မဟာစင် ဆိုင်ကလုန်း မုန်တိုင်း ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသများအတွက် အရေးပေါ်အခြေအနေတွင် အသုံးပြုမည့် စားနပ်ရိက္ခာနှင့် သောက်သုံးရေများ အဆင်သင့် စုဆောင်းထားပြီး ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရက ယနေ့နံနက်ပိုင်းက ကျင်းပသော အစည်းအဝေးတွင် ပြောကြားခြင်း ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ဥက္ကဋ္ဌ က ပြောသည်။
ယနေ့နံနက် ၁၀ နာရီတွင် ရခိုင်ပြည်နယ်အစိုးရက နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဘများကိုဖိတ်ကြားပြီး မုန်တိုင်းအတွက် ကြိုတင်ပြင် ဆင်ထားမှုများနှင့်ပတ်သက်၍ အသိပေးမှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပြသည်။
“ရိက္ခာနဲ့ ရေသန့် စုဆောင်းထားပြီလို့ ပြောတယ်။ ပြီးတော့ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်မသွားအောင် အဓိက လုပ်ထား တယ်တဲ့။ ဒုက္ခသည်တွေကိုတော့ ရွက်ဖျင်တဲတွေကနေ ဆောက်ပြီးသားအိမ်တွေကို ပြောင်းနေပြီလို့ ပြောတယ်။ ရုတ်တရက်ဖြစ် လာရင် ဘာလုပ်မယ်ဆိုပြီး ကော်မတီတွေ ဖွဲ့ထားတယ်လို့ ပြောတယ်”ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့သည် မုန်တိုင်းတိုက်ခတ်ပါက ဆက်လက်လုပ်ဆောင်နိုင်ရန် သတင်းနှင့်ပြန်ကြားရေး၊ လူမှုကယ်ဆယ် ရေး၊ ပြောင်းရွှေ့နေရာချထားရေး၊ ထိခိုက်ဒဏ်ရာရသူများကို မည်သို့ လုပ်ဆောင်မည်၊ ပစ္စည်းများကို မည်သို့ စုဆောင်းမည် စသည် တို့ကို တာဝန်ယူမည့် ကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်တွင် ၁၉၆၇ ခုနှစ်နောက်ပိုင်းက စတင်ပြီး မေလများတွင် နှစ်စဉ်မုန်တိုင်းဒဏ် ခံခဲ့ရသော်လည်း ကြိုတင်ပြင်ဆင်မှုနှင့် သဘာဝဘေး ကာကွယ်ရေးပစ္စည်းများ ပံ့ပိုးပေးမှု အားနည်းခဲ့ကြောင်း ဒေါက်တာအေးမောင် က ပြောဆိုသည်။
“မေလတွေမှာ တိုက်ခဲ့တဲ့ မုန်တိုင်းတွေက အကြိမ်များပြီ။ ဒါပေမယ့် ဆိုင်ကလုန်းရှယ်လ်တာ(မုန်တိုင်း ဒဏ်ခံ အဆောက်အအုံ) တွေ မရှိဘူး။ အခု ရခိုင်မှာ NGO တွေ လာကူညီနေတုန်း ကမ်းရိုးတန်းတလျှောက် ဆိုင်ကလုန်းရှယ်လ်တာ တွေ ဆောက်ပေးခဲ့ဖို့လိုတယ်။ ဒီရေထိန်း တာတမံတွေ ဆောက်ပေးဖို့ လိုတယ်။ ဒီရေတောတွေ ထိန်းဖို့ လိုတယ်။ ဒါတွေကို အစိုးရအဖွဲ့အနေနဲ့ ဆက် လုပ်ဖို့ အကြံပေးဆွေးနွေးခဲ့တယ်”ဟုလည်း ဒေါက်တာအေးမောင် က ဆိုသည်။
ရခိုင်ပြည်နယ်တွင် ၁၉၆၇ ခုနှစ်က တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် မြေပုံမြို့နယ်အတွင်းရှိ ကျွန်းများ ပင်လယ်ရေအောက်သို့ ရောက်ရှိကာ ကျွန်းပတ် တာတမံများ ပျက်စီးခဲ့ရပြီး ထိုတာတမံများကို ယနေ့တိုင်ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးကြောင်း ရခိုင် ကမ်းရိုးတန်းဒေသ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ သိရသည်။
၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက်နေ့ကလည်း ဂီရိ ဆိုင်ကလုန်း မုန်တိုင်းသည် ရခိုင်ပြည်နယ် အတွင်းရှိ ကျောက်ဖြူ၊ မြေပုံ၊ အမ်း၊ ပေါက်တော၊ မာန်အောင်၊ ရမ်းဗြဲ စသည့် ဒေသများကို တနာရီလျှင် မိုင် ၁၂၀ ဝန်းကျင်ဖြင့် တိုက်ခတ်ခဲ့သည်။ ၂၀၁၀ နိုဝင် ဘာ ၁၀ ရက်နေ့က ထုတ်ပြန်သော ကုလသမဂ္ဂ အစီရင်ခံစာအရ အဆိုပါ ဂီရိမုန်တိုင်းကြောင့် အိမ်ခြေပေါင်း နှစ်သောင်းခန့် ပျက်စီး ဆုံးရှုံးခဲ့ရပြီး လူဦးရေ တသိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ၂၀၀၆ ခုနှစ်တွင် တိုက်ခတ်ခဲ့သော မာလာမုန်တိုင်းကြောင့်လည်း ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ဂွမြို့နယ်တွင် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး ကမ်းသာယာ ကမ်းခြေရှိ ဟိုတယ်လုပ်ငန်းများ ရပ်နားခဲ့ရသည်။
ယခုရက်ပိုင်းအတွင်း မုန်တိုင်းဝင်ရောက်နိုင်သည်ဆိုသော ခန့်မှန်းချက်များကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြင်ဆင်မှုများ၊ အသိပေးချက်များနှင့် လူထု၏ သဘာဝဘေးဒဏ် ကာကွယ်ရေးအသိ တက်ကြွစိတ်များက အားရဖွယ်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။
ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မေ ၁၆ ရက်နေ့၌ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း ကမ်းခြေသို့ ဖြတ်ကျော် ဝင်ရောက် နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန က ခန့်မှန်းထားသည်။ အဝါရောင် အဆင့်သာ သတ်မှတ် ထားသော ယင်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်၊ တနင်္သာရီ ကမ်းရိုးတန်း တလျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရန်ခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးမည် ဖြစ်ကြောင်း၊ ရေပြင်မြေပြင် လေသည် တနာရီ လျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ကမ်းခြေဒေသများဆီသို့လည်း ဝင်ရောက်နိုင်ကြောင်း အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
အိန္ဒိယ သတင်း တပုဒ်တွင်လည်း ဘင်္ဂလားပင်လယ်အော်၌ စတင်ဖြစ်ပေါ်ခဲ့သည့် ယင်း မုန်တိုင်းသည် အားနည်းသွားပြီ ဖြစ်ပြီး အနောက်မြောက် ယွန်းယွန်း၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နယ်စပ်တလျှောက် ဖြတ်သန်း ရွေ့လျားဖွယ် ရှိကြောင်း ဖော်ပြ ထားသည်။ ဆက်သွယ်ရေး ဂြိုဟ်တုမှ ရရှိသည့် ပုံများအရ မုန်တိုင်းကို အားဖြည့်ပေးသည့် တိမ်ထူထပ်မှု နည်းပါးသွားပြီး မုန်တိုင်းလည်း အားနည်းသွားပြီ ဖြစ်ကြောင်း အိန္ဒယ ဒေသတွင်း မိုးလေဝသ ညွန်ကြားရေးမှူး S K Dastidar က ပြောဆိုသည်ဟု ဆိုသည်။