မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဝင်ရောက် လာမှုနှင့်အတူ ပြည်တွင်းအလုပ်အကိုင်များ တိုးပွားလာသော်လည်း နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသော မြန်မာ အလုပ်သမား အရေအတွက် ဆက်လက်များပြားနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
ဥရောပသမဂ္ဂက စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းလိုက်ပြီး အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုအချို့ ဖြေလျော့ထားချိန် ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာကာ အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေါ်ထွန်းလာကြောင်း၊ ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ပေါ်ပေါက်လာချိန် ပြည်ပရောက် မြန်မာအလုပ်သမားများ လုပ်ငန်းခွင် အဆင်မပြေမှုများ ကြုံတွေ့ရ သည်ဆိုသော ဖြစ်စဉ်များလည်း မကြာခဏ ဆိုသလို ဖြစ်ပွားနေကြောင်း၊ သို့ရာတွင် နိုင်ငံရပ်ခြား သွားရောက်အလုပ်လုပ်လိုသော မြန်မာအလုပ်သမား အရေအတွက် လျော့ကျသွားခြင်းမရှိဘဲ များပြားနေဆဲဖြစ်ပြီး ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ အလုပ်ဖြစ်နေဆဲဖြစ်ကြောင်း သိရှိရသည်။
ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာရာတွင် အထူးသဖြင့် အထည်ချုပ်စက်ရုံအမြောက်အမြား အပြိုင်အဆိုင် ပေါ်ထွက်နေပြီး အထည်ချုပ်အလုပ်ရုံများတွင် အလုပ်သမား ထောင်ချီ ခေါ်ယူမှုရှိနေကြောင်း ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများထံမှ သိရှိရသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုလိုင်စင်ရရှိထားသော Royal Four Sea ပြည်ပအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီ ၏ ဥက္ကဋ္ဌ ဦးစိန်လှက-“ဒီမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုများ လာတဲ့အတွက် ပြည်ပထွက်ပြီး အလုပ်လုပ်တာတွေ နည်းသွားတယ်ဆိုတော့ မြန်မာနိုင်ငံမှာက ရွေးစရာအလုပ်က ဘာရှိလို့လဲ ဟုတ်တယ်မဟုတ်လား၊ အပြင်မှာ သတင်းထွက်နေသလိုမျိုးမဟုတ်ဘူး။ အားလုံးက အရင်လို ပုံမှန်ပါပဲ”ဟု ပြောသည်။
ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်များပြားလားသော်လည်း ပြည်ပအလုပ်အကိုင်များကဲ့သို့ လစာမရ နိုင်ကြောင်း၊ ထို့ကြောင့် လစာများပြားသော ပြည်ပအလုပ်အကိုင်ကို စိတ်ဝင်စားမှုမြင့်မားနေခြင်းဖြစ်ပြီး အထူးသဖြင့် နယ်ဒေသများမှ မြန်မာ အလုပ်သမားများမှာ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကြကြောင်း ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တာဝန်ရှိသူများက ဆိုကြသည်။
“များသောအားဖြင့်ကတော့ နယ်ကလူတွေက ပြည်ပမှာ အလုပ်သွားလုပ်တာ ပိုများတယ်။ မြို့ကလူတွေလည်း သွားပြီး အလုပ် လုပ်ကြပါတယ်။ ဒါပေမယ့် နယ်က လူတွေက ပိုများတယ်၊ အခုနောက်ပိုင်းမှာကတော့ ဈေးကွက် ပိုပြီး ကျယ်ပြန့် လာတယ်လို့ ပြောလို့ရတဲ့ အခြေအနေဖြစ်နေတဲ့အပြင် ကျနော်တို့လို ပြည်ပ အလုပ်အကိုင်အေဂျင်စီတွေကလည်း ပိုများ လာတဲ့အတွက် အရင်ကလောက် လူသိပ်မရတော့ဘူးပေါ့”ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတခုဖြစ်သော United General ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးအောင်ဆန်းလှက ပြောသည်။
ပြည်ပအလုပ်အကိုင်ဈေးကွက်တွင် မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ အလုပ်သမားများ ခေါ်ယူနေပြီး အထူးသဖြင့် လတ်တလောအခြေအနေတွင် ထိုင်းနိုင်ငံသို့ အလုပ် သွားရောက်လုပ်ကိုင်မှု မြင့်မားလျက်ရှိကြောင်း၊ အလုပ်အကိုင်များမှာ စက်ရုံအလုပ်ရုံများနှင့် ဆောက်လုပ်ရေး လုပ်ငန်းတွင် လုပ် ကိုင်ရခြင်း ဖြစ်ပြီး ငွေကြေးအနည်းငယ် တတ်နိုင်သူများက စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြပြီး ငွေကြေး မတတ်နိုင်သူများက ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြကြောင်း သိရှိရသည်။
ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများသည် မြန်မာလုပ်သားများကို ပြည်ပနိုင်ငံများသို့ ပို့ဆောင်ပေးရာတွင် အေဂျင်စီဝန်ဆောင်ခကို အစိုးရသတ်မှတ်ထားသည့်နှုန်းထားအတိုင်းသာ တောင်းခံရကြောင်း သိရှိရသည်။
“အလုပ်သမားဝန်ကြီးဌာနက ချမှတ်ထားတဲ့ ပေါ်လစီတွေ၊ ဈေးကွက်တွေက ရှင်းရှင်းပြောရရင် များလာတော့ အရင်လို တခါစား ပုံစံမျိုးနဲ့ အေဂျင်စီဝန်ဆောင်ခတွေ တောင်းလို့မရဘူး။ ဝန်ဆောင်ခကို အလုပ်သမားရဲ့ လုပ်ခ ၄ လစာထက် မပိုဖို့ ချမှတ်ပေး ထားတယ်။ ဒီတော့ အေဂျင်စီဝန်ဆောင်ခကတော့ ပုံမှန်ပါပဲ။ လေယာဉ်စရိတ်နဲ့ ခရီးစရိတ်ကတော့ သူတို့သွားတဲ့ နိုင်ငံ ပေါ်ကိုလိုက်ပြီး အနည်းနဲ့ အများ ရှိတယ်”ဟု ဦးအောင်ဆန်းလှက ရှင်းပြသည်။
ပြည်ပအလုပ်အကိုင် အေဂျင်စီဝန်ဆောင်ခများအနေဖြင့် စင်ကာပူနိုင်ငံသို့သွားရောက်မည်ဆိုပါက အလုပ်သမားတဦးအတွက် အေဂျင်စီ ဝန်ဆောင်ခသည် စင်ကာပူဒေါ်လာ ၃၅၀၀ နှင့် ၄၀၀၀ ကြားတွင် ရှိပြီး မလေးရှားနိုင်ငံ သို့သွားမည်ဆိုပါက လေယာဉ်လက်မှတ်အပါအဝင် အေဂျင်စီဝန်ဆောင်ခ ၈ သိန်းခွဲခန့်ရှိကြောင်း၊ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည်ဆိုပါက အေဂျင်စီဝန်ဆောင်ခ ငွေကျပ် ၃ သိန်းဝန်းကျင်သာ ကျသင့် ကြောင်း သိရှိရသည်။
ကာတာ၊ ဒူဘိုင်း အပါအဝင် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများမှ အလုပ်အကိုင်ခေါ်ယူရာတွင်မူ အရည်အချင်း သတ်မှတ်ချက်များရှိပြီး မြန်မာအလုပ်သမားအများစုမှာ အင်္ဂလိပ်စာ ကျွမ်းကျင်မှုမရှိသည့်အတွက် အလုပ်အကိုင် ရရှိမှုနည်းပါးသည်ဟု ပြည်ပအလုပ်အကိုင်ဈေးကွက်အတွင်းမှ သိရှိရသည်။
“ဒူဘိုင်းကနေ အလုပ်ခေါ် တဲ့ကုမ္ပဏီတွေ အများကြီးရှိတယ်။ အရည်အချင်း မမှီလို့ ပို့လို့မရတဲ့ သူတွေများနေတာ။ ဒူဘိုင်း သွားချင်တယ်ဆိုရင် အင်္ဂလိပ်စာ ကျွမ်းကျင်ရမယ်။ အတွေ့အကြုံ ရှိရမယ်။ မြန်မာနိုင်ငံက ဒူဘိုင်းကို သွားချင်သူတွေ ကြတော့ ဟိုဘက်ကလိုချင် အရည်အချင်းကို မမှီတဲ့သူတွေ များတယ်”ဟု Royal Four Sea ကုမ္ပဏီမှ ဦးစိန်လှက ဆိုသည်။
လတ်တလော မလေးရှားနိုင်ငံက နိုင်ငံခြားသားအလုပ်သမားခေါ်ယူမှုကို ဆိုင်းငံ့ထားသဖြင့် မလေးရှားမှ အလုပ်ခေါ်ယူမှု ရပ်တန့်နေကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများက ဆိုသည်။
အစိုးရ၏ ထုတ်ပြန်ချက်များအရ မြန်မာအလုပ်သမား အများဆုံးသွားရောက်အလုပ်လုပ်ကိုင်နေသည့် နိုင်ငံများတွင် မလေးရှား နှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်သမားအရေအတွက် တသန်းကျော်ရှိကြောင်း၊ အစိုးရခွင့်ပြုထားသော လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီ စုစုပေါင်း ၁၆၀ ရှိကြောင်းသိရှိရသည်။