အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အမှန်တကယ် ဆန္ဒရှိပြီး လုပ်ဆောင်မည် ဆိုပါက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ မီကာဆာဟိုတယ်တွင် မေလ ၁၀ ရက်နေ့ ညနေပိုင်း သြစတြေးလျအခြေစိုက် ဆစ်ဒနီဥပဒေကျောင်းက ဦးစီးပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီသတင်းဌာန၏ မေးမြန်းချက်ကို ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
ဧရာဝတီသတင်းဌာနက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကြံ့ခိုင်ရေးပါတီနှင့် ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က အမှန်တကယ် ပြင်ဆင်မည်ဆိုပါက ပူးပေါင်း ဆောင်ရွက်မည်ဟု ပြောဆိုသည်။
“တကယ်ပဲ သူတို့ကလည်း ပြောင်းလဲချင်တယ်၊ အန်တီတို့ကလည်း ပြောင်းလဲချင်တယ်။ မပူးပေါင်းနိုင်စရာ အကြောင်း ဘာမှ မရှိဘူး။ ပူးပေါင်းပြီး လုပ်လို့ရပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြန်လည် သုံးသပ်ရေးကော်မတီဖွဲ့ဖို့ဆိုတာ အဲဒီပါတီကပဲ အဆိုတင်သွင်းပြီးတော့ အန်တီတို့က ဒီဟာကို ထောက်ခံတယ်။ အန်တီတို့က လူနည်းနည်းလေးပဲ။ အောက်လွှတ်တော်မှာဆိုရင် ၃၉ ယောက်ဆိုတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အဆို တင်သွင်းတာကို သဘောတူခဲ့တယ်။ အတည်ပြုခဲ့တယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက ပြန်လည်ပြီးတော့ စိစစ်ဖို့ လိုတယ် ဆိုတဲ့ အဓိပ္ပာယ်ကတော့ ပြောင်းလဲဖို့လိုတယ်ဆိုတဲ့ဟာကို လက်ခံတဲ့ အဓိပ္ပါယ် သက်ရောက်တယ် လို့ ဒီလိုပဲ ခံယူ ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
မည်သည့်အချက်များကို ပြုပြင်လိုကြောင်း အသေးစိတ် မပြောဆိုသော်လည်း ရှမ်းပြည်နယ်တွင် စစ်တပ်နှင့် ရှမ်းလက်နက်ကိုင် တိုက်ပွဲများဖြစ်ပေါ်နေခြင်းအပေါ် မည်သို့ မှတ်ချက်ပြုချင်ပါသနည်းဟု ဧရာဝတီသတင်းဌာနက ဆက်လက်မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းသည် ငြိမ်းချမ်းရေးရရှိရေးအတွက် လုပ်ငန်းစဉ်တခုဖြစ်ကြောင်း ပြောဆိုသည်။
“အဲဒါကတော့ အန်တီတို့နိုင်ငံမှာ ငြိမ်းချမ်းရေးရနိုင်တဲ့အခြေအနေရှိသလားပေါ့။ ငြိမ်းချမ်းရေးဆိုတာက တခါ အပစ်အခတ် ရပ်စဲရုံနဲ့မပြီးဘူး။ ငြိမ်းချမ်းရေးကို ဆက်လက်ပြီးတော့ ထိန်းသိမ်းထားဖို့ လိုတယ်။ ထိန်းသိမ်းထားနိုင်မယ့် ခြေလှမ်းတွေ အများကြီး လှမ်းဖို့လိုပါတယ်။ အဲဒါတွေ မလှမ်းရသေးလို့ စစ်ပွဲတွေဖြစ်နေတာပေါ့။ ရှမ်းပြည်နယ်မှာပဲဖြစ်ဖြစ် ကချင်ပြည်နယ်မှာပဲဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ် တကယ် တည်တံ့မယ့် ငြိမ်းချမ်းရေးရှိဖို့ဆိုရင် ခြေလှမ်းစရာတွေ အများကြီးရှိပါတယ်။ အဲဒီအထဲကမှ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးက ပါတယ်လို့ ထင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကမ္ဘာပေါ်တွင် ပြင်ဆင်ရန် အခက်အခဲဆုံးသော ဥပဒေတခုအဖြစ် ပညာရှင်များက မှတ်ချက်ပြုနေကြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်သော ပြဋ္ဌာန်းချက် နည်းလမ်း များကို ဦးစွာပြောင်းလဲရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လွှတ်တော်၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရန်လိုအပ်အပ်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမည်ဆိုသော အချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ခက်ခဲအောင်ပြုလုပ်ထားခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရမယ်လို့ မြင်တဲ့အချက်ထဲမှာ ပြုပြင်ပြောင်းလဲပုံ ပြောင်းလဲနည်းနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းဖို့လိုတယ်။ အခုဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြောင်းလဲဖို့ဆိုရင် အင်မတန်မှ ခက်ခဲပါတယ်။ ၂ လ ၃ လ လောက်တုန်းက ဆွေးနွေးပွဲတခုမှာဆိုရင် နိုင်ငံခြားက ဥပဒေပညာရှင်တဦးက သူ့အမြင်မှာ ကမ္ဘာပေါ်မှာ ပြုပြင်ပြောင်းလဲဖို့ အခက်ခဲဆုံးဥပဒေလို့ မြင်တဲ့အကြောင်းပြောသွားပါတယ်။ အခက်ခဲဆုံး ဥပဒေလို့တောင် ပြောသွားပါတယ်။ ဘယ်လိုပုံစံနဲ့ ပြုပြောင်းလဲဖို့ဆိုတာလည်း ကျမတို့ပြင်ဖို့လိုတယ်။ အဲဒါက စရမှာပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။
လတ်တလော နိုင်ငံရေးဆိုင်ရာ အစည်းအဝေးများတွင် တပူးတွဲတွဲ တွေ့လာနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာသေးမီက ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ရာထူးရလာခဲ့သော သူရဦးရွှေမန်းတို့အကြား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ၊ တစုံတရာ သဘောတူချက်များ ရှိနိုင်သည်ဟု ပြည်တွင်းနိုင်ငံရေး သုံးသပ်စောင့်ကြည့်သူများက ခန့်မှန်းနေကြသည်။
လက်ပံတောင်းအရေးနှင့်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ရပ်တည်ချက်သည် ဦးပိုင်ကို ဖေးဖေးမမ ကိုင်တွယ်ခဲ့သောကြောင့် တပ်မတော်၏ အကျိုးစီးပွား အကာအကွယ်ပေးခဲ့ရာရောက်သဖြင့် ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးတွင် တပ်မတော်၏ ထောက်ခံမှု ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တစုံတရာ ရနိုင်ကောင်းသည်ဟု သုံးသပ်ဝေဖန်မှုများလည်း ပေါ်ထွက်လျက်ရှိသည်။