော့ စစ်သချိုင်းကလည်း အခုဆိုရင် လူနေရပ်ကွက်ထဲ ရောက်နေတော့ အဲဒါကိုလည်း ဒီအော်ဝဲလ်ခြံထဲကို ပြန်ရွှေ့ပေးရင် ပိုကောင်းသွားမယ်လို့ ထင်တယ်” ဟု ကသာမြို့ ဒေသခံ ကာတွန်းဆရာ ကိုညိုကိုနိုင်က ဧရာဝတီကို ပြောသည်။
ကသာမြို့ ရပ်ကွက် ၄ တွင် တည်ရှိသည့် ဂျော့အော်ဝဲလ်၏ နေအိမ်နှင့် ခြံဝန်းသည် ဆယ်စုနှစ်အတော်ကြာ လျစ်လျူရှုထားမှုကြောင့် ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်လျှက်ရှိကာ နေအိမ်မှာလည်း ကသာမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းမိသားစု ၂ စုကို နေထိုင်ခွင့် ပေးထားသဖြင့် လူနေဖြစ်ရုံမျှသာ ရှင်းလင်းထားသည်။ အိမ်တွင်းရှိ မီးလင်းဖိုနှင့် လှေကားလက်ရမ်းများမှာ ဖုန်အလိမ်းလိမ်းနှင့် အိမ်ပေါ်ထပ် လသာဆောင်များမှာလည်း ရွဲ့စောင်း ယိုင်နဲ့နေသည်။ အိမ်နံရံကို နွယ်ပင်များ တွယ်တက်ကာ အိမ်ဘေးပတ်ဝန်းကျင်မှာလည်း သက်ကယ်ပင်၊ မြက်ရိုင်းပင်များ တိုးမပေါက်အောင် ပေါက်လျှက်ရှိသည်။
“ကျမတို့ သင်္ဘောခရီးစဉ်တွေကို ရွေးချယ်တဲ့ ဧည့်သည် ၁၀၀ ရာခိုင်နှုန်းဟာ ဒီအိမ်ကြီးကို ကြည့်ချင်လို့ ဒီခရီးစဉ်ကို ရွေးတာ ဖြစ်ပါတယ်။ ဂျော့အော်ဝဲလ်အိမ်ကို ပိုင်ဆိုင်တဲ့ ဌာန၊ အဲဒီဌာနကို ကျမတို့ ဝင်ကြေးပေးချင်တယ်။ ရတဲ့ ဝင်ကြေးနဲ့ အိမ်ကို ရှေးမူ လက်ရာမပျက် ထိန်းစေချင်တယ်။ ထိန်းသိမ်းလို့ ရတယ်။ အခုက ဝန်ထမ်းတွေ နေတဲ့ အိမ်သာသာပဲ ရှိတယ်။ တင်းနစ်ကုတ်၊ ကလပ်၊ အိမ်တွေကို ရှေးမူမပျက်ဘဲနဲ့ နိုင်ငံခြားသားတွေကို သေသေချာချာ သန့်သန့်ရှင်းရှင်း ဝင်ကြေး အတိုင်းအတာ တခုထိ ကောက်ယူ စေချင်တယ်”” ဟု ဧရာဝတီမြစ်တွင်း သင်္ဘောခရီးစဉ်များ စီစဉ်သည့် ဧရာဝတီ မင်းသမီးမှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်တင့်တင့်လွင်က ဧရာဝတီကို ပြောသည်။
၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း ဂျော့အော်ဝဲလ်၏ နေအိမ်နှင့် ခြံဝင်းကို စီးပွားရေးလုပ်ငန်းရှင်အချို့မှ စကိတ်ကွင်းပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ၂၀၁၃ ဧပြီလတွင် ရှေးမူမပျက် ထိန်းသိမ်းရန် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးမှ နှုတ်ဖြင့် မှာကြားသွားခြင်းဖြစ်ကြောင်း သိရသည်။ ဝတ္ထုဇာတ်လမ်းတွင် ပါဝင်သည့် British Club သည်လည်း ကသာမြို့နယ် သမဝါယမ အသင်းစုရုံးအဖြစ် အသုံးပြုခြင်းခံနေရသည်။
ကမ္ဘာကျော် ဝတ္ထုကြီးများဖြစ်သည့် 1984, Animal Farm စသည်တို့ကို ရေးသားဖန်တီးခဲ့သည့် စာရေးဆရာကြီး ဂျော့ဂျ် အော်ဝဲလ်သည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကသာမြို့သို့ ၁၉၂၆ ခုနှစ်တွင် အိန္ဒိယ ပဋိညာဉ်ခံ ပုလိပ်အဖြစ် ရောက်ရှိလာခဲ့ပြီး Burmese Days ဝတ္ထုကို ရေးသားခဲ့ခြင်းဖြစ်သည်။