ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ မုန်တိုင်း ဝင်နိုင်ချေနှင့် ပတ်သက်၍ အစိုးရမီဒီယာများ၏ သတင်း ထုတ်ပြန်ချက်များသည် အချိန်နှင့် တပြေးညီဖြစ်ရန် လိုအပ်နေကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောဆိုသည်။
“မိုးလေဝသ သတင်းတွေက နောက်ဆုံး ခန့်မှန်းချက်သတင်းတွေကို ထုတ်ပြန်ဖို့ နောက်ကျတယ်။ Update မဖြစ်ဘူး။ မနက် ၆ နာရီမှာ ခန့်မှန်းထားတဲ့ သတင်းကို ပြန်ကြားရေးကိုပို့ပြီး နေ့လယ် သတင်းကြေညာချိန်ကျမှ ပြန်ကိုးကား ဖော်ပြနေတာမျိုး ဖြစ်နေတယ်။ ဖြစ်နိုင်ရင် ၁ နာရီခြား တကြိမ်လောက် တိုက်ရိုက် ကြေညာပေးရမယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ်တွင် မြန်မာအသံမှ ရေဒီယို အသံထုတ်လွှင့်ချက်များ နားထောင်ရန် ခက်ခဲကြောင်း၊ လိုင်းမကောင်း သဖြင့် ကြည်လင်ပြတ်သားမှု မရှိကြောင်း ရခိုင်ပြည်နယ်တွင် သင်တန်းများ သွားရောက်ပို့ချလျှက် ရှိသည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူ တဦးက ဆိုသည်။
“ရေဒီယို နားထောင်ဖို့ ပြောထားပေမယ့် မြန်မာ့အသံကို ဖမ်းရတာခက်တယ်။ အသံက ဂျစ်ဂျစ် ဂျစ်ဂျစ်ဖြစ်ပြီး နားထောင်ရ ခက်တယ်။ ရခိုင်မှာတော့ ပဉ္စဝတီ FM တခုတည်း ရတယ်။ တီဗီအစီအစဉ်တွေမှာ မိုးလေဝသ ခန့်မှန်းချက်တွေနဲ့ ပတ်သက်ပြီး စာတမ်းထိုးတာတွေက ထိရောက်တယ်။ ဒီမှာ လူတွေက အဲဒါကိုပဲ ထိုင်ဖတ်နေကြတာ” ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သဘာဝဘေး စီမံခန့်ခွဲရေးအရာရှိ ဦးဇော်ထူးဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် မိုးလေဝသ ခန့်မှန်းချက်များကို အချိန်နှင့်တပြေးညီ ရနိုင်ရန်အတွက် အင်တာနက် သတင်းများကို အားကိုးနေရကြောင်း သိရသည်။
ယခုကဲ့သို့ အရေးပေါ် အခြေအနေမျိုးတွင် မိုးလေဝသ သတင်းများကို တိုက်ရိုက် ထုတ်လွှင့်ပေးနိုင်မည့် အစီအစဉ်များ လုပ်ထားသင့်ကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။
သူက “ မိုးလေဝသဋ္ဌာနမှာ တိုက်ရိုက်အသံလွှင့်ဋ္ဌာန တခုရှိသင့်တယ်။ အရေးပေါ်ကာလတွေမှာ သီးသန့် အထူးအစီအစဉ်နဲ့ တိုက်ရိုက်လွှင့်သင့်တယ်။ ရခိုင်မှာဆို ပဉ္စဝတီ FM လို ဒေသလွှင့် မီဒီယာတွေနဲ့ ချိတ်ဆက်ထားပြီး ထုတ်ပြန် ပေးသင့်တယ်” ဟု အကြံပြုသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မုန်တိုင်းနှင့်ပတ်သက်၍ ဒေသတွင်း ဋ္ဌာနဆိုင်ရာများ၏ သတိပေးချက်များမှာ မြန်ဆန်လာပြီး လူထု၏ လိုက်နာဆောင်ရွက်မှုနှင့် ကြိုတင်ပြင်ဆင်မှုလည်း အားကောင်းလာကြောင်း ဦးဇော်ထူးဦးက ပြောသည်။
မောင်တောမြို့မှ ဒေသခံတဦးက “ဒီမှာတော့ မုန်တိုင်းရှိတဲ့အကြောင်း အသံချဲ့စက်နဲ့ လိုက်သတိပေးနေတာတော့ ကြားရတယ်။ ဘာတွေဖြစ်နိုင်တယ်၊ ဘယ်လောက်ပြင်းနိုင်တယ် ဆိုတဲ့ အသေးစိတ်တော့ မသိဘူး” ဟု ဆိုသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့များ၏ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က သူ၏ facebook စာမျက်နှာတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သည် မုန်တိုင်းဒဏ် ကာကွယ်ရေးအတွက် မေလ ၁၂ ရက်နေ့က စပြီး ဒုက္ခသည်စခန်းများတွင် ယာယီတဲများနှင့် နေထိုင်နေရသော ဒုက္ခသည်များကို အခိုင်အမာ အဆောက်အဦးများသို့ ရွှေ့ပြောင်းရေး စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ယမန်နေ့က စစ်တွေမြို့ရှိ အိမ်ထောင်စု ၂၅၆ စု၊ လူဦးရေ ၂၆၂၈ ဦးကို စတင် ရွှေ့ပြောင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။
“မောင်တောနဲ့ တခြားမြို့နယ်များမှာလည်း အလားတူ ရွှေ့ပြောင်းမှုများ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ရွှေ့ပြောင်းမှုများ ပြုလုပ်ရာမှာ မြေအနေအထားနဲ့ အဆောက်အဦး အခြေအနေအရ မုန်တိုင်းကြောင့် ထိခိုက်မှုအန္တရာယ် ရှိနိုင်တဲ့ စခန်းများက ဒုက္ခသည်များကို ဦးစားပေး ဆောင်ရွက်ပေးနေ ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ကျန်ဒေသများမှာ သဘာဝဘေး ကာကွယ်ရေး အတွက် ဆောင်ရွက်နေမှု အခြေအနေများကို မြန်မာ့အသံ၊ ရုပ်မြင်သံကြားနဲ့ သတင်းစာများမှာ ဆက်လက် ထုတ်ပြန် ပေးသွားပါမယ်” ဟု ဦးရဲထွဋ်၏ facebook တွင် ယနေ့ ရေးသားထားသည်ကို တွေ့ရသည်။