အစိုးရက ပထမဆုံးအကြိမ် အဖြစ် နိုင်ငံတဝန်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ငွေကျပ် သန်း ၃၀၀၀ ထောက်ပံ့ မည်ဖြစ်ကြောင်း သာသနာရေး ဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်းက ဧရာဝတီသို့ ပြောသည်။
အဆိုပါ ထောက်ပံ့မှုသည် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် အတွက်ဖြစ်ပြီး ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများတွင် ကျောင်းသား ကျောင်းသူများကို ပညာ သင်ကြားပေးနေသော ဆရာ၊ ဆရာမများကို လစာပေးရန် အစိုးရက ထောက်ပံ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“အစိုးရ ချထားပေးတဲ့ ဘတ်ဂျက် သန်း ၃၀၀၀ ကို သာသနာရေး ဝန်ကြီးဌာနက တဆင့် ပြည်နယ်နဲ့တိုင်းဒေသကြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ ပေးအပ်သွားမယ်။ ပြည်နယ်နှင့်တိုင်း ဒေသအလိုက်မှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို အဲဒီက ဆရာတော် တွေရဲ့ ကြီးကြပ်မှုနဲ့ ခွဲဝေပေးသွားမှာပါ။ နောက်နှစ်တွေမှာ ထောက်ပံမှုတွေ ဆက်ရှိ၊ မရှိတော့ မပြော တတ်ပါဘူး” ဟု ဦးစိုးမင်းထွန်းကဆိုသည်။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များအတွက် ထောက်ပံ့ငွေများကို လာမည့် ဇွန်လတွင် စတင်ချထားပေးမည်ဟု သာသနာရေး ဝန်ကြီးဌာနမှ သိရှိရသည်။
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အစိုးရက ပထမဆုံးအကြိမ် ထောက်ပံ့မှုပေးခြင်းအပေါ် ပညာရေး အသိုင်း အဝိုင်း နှင့်ဆရာတော် အချို့က ကြိုဆို လိုက်ကြသည်။
မန္တလေးတိုင်း ဒေသကြီးရှိ ဖော်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော် ဦးနာယက က “လောလောဆယ် ထောက်ပံ့ကြေးတွေမရသေးပါဘူး။ ဇွန်လမှရမယ်လို့ပြောတယ်။ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းတွေက ကိုယ်ထူ ကိုယ်ထ လုပ်နေရတာ ထောက်ပံတယ်ဆိုတော့ ဘုန်းကြီးတွေနည်းနည်း အသက်ရူ ချောင်သွား တာပေါ့။ နောက်နှစ်တွေ အတွက်လည်း ထောက်ပံတာမျိုးရှိစေချင်တယ်။ တပြည်လုံးက ကျောင်းတွေက အများကြီး ဆိုတော့ ထောက်ပံ့ကြေးက လုံလောက် ပါ့မလား မပြော တတ်ဘူး”ဟု ဆိုသည်။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ဆရာ၊ ဆရာမများ၏လစာမှာ ယေဘုယျအားဖြင့် မှုလတန်းအဆင့်တွင် ဆရာ၊ ဆရာမတဦး တလလျှင် ငွေကျပ် ၃၈၀၀၀ ၊ အလယ်တန်းအဆင့် ဆရာ၊ ဆရာမများ၏ လစာမှာ တလလျှင် ၄၅၀၀၀ ရှိပြီး အထက်တန်းအဆင့် ဆရာ၊ ဆရာမများ၏လစာမှာ တလလျှင် ၅၀၀၀၀ ကျပ် ဝန်းကျင်သုံးစွဲရကြောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများထံမှ စုံစမ်းသိရှိရသည်။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ဆရာ၊ ဆရာမများအတွက် လစာပေးရန် ကို ကုမ္ပဏီများနှင့် စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုကိုသာ အဓိက အားထားနေရကြာင်း သိရှိရသည်။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအတွက် အလှူငွေများ ထောက်ပံ့ပေးအပ်နေသော Shine Hope ကုမ္ပဏီမှ ပရဟိတတာဝန်ခံ ဦးဝင်းဆွေက“ကျနော်တို့ ကုမ္ပဏီက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို လှူဖို့ ၃နှစ်စာ ဘတ်ဂျက် လုပ်ထားတယ်။ ဒီတနှစ်ပဲ ကျန်တော့တယ်။ လှူတဲ့နေရာတွေ သွားကြည့်ပြီး ကိုယ့် ဘာသာကိုယ် မရပ်တည်နိုင်သေးတဲ့ ကျောင်းတွေကိုပဲ ဆက်လှူမယ်။ ရေရှည်မှာ ကျောင်းတွေ့ ကိုယ်ထူကိုယ်ထလုပ်ဆောင်ဖို့ကို ပိုအားပေးတယ်။ အခု အစိုးရက ကျောင်းတွေကို ထောက်ပံ့မယ်ဆိုတော့ ကျနော်တို့အလှူရှင်တွေအနေနဲ့ တခြား လိုအပ်တဲ့ နေရာတွေကို ထပ်ဖြည့်လှူလို့ရသွားတာပေါ့”ဟုဆိုသည်။
မြန်မာနိုင်ငံတွင် မူလတန်းပညာရေးသည် အခမဲ့ပညာရေးဖြစ်သော်လည်း ဝင်ငွေနည်းလူတန်းစာများနှင့် မိဘမဲ့ ကလေးအများစု ၏ ပညာရေးအတွက် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ ကို အားကိုးနေရဆဲဖြစ်ကြောင်း ပညာရေး ကျွမ်းကျင်သူ ပညာရှင်များက ပြောဆိုကြသည်။
တစ်နိုင်ငံလုံးတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စုစုပေါင်း ၁၅၇၉ကျောင်းရှိပြီး မူလတန်းအဆင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း တွင် ၁၁၃၆ ကျောင်း၊ မူလွန်ကျောင်း ၃၂၉ ကျောင်း၊ အလယ်တန်းကျောင်း ၁၁၂ ကျောင်း၊ အထက်တန်း ကျောင်း ၂ကျောင်းရှိသည် ဟုသာသနာရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရှိရသည်။